အပိုင်း ၁၁၁
Viewers 1k

အခန်း (၁၁၁)

 ငါ့ရဲ့နာမည်ဂုဏ်သတင်းတွေ ပျက်စီးသွားပြီလား

 

ဧည့်ခန်းတစ်ခုလုံး အလွန် ရှက်စရာ ကောင်းလောက်အောင် တိတ်ဆိတ် ငြိမ်သက် သွားခဲ့သည်။

 

စုယုရွှမ်ဟာ တိတ်ဆိတ်မှုကို ချိုးဖျက်ပြီး အဘိုးချန်ကို ထွက်ပေါက်ပေးဖို့ စဉ်းစားနေချိန်မှာပဲ မီးဖိုချောင်ထဲက စွဲမက်ဖွယ် ကောင်းတဲ့ ဟင်းလျာရနံ့တွေဟာ ဧည့်ခန်းထဲသို့ စိမ့်ဝင်လာခဲ့ပြန်သည်။

 

တစ်စုံတစ်ယောက်ရဲ့ ဗိုက်ထဲကနေ နောက်ထပ် အော်မြည်သံတစ်ခု ထွက်ပေါ်လာပြီး အရင်ကထက် ပိုမို ပြင်းထန် လာခဲ့သည်။

 

ကျန်တဲ့သူတွေကတော့ “...”

 

အဘိုးချန် “...” ငါ့နာမည် ဂုဏ်သတင်းတွေက ဘယ်ရောက် သွားပြီလဲ။

 

“အဟွတ်... အဟွတ်” နောက်ဆုံး၌ မစ်စတာစုက တိတ်ဆိတ်မှုကို ချိုးဖျက်လိုသည့် ရည်ရွယ်ချက်ဖြင့် ချောင်းဆိုးကာ စုယုရွှမ်အား အဓိပ္ပါယ် အပြည့်ပါဝင်သော အကြည့်တစ်ချက် ပေးလိုက်သည်။

 

“ယုရွှမ် မင်း ယန်ယန့်ကို သွားပြောချေ။ သူမ အခု ချက်ပြုတ်နေတာ ကြာပြီ၊ ညစာစားဖို့ အဆင်သင့် ဖြစ်နေပြီလားလို့ မြန်မြန်မေးလိုက်ချေ”

 

စုယုရွှမ်သည် ဆိုလိုသည့် အဓိပ္ပါယ်ကို နားလည်ပြီး မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။

 

ယခု ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာအား အခြားမည်သူ တစ်ဦးတစ်ယောက်ကမျှ အစဖော်ခြင်း မရှိသော်လည်း အနည်းငယ် ရှက်ရွံ့နေသေးသော အဘိုးအိုချိန်သည် မျက်နှာလွှဲကာ စကားပြောဆိုခြင်း မပြုတော့ပေ။

 

မသိစိတ်ကသာ မီးဖိုချောင်ဖက်ကို လှမ်းကြည့်လိုက်ပြီး သူ့ကို သစ္စာဖောက်ခဲ့သည်။

 

ချိန်ရှုချင်နဲ့ တခြားသူတွေက သူ့ရဲ့ စိတ်နေစိတ်ထားကို သိတဲ့အတွက် သူတို့က ဒါကို မဖော်ထုတ်ပဲ အပြုံးမပျက် ထိန်းထားနိုင်ခဲ့ကြသည်။

 

 

စုယုရွှမ်က မီးဖိုချောင် အဝသို့ ရောက်သော အခါတွင် အစားအသောက် ပန်းကန်တွေကို သယ်ဆောင်လာတဲ့ စုယန်ယန်နဲ့ တန်းတိုးခဲ့သည်။ သူ့မျက်ဝန်းတွေက တလက်လက် တောက်ပလာပြီး “နင် ချက်ပြုတ်ပြီးပြီလား” လို့ အံ့အားသင့်စွာ ပြောလိုက်သည်။

 

စုယန်ယန်က သူ့ကို ဗလာအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

 

“အင်း၊ အစ်ကိုက ဘာလို့ ဒီနေရာကို ရောက်နေတာလဲ”

 

“နင် ချက်ပြုတ်နေတဲ့ ဟင်းလျာရနံ့တွေက အရမ်းမွှေးပြီး ငါတို့ရဲ့ စားချင်စိတ်တွေကို နှိုးဆွစေခဲ့တယ်။ အဘိုးနဲ့ တခြားသူတွေလည်း ဗိုက်ဆာနေ အတွက် နင် ချက်ပြုတ်လို့ ပြီးပြီလား မေးဖို့ ငါ့ကို လွှတ်လိုက်တာပဲ။ နင်သာ ချက်ပြုတ် မပြီးသေးဘူးဆိုရင် ငါတို့ ဗိုက်ဆာလွန်းလို့ သေသွားနိုင်တယ်”

 

“အရမ်းချဲ့ကား ပြောဆိုတာပဲ”

 

စုယန်ယန်ကို ပြုံးရယ် သွားစေသည်။

 

 “ကောင်းပြီ၊ ဒီညစာအတွက် ညီမလေး အများကြီး ချက်ပြုတ် ပြင်ဆင်ထားတယ်။ မီးဖိုချောင်ထဲမှာပဲ ဟင်းလျာနည်းနည်း ရှိနေသေး...”

 

စုယန်ယန်ရဲ့ စကားမဆုံးခင်မှာပင် ကြားဖြတ် အပြောခံလိုက်ရသည်။

 

“ငါ သွားယူပေးမယ်၊ ငါ သွားယူပေးမယ်။ နင် အခု အပြင်ကိုထွက်ပြီး ထိုင်နေတော့၊ ကျန်တဲ့အလုပ်တွေကို ငါ့လက်ထဲ အပ်ခဲ့လိုက်”

 

စုယန်ယန်သည် သူမအစ်ကိုဖြစ်သူက စိတ်အား ထက်သန်နေတာကို မြင်တော့ မငြင်းဆန်တော့ပဲ လက်ထဲမှ ပန်းကန်နှစ်လုံးနှင့် အရင်ထွက်သွားခဲ့သည်။

 

“ညစာစားဖို့ အသင့်ဖြစ်ပြီ”

 

စုယန်ယန်ရဲ့ သတင်းပို့ချက်ကြောင့် မိသားစုဝင်များသည် သူတို့ ကိုင်ထားသော သတင်းစာ၊ စာအုပ်၊ ရီမုဒ်ကွန်ထရိုးတို့ကို ချက်ချင်းချကာ ထမင်းစားပွဲ၌ တတ်နိုင်သမျှ အမြန်ဆုံး အရှိန်ဖြင့် ဝင်ထိုင်ကြသည်။ သူတို့သည် ရက်ပေါင်းများစွာ အစာမစားရသေးသည့် ဝံပုလွေတွေအလား စားပွဲပေါ်ရှိ ဟင်းလျာပန်းကန်များကို စိုက်ကြည့်နေကြသည်။

 

“ဒီဆန်ပြုတ်က အဘိုးအတွက် အထူး ချက်ပြုတ်ထားတာ။ ပြောင်းဆန်က အဖိုးရဲ့ အစာချေဖျက်မှုကို အထောက်အကူပြုပြီး ဖရုံသီးကတော့ အဆိပ်အတောက်တွေကို ဖယ်ရှား ပေးနိုင်တယ်၊ ဒါ့ကြောင့် အဘိုး ဒီဆန်ပြုတ်ကို ဒီည များများ စားသင့်တယ်”

 

စုယန်ယန်သည် စုယုရွှမ် သယ်ဆောင်လာတဲ့ ရွှေဖရုံသီး ဆန်ပြုတ်ကို ယူပြီး အဘိုးချိန် ရှေ့မှောက်သို့ အပြုံးလေးဖြင့် ချပေးလိုက်သည်။

 

အဘိုးချိန်သည် သူ့အတွက်သာ အထူးချက်ပြုတ် ထားသည့် ဆန်ပြုတ်ကို ကြည့်ပြီး ဂုဏ်ယူ ဝင့်ကြွားစွာ ပြုံးလိုက်သည်။ သူ့အပြုံးရဲ့ အဓိပ္ပာယ်မှာ ‘မင်းတို့ မြင်လား မင်းတို့ မြင်လား၊ ငါ့မြေးမလေးရဲ့ နှလုံးသားထဲမှာ ငါ သူ့အတွက် ဦးစားပေး နေရာမှာရှိပြီး ငါ့က အရေးပါဆုံးပဲ။ မင်းတို့အားလုံး ငါ့နောက်မှာ တန်းစီနေတာ အကောင်းဆုံးပဲ’

 

ချိန်ရှုချင်နဲ့ တခြားသူတွေက အနည်းငယ် မနာလိုဖြစ်မိသော်လည်း အဘိုးချိန်သည် သူတို့ အားလုံးထဲတွင် အသက် အကြီးဆုံးဖြစ်၍ ဒီကိစ္စအတွက် သူ့ကို တိုက်ခိုက်မည် မဟုတ်ပေ။

 

ပြင်ဆင်ထားသော အစာအစားများမှာ ဟင်းလျာလေးမျိုး၊ စွပ်ပြုတ်နှစ်မျိုးနှင့် အချိုပွဲတစ်ပွဲတို့ ဖြစ်ကာ လူခြောက်ယောက်အတွက် အရမ်းနည်းပုံရသည်။

 

ကံကောင်း ထောက်မစွာဖြင့် ဟင်းပွဲများစွာ မရှိသော်လည်း ထမင်းစားပွဲပေါ်တွင် ဟင်းလျာ တစ်မျိုးစီ၏ ပမာဏမှာ အလွန် များပြားနေသေးသည်။ လူတိုင်း စိတ်ကျေနပ်စွာ စားသောက်ကြပြီး အထူးသဖြင့် အဘိုးအိုချိန်က ပိုမိုစိတ်ကျေနပ်သည်။

 

“ဒီခရမ်းချဉ်သီးက အရမ်း အရသာရှိတယ်။ ချိုချိုချဉ်ချဉ်လေးနဲ့ ငါ့အစာ စားချင်စိတ်ကို ဖြစ်ပေါ်စေတယ်”

 

စုယန်ယန်က ပြုံးရယ်မိသည်။

 

“ခရမ်းချဉ်သီးထဲမှာ ဗီတာမင်တွေ ကြွယ်ဝစွာ ပါဝင်ပြီး သွေးတိုးနဲ့ ကိုလက်စထရောကို လျှော့ချပေးတယ်၊ ကင်ဆာနဲ့ လေဖြတ်တာကိုလည်း ကာကွယ်ပေးတယ်၊ အဘိုးရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေနဲ့လည်း ကိုက်ညီတယ်။ အဘိုး ဒါကိုကြိုက်ရင် များများစား၊ သမီး အဘိုးအတွက် ထပ်ချက်ပေးမယ်”

 

“ခရမ်းချဉ်သီးတွေမှာ အကျိုးကျေးဇူး အများကြီး ရှိတယ် ဆိုတာကို ငါ ဘယ်တုန်းကမှ မသိခဲ့ဘူး”

 

အဘိုးချိန်က ပျော်ရွှင်စွာ ရယ်မောပြီး အားတက်သရော ခေါင်းညိတ်သည်။

 

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်၊ ငါတို့ယန်ယန်က လူကြီးတွေအပေါ် အသိတတ်ဆုံးနဲ့ အဘိုးကိုလည်း အရမ်းချစ်တယ်။ အဘိုးက ယန်ယန်ရဲ့ နောက်ထပ် ချက်ပြုတ်‌ကျွေးမယ့် ဟင်းလျာကို မစောင့်နိုင်တော့ဘူး”

***