အပိုင်း ၁၁၅
Viewers 884

အခန်း (၁၁၅)

 အရာအားလုံး မင်းအတွက်ပါပဲ

 

ဟောက်ချန်ဟွမ်းသည် စုယန်ယန်ထံမှ ဗီဒီယိုဖုန်း ခေါ်ဆိုမှုကို လက်ခံရရှိသည့် အတွက် အရမ်း ဝမ်းသာသွားသည်။ သို့သော်လည်း စုယန်ယန်ရဲ့ ငိုသံကို ကြားလိုက် ရပြီးနောက် သူ့မျက်နှာဟာ ပျက်ယွင်း သွားသည်။

 

“ဘာဖြစ်လို့လဲ။ မင်းကို ဘယ်သူ အနိုင်ကျင့်တာလဲ”

 

သူတို့ လမ်းခွဲပြီးတော့ စုယန်ယန်က သူမရဲ့အဘိုးဖြစ်သူ ရောက်နေသည့် အတွက် အိမ်ပြန်မယ်လို့ ပြောခဲ့တာကို အမှတ်ရ လိုက်သည်။ ဟောက်ချမ်ဟွမ်းသည် သူ့ရင်ထဲ လှုပ်ခတ်သွားကာ မဝံ့မရဲ မေးသည်။

 

“မင်းအဘိုးက မင်းကို တစ်ခုခု ပြောလိုက်လို့လား။ ကိုယ့်အတွက်ကြောင့် မင်း အပြစ်တင် ခံရလို့လား”

 

“မဟုတ်ပါဘူး”

 

 ဟောက်ချန်ဟွမ်းက အထင်လွဲနေတာကို မြင်လိုက်ရတော့ စုယန်ယန်ဟာ သူမခေါင်းကို အလျင်အမြန် ခါယမ်း လိုက်သည်။

 

“ကျွန်မ အဘိုးက ရှင်ထင်သလောက် မဆိုးပါဘူး။ သူက ရှင်နဲ့တွေ့ဖို့ တစ်ရက် ချိန်းလိုက်ဖို့ ကျွန်မကို ပြောထားတယ်။ ကျွန်မ အဆင်ပြေပါတယ်၊ အခု နည်းနည်း စိတ်လှုပ်ရှား နေမိရုံလေးပါပဲ”

 

“စိတ်လှုပ်ရှားနေတာလား”

 

စုယန်ယန်သည် သူမပါးစပ်ကို ဖွင့်ဟကာ တစ်ခုခုကို ပြောလိုက်ချင်ပေမယ့် ရုတ်တရတ် ရပ်တန့် သွားသည်။ သူမက အသက်ပြင်းပြင်းရှူပြီး ဝမ်းမြောက် ဝမ်းသာစွာ ဆက်ပြောသည်။

 

 “ဟုတ်တယ်၊ အရင်ကတော့ ကျွန်မတို့ကို ကျွန်မရဲ့ မိသားစုဝင်တွေ ကောင်းချီး မပေးရင် ဆိုပြီး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ ကြိုတင် ပြုလုပ်ခဲ့ပေမယ့် ကျွန်မ ဒါကို စိတ်ထဲမှာ အမြဲရှိနေခဲ့တယ်။ ဒါပေမယ့် သူတို့က ကျွန်မကို ခြွင်းချက်မရှိ နားလည် ပံ့ပိုးပေးနေတာကို မြင်လိုက်ရတော့ ကျွန်မကို စိုးရိမ်ပူပန်နေတဲ့ သူမရဲ့စိတ်ကို ကျွန်မကသာပဲ နားလည်မှု လွဲနေတာမှန်း နားလည် သဘောပေါက် သွားမိတယ်”

 

“အထူးသဖြင့် ကျွန်မရဲ့အဘိုးပေါ့။ ကျွန်မ ငယ်ငယ်တုန်းက ကျွန်မ မိဘတွေက စီးပွားရေး လုပ်ငန်းတွေ စတင်ကာစ ဖြစ်လို့ ကျွန်မကို ဂရုစိုက်ဖို့ အချိန်မရှိကြဘူး။ ကျွန်မကို အဘိုး တစ်ယောက်တည်းကပဲ ကျွေးမွေးပြုစု ပျိုးထောင်ပေးခဲ့။ အခုအချိန်မှာ ကျွန်မကို နားလည်မှုနဲ့ ပံ့ပိုးမှုတွေကို ပေးခဲ့ပြန်တော့ ကျွန်မ ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးတွေ ပြေလျော့သွားသလို ခံစားရပြီး ကျွန်မ အရမ်း ပျော်သွားတယ်”

 

စုယန်ယန်သည် အမှန်အတိုင်း ပြောနေသော်လည်း ဟောက်ချန်ဟွမ်းက သူမ သူ့ကို တစ်စုံတစ်ရာကို ဖုံးကွယ်ထားသည်ဟု ခံစားမိနေသေးသည်။ သို့သော်လည်း သူက ဒီကိစ္စကို ဆက်လက် မမေးမြန်းတော့ပဲ အကျိုးအကြောင်းအား နားလည်အောင် ရှင်းပြပေးရန် ပြောခဲ့သည်။

 

နှစ်ပေါင်းများစွာ ကြာမြင့် သွားသော်လည်း မစ်စတာစုရဲ့ အကြိုက်များကို မှတ်မိသိနေဆဲ ဖြစ်သည့် စုယန်ယန်လိုမျိုး သူကလည်း စုယန်ယန်ကို နှစ်ပေါင်းများစွာ သဘောကျ နှစ်သက်ခဲ့၍ သူမ ဒါကို မပြောချင်မှန်း နားလည် သဘောပေါက်မိသည်။

 

ဟောက်ချန်ဟွမ်းက စုယန်ယန် ဘာဖြစ်နေတာမှန်း အရမ်း သိချင်နေပေမယ့် တိတ်တိတ်နေဖို့ သူ့ကိုယ်သူ အတင်းအကျပ် ဖိအားပေးခဲ့သည်။

 

စုယန်ယန်က သူ့ကို အရမ်းလွှမ်းမိုး ချုပ်ကိုင်လွန်းပြီး အာဏာရှင် ဆန်လွန်းတယ်လို့ ခံစားရတာမျိုးကို သူ မလိုချင်ပေ။ ဒါ့ကြောင့် သူက သူမကို သီးသန့် ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့် အချို့ ပေးထားခဲ့သည်။

 

“သူတို့က မင်းကို အရမ်းကြင်နာတာပဲ၊ အဲ့တာကြောင့် လုံးဝ ကျိုးကြောင်း ဆီလျော်မှု မရှိရင်တောင် မင်း သူတို့ရဲ့အမြင်တွေကို ဂရုစိုက်ပေးသင့်တယ်”

 

 ဟောက်ချန်ဟွမ်းက ပြောရင်း ခဏလောက် ရပ်တန့်သွားသည်။

 

“ကိုယ်က မင်းကို အရှက်ရစေတဲ့အတွက် တောင်းပန်ပါတယ်”

 

“ဘာအဓိပ္ပါယ် မရှိတာတွေ ပြောနေတာလဲ။ ဒါက ကျွန်မရဲ့ ကိုယ်ပိုင် ရွေးချယ်မှုပဲ။ နောက်ပြီး ရှင်က ကျွန်မကို အရှက်ရစေတယ် ဆိုတာ ဘာကို ဆိုလိုတာလဲ။ ကျွန်မ ရှင့်ကို ရွေးချယ်လိုက်တာကို ရှက်ရွံ့စရာလို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ ရှင်က ကိုယ့်ကိုယ်ကို နည်းနည်းလေး လောက်တောင် ယုံကြည်ချက် မရှိဘူးလား”

 

ဟောက်ချန်ဟွမ်းသည် စုယန်ယန်ရဲ့ မျက်ဝန်း တစ်စုံအား စိုက်ကြည့်ပြီး မည်သည့် စကားကိုမျှ မဆိုချေ။

 

စုယန်ယန်သည် သူ့မျက်နှာကို ကြည့်လိုက်ရုံဖြင့် အဓိပ္ပါယ်များစွာကို ဖတ်ရှုနိုင်သည်။ သူမ နှလုံးသား အောက်ခြေမှာ မြှုပ်နှံထားဖို့ ရည်ရွယ်ထားတဲ့ စကားလုံးတွေက မသိစိတ်ကနေ ထွက်ပေါ်လာပြီး သူမက ပြောလိုက်သည်။

 

“ချန်ဟွမ်း၊ ကျွန်မ... မေးချင်တာက၊ ရှင့်ခြေထောက်ကို ကုသဖို့ နည်းလမ်းရှိရင် ရှင် ကုသချင်လား...”

 

“ဒါက မင်းကို စိတ်အနှောင့်အယှက် ဖြစ်စေလို့လား”

 

“ဘာကိုလဲ”

 

ဟောက်ချန်ဟွမ်းရဲ့ အာရုံစိုက်မှုဟာ အနည်းငယ်မှာ လျော့ကျ သွားသည်မှာ သိသာထင်ရှား လှသည်။ သူက စုယန်ယန်ကို လေးနက် တည်ကြည်စွာ စိုက်ကြည့်ပြီး စကားလုံး တစ်လုံးချင်းစီကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။

 

“ကိုယ့်ခြေထောက်တွေက ဒီလို အခြေအနေမျိုးပဲလေ။ ဒါကို မင်း စိတ်အနှောင့်အယှက် ဖြစ်လို့လား”

 

စုယန်ယန်ဟာ ခဏလောက် ထိတ်လန့် တုန်လှုပ်သွားပြီး သူမ အားကိုးရာမဲ့ကာ အသည်းနှလုံး ကွဲကြေသွားသလိုမျိုး ခံစားလိုက်ရသည်။

 

“ဒါက ကျွန်မကို လုံးဝ စိတ်အနှောင့်အယှက် မဖြစ်ပါဘူး။ ရှင် ဘာပဲဖြစ်နေနေ ရှင်က ဟောက်ချန်ဟွမ်း ဖြစ်နေသရွေ့ ကျွန်မ လက်သင့်ခံနိုင်တယ်။ ရှင်က ကျွန်မ ပြောတာကို နားလည်မှု လွဲသွားတဲ့ပုံပဲ။ ကျွန်မ ဆိုလိုချင်တာက၊ အကယ်၍... အကယ်၍ ရှင့်ခြေထောက်တွေ ပြန်ကောင်းဖို့ ကုသနိုင်တဲ့ နည်းလမ်းရှိရင် ရှင် စမ်းသုံးကြည့်ချင်လားလို့”

 

ဟောက်ချန်ဟွမ်းသည် စုယန်ယန်ရဲ့ မျက်ဝန်းများထဲမှ မျှော်လင့်ချက် အရိပ်အယောင်များကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး သူ့နှလုံးသားလေး အနည်းငယ် တုန်ယင်သွားကာ “ကိုယ် ကြိုးစားကြည့်ချင်ပါတယ်” ဟု အက်ကွဲစွာ ပြောလိုက်သည်။

 

ဖြစ်နိုင်ရင် သူကရော ဟိုဟိုဒီဒီ သွားလာဖို့ တခြား လူတစ်ယောက်ရဲ့ အကူအညီကို လိုအပ်နေတဲ့ အသုံးမကျတဲ့ လူတစ်ယောက်လို ဘယ်သူက ဖြစ်ချင်နေပါ့မလဲ။

 

သူပြောလိုက်တဲ့ စကားတွေကို ကြားကြားချင်း စုယန်ယန်ရဲ့ မျက်ဝန်းတွေက ချက်ချင်း နီရဲသွားခဲ့သည်။

 

“ရှင့်ကို ကျွန်မကုသပေးဖို့ အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်လို့ ကျွန်မ ကတိပေးပါတယ်”

 

ဟောက်ချန်ဟွမ်းသည် သူမရဲ့ စကားများကြောင့် အံ့အားသင့် သွားကာ သူ့ပါးစပ်ထောင့်စွန်းများ အနည်းငယ် ကွေးညွှတ် သွားခဲ့ပြီး နူးညံ့သော အသံလေးဖြင့် “ကောင်းပြီ” ဟု ပြောလိုက်သည်။

 

စုယန်ယန်က သူမကို ကလေး တစ်ယောက်လို သဘောထားပြီး ချော့မော့လိုသည့်ဟန် ဆိုလိုက်သည့် သူ့အသံကြောင့် ရယ်ကာ မောကာဖြင့် ပြောလိုက်သည်။

 

 “ကျွန်မက ဘာလုပ်မယ် မှန်းတောင် ရှင်က မသိရသေးဘူး၊ ဒါကိုတောင် ရှင်က သဘောတူ လိုက်တယ်ပေါ့”

 

“မင်းဖြစ်နေသရွေ့ အကုန် လက်ခံနိုင်တယ်”

 

သူမ ဘာပဲပြောပြော သူ သူမကို ယုံကြည်သည်။ သူမက သူ့ကို ပျော်ရွှင်စေရန် တမင်တကာ လိမ်ညာပြောဆိုတာ ဖြစ်လျှင်တောင် သူ အရာအားလုံးကို လက်ခံပေးရန် ဆန္ဒရှိသည်။

 

***