အပိုင်း ၁၂၂
Viewers 1k

***

အခန်း (၁၂၂)

 အစမ်းသပ်ခံလူ

 

အခန်းအတွင်းရှိ လေထုပြောင်းလဲမှုကို ခံစားမိလိုက်သလိုပင် နျဉ်စစ်ယွမ်သည် တိတ်ဆိတ်မှုကို ညင်သာစွာ ချိုးဖျက်ခဲ့ပြီး သူ့ညီငယ်အား အရှက်ရစရာ အခြေအနေမှ ဆွဲထုတ်ပေး လိုက်သည်။

 

“အဟွတ်... အဟွတ်... ချီလွေ့ရဲ့ နာမကျန်းမှုကြောင့် မစ်စုကို ဒီနေ့ ဒီကိုလာဖို့ ဖိတ်ခေါ်ခဲ့တာပါ။ မစ်စုတို့ ပထမဆုံး တွေ့တွေ့ချင်းမှာပဲ ချီလွေ့ရဲ့ ကျန်းမာရေး မူမမှန်တာကို မစ်စုက သတိပြုမိပြီးတော့ သူ့ကို ကျန်းမာရေး စစ်ဆေးကြည့်ဖို့ အကြံပေးတယ်လို့ ကျွန်တော်ကြားတယ်”

 

“ဟုတ်တယ်၊ အဲ့တာ အမှန်ပါပဲ”

 

နျဉ်စစ်ယွမ်ရဲ့ မျက်လုံးတွေက တောက်ပ သွားခဲ့သည်။

 

“ကျွန်တော့် ညီငယ်နဲ့ ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေတယ် ဆိုတာကို မစ်စု ဘယ်လိုလုပ်ပြီး ပြောနိုင်တာလဲ”

 

“ကျွန်မက တရုတ်ဆေးပညာကို လေ့လာ သင်ယူခဲ့တယ်၊ တရုတ်ဆေးပညာရဲ့ ရောဂါရှာဖွေရေး နည်းလမ်း လေးခုဖြစ်တဲ့ စူးစမ်းလေ့လာခြင်း၊ အသံနားထောင် စစ်ဆေးခြင်းနဲ့ အနံ့ခံခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ လက်ဖြင့် စမ်းသပ် စစ်ဆေးခြင်းတို့ကို အလေးထားတယ်။ စူးစမ်း လေ့လာခြင်းမှာ လူနာရဲ့ မျက်နှာကို ကြည့်ရှုပြီးတော့ သူတို့ရဲ့ ကိုယ်တွင်း အင်္ဂါတွေ ကျန်းမာလား မကျန်းမာဘူးလား ဆိုတာကို အကဲဖြတ်ပြီး လူနာရဲ့ ကျန်းမာရေး အခြေအနေကို အဆုံးအဖြတ် ပေးတယ်”

 

“တရုတ် တိုင်းရင်းဆေးလား”

 

စုယန်ယန်သည် နျဉ်စစ်ယွမ် စိတ်ရှုပ်ထွေးမယ် ဆိုတာကို မျှော်လင့် ထားခဲ့ပြီးသားပင် ဖြစ်သည်။ အကြီးအကျယ် ရွှေ့ပြောင်း နေထိုင်မှု အပြီးတွင် သူတို့နေထိုင်ရာ ကမ္ဘာမှာ တရုတ်ဆေးဖက်ဝင် အပင်အများစုဟာ မျိုးသုဉ်းသွားခဲ့ပြီး တရုတ်ဆေးပညာ အများစုဟာလည်း ပျောက်ကွယ် သွားခဲ့သည်။

 

 

“ဒါက ရှင်းပြဖို့ နည်းနည်း ခက်ခဲတယ်။ လူပြိန်းနည်းအရ ပြောရရင် လူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေက အပြန်အလှန် ဆက်စပ်နေတယ်။ ခန္ဓာကိုယ် အတွင်းပိုင်းမှာ ပြဿနာရှိရင် မျက်နှာပြင်ပေါ်မှာ ရောဂါ လက္ခဏာတွေက မလွှဲမရှောင်သာ ပေါ်လာလိမ့်မယ်။ အစပိုင်းမှာတော့ ရှင့်ခန္ဓာကိုယ်က သိပ်အဆင်မပြေသလို ခံစားရလိမ့်မယ်၊ ဒါကို ရှင်က မသိနိုင်ပေမယ့် ရှင့်ခန္ဓာကိုယ် အတွင်းပိုင်းကတော့ ဒါကို သိတယ်။ ရှင် ဒါကို သတိပြုမိ ချိန်မှာတော့ ရှင့်ခန္ဓာကိုယ် အပြင်ဘက်မှာ သတိပေးတဲ့ လက္ခဏာတွေ ပေါ်ထွက်နှင့်ပြီးသား ဖြစ်နေလိမ့်မယ်”

 

နျဉ်စစ်ယွမ်သည် သူမ၏ ရှင်းပြချက်ကို လက်ခံခဲ့သည်။ သူက မျက်မှောင်ကြုတ်ပြီး မေးသည်။ “ဒါဆို မစ်စု ဆိုလိုချင်တာက လူတစ်ယောက်ရဲ့ မျက်နှာကိုကြည့်ပြီး ခန္ဓာကိုယ် အတွင်းပိုင်းမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကို မစ်စုကို ပြောနိုင်တယ်ပေါ့”

 

“ဟုတ်တယ်”

 

“ဒါကို မစ်စု ကျွန်တော့် ခန္ဓာကိုယ်မှာ တစ်ခုခု မှားယွင်းနေလား ဆိုတာကို ကြည့်ပေးနိုင်မလား”

 

စုယန်ယန်က သူ သူမကို စမ်းသပ်နေမှန်း သိလိုက်သည်။ သူမ၏ နှုတ်ခမ်း ထောင့်စွန်းလေးများ ကွေးညွှတ်သွားပြီး ပေါ့ပေါ့ပါးပါး ပြောသည်။

 

“နျဉ်သခင်လေးရဲ့ အသက်ရှူနှုန်းက သာမန်လူတွေထက် ပိုတိုပြီး ပိုခက်ခဲတယ်။ ရှင် မွေးကတည်းက ပန်းနာရင်ကျပ် ဖြစ်နေတာ ဖြစ်ရမယ်”

 

စုယန်ယန်၏ စကားလုံးတွေက ဒီနေရာမှာ ရှိနေသော လူအချို့နှင့် အထူးသဖြင့် နျဉ်ချီလွေ့၏ မျက်နှာအမူအရာကို ပြောင်းလဲ သွားစေသည်။

 

သူ့အစ်ကိုကြီးက မွေးကတည်းက ပန်းနာရင်ကျပ် ရောဂါရှိမှန်းကို သူ့ထက် ဘယ်သူမှ ပိုမသိနိုင်ဘူး။ ရောဂါ အခြေအနေက ‌သေစေနိုင်လောက်သည် အထိ မဆိုးရွားပေမယ့် ပြင်းထန်နေတယ်လို့ ဆိုနိုင်ဆဲပင်။

 

သူ့ညီငယ်နဲ့ ယှဉ်လိုက်ရင် နျဉ်စစ်ယွမ်က ပိုတည်ငြိမ်သည်။ သူ့ရဲ့ ပန်းနာရင်ကျပ် ရောဂါအကြောင်းကို လူတော်တော်များက မသိကြပေမယ့် ဒါက လျှို့ဝှက်ချက် တစ်ခုတော့ မဟုတ်ဘူး။ စုယန်ယန်က သူ့ကို ဒီလို ပြောပြနိုင်တာကို သူ့အနေဖြင့် အထွေအထူး သိပ်မခံစားရပေ။

 

စုယန်ယန်က ဒါကို ရှင်းရှင်းလင်းလင်း နားလည်ပြီး ဆက်လက် ပြောပြသည်။ “ဒါ့အပြင် ရှင့်အစာအိမ်က သိပ်မကျန်းမာဘူး။ ရှင် အခုတလော မကြာခဏ ဗိုက်အောင့်တယ်၊ မဟုတ်လား”

 

နျဉ်စစ်ယွမ်ရဲ့ မျက်ဝန်းအိမ်ဟာ ကျဉ်းမြောင်းသွားကာ နောက်ဆုံး၌ သူ့ရှေ့မှ လူပုဂ္ဂိုလ်ကို အလေးအနက် သဘောထား လိုက်သည်။

 

“အစ်ကိုကြီး၊ မင်းအစာအိမ်က...”

 

နျဉ်ချီလွေ့သည် သူ တွေ့ကြုံ ခံစားရပြီးနောက် တကယ်ကို ကြောက်ရွံ့ သွားခဲ့သည်။ သူက စုယန်ယန်ကို သနားစရာ အကြည့်ဖြင့် ကြည့်ကာ စိုးရိမ်တကြီး မေးမြန်းသည်။

 

“ငါ့အစ်ကိုကြီးရဲ့ အစာအိမ်ရောဂါ လက္ခဏာက ပြင်းထန်လား။ သူ့ကို ကျန်းမာရေး စစ်ဆေးဖို့ရော လိုအပ်လား”

 

စုယန်ယန်သည် ဟက်ဟက်ပက်ပက် ရယ်မော လိုက်သည်။ နျဉ်ချီလွေ့သည် သူမကို ဗလာမျက်ဝန်းဖြင့် စိုက်ကြည့်နေပြီး သူ့မျက်နှာဟာ တဖြည်းဖြည်း အရောင်ရင့် လာခဲ့သည်။

 

လွန်ခဲ့သောရက် အနည်းငယ်ခန့်မှ လွန်ခဲ့သော မိနစ်ပိုင်းကအထိ လူတစ်ဖက်သားကို မေးခွန်းထုတ်၊ သံသယဝင်ပြီး စိတ်ဆိုးနေသော လူသည် အခုအချိန်တွင် လုံးဝ ကွဲပြားခြားနားသော လူတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး နျဉ်ချီလွေ့၏ မျက်နှာဟာ ရှက်ရွံ့စိတ်ကြောင့် တောက်လောင် လာသလို ခံစားလိုက်ရသည်။

 

စုယန်ယန်က သူ့ကို အရှက်မရစေပဲ သူမ၏ အမြင်ကို ပြတ်ပြတ်သားသား ပေးခဲ့သည်။

 

“လောလောဆယ်တော့ ဒါက သိပ်မဆိုးသေးပါဘူး၊ အပျော့စား အစာအိမ် ရောင်ရမ်းမှုပါပဲ၊ ဒါပေမယ့် အခု ရောင်ရမ်းနေပြီ ဆိုတော့ ဒါကို ဂရုတစိုက် သတိထားရမယ်၊ ကိုယ့်ကိုယ်ကို ဂရုမစိုက်ဘူး ဆိုရင် ပိုမိုရောင်ရမ်းလာပြီး ဖြေရှင်းဖို့ ခက်ခဲ သွားလိမ့်မယ်”

 

နျဉ်ချီလွေ့သည် သက်ပြင်း တစ်ချက်ချကာ သူ့အစ်ကိုကြီးကို လှည့်ကြည့်ပြီး နားပူနာဆာ လုပ်သည်။

 

“အစ်ကိုကြီး ဒါကို ကြားတယ်မလား။ အစ်ကိုကြီးရဲ့ အစာအိမ်ကို သေသေချာချာ ဂရုစိုက်သင့်တယ်၊ အခု မင်းရဲ့ ကျန်းမာရေးကို ဂရုမစိုက်ပဲ မနေသင့်ဘူး”

 

နျဉ်စစ်ယွမ် “...” သူက သူ့ညီငယ်လေးကို ရောဂါကုသဖို့ ဖျောင်းဖျပေးရန် ဒီကို ရောက်ရှိ နေတာပင်၊ ဒါကို အခု ဘာဖြစ်လို့ သူက နားပူနားဆာ အတိုက်ခံ နေရတာလဲ။

 

“ချီလွေ့ ဒါကို နောက်မှ ပြောကြရ‌‌အောင်။ မစ်စု၊ ချီလွေ့မှာ တစ်ခုခု မှားယွင်းနေတယ် ဆိုတာကို မစ်စု တစ်ချက် ကြည့်လိုက်ရုံနဲ့ ပြောနိုင်တယ် ဆိုကတည်းက မစ်စုမှာ သူ့ကို ကုသပေးနိုင်တဲ့ နည်းလမ်း ရှိလိမ့်မယ်၊ ဟုတ်တယ် မဟုတ်လား”

 

 

စုယန်ယန်၏ မျက်လုံးများက တလက်လက် တောက်ပသွားခဲ့သည်။ မနေ့ကပင် လေ့ကျင့်ခန်းကို လက်တွေ့ လေ့ကျင့်ရန် နေရာမရှိလို့ စိုးရိမ်ပူပန် နေမိသေးသည်။ အခု သူမ လေ့ကျင့်ဖို့အတွက် အစမ်းသပ်ခံ တစ်ယောက်ကို သူမကိုယ်တိုင် ရှာတွေ့ခဲ့တာလား။

***