အပိုင်း ၁၂၅
Viewers 957

အခန်း (၁၂၅)

သူ့အတွက် မဟုတ်လို့ ဘယ်သူ့အတွက် ဖြစ်ရမှာလဲ

 

စုယန်ယန်က သူမ၏ အိတ်သေးသေးလေးကို ဘယ်နေရာကနေ ထုတ်ယူလိုက်မှန်း လူတိုင်း မသိနိုင်ခင်မှာပင် သူတို့က သူမလက်ထဲမှ အပ်စိုက်အိတ်လေးကို ဇဝေဇဝါ အကြည့်များဖြင့် စိုက်ကြည့်ကာ “အဲ့တာက ဘာလဲ...” လို့ မေးမြန်းကြသည်။

 

 

စုယန်ယန်သည် သူမ၏ အပ်စိုက်အိတ်လေးကို အရှည်လိုက် ဖွင့်ပြလိုက်ရာ အထဲတွင် တလက်လက် တောက်ပနေသော အပ်အတန်းလိုက်သည် အခန်းအတွင်းရှိ လူတိုင်းရဲ့ အာရုံကို ဖမ်းစားသွားခဲ့သည်။

 

နျဉ်ချီလွေ့သည် သူ့နှလုံးသားထဲကနေ အလွန် ဆိုးရွားသော ကြိုတင် သတိပေးချက် တစ်ခု ထွက်ပေါ်လာခဲ့သည်။ ရှားကျွင်းရှန့်သည် အသက်ပြင်းပြင်းရှူပြီး ဂရုတစိုက် မေးမြန်းလိုက်သည်။

 

“ယန်ယန်၊ ဒီအပ်တွေက... နင် တကယ်ပဲ ချီလွေ့ကို ဒီအပ်တွေနဲ့ ကုသပေးမှာလား”

 

“သူ့အတွက် မဟုတ်လို့ ဘယ်သူ့ အတွက် ဖြစ်ရမှာလဲ။ ဒီအခန်းထဲမှာ ဆေးကုသဖို့ လိုအပ်နေတဲ့သူ ဘယ်သူ ရှိသေးလို့လဲ”

 

စုယန်ယန်သည် တစ်ခုခုကို အမှတ်ရ သွားပုံရပြီး ရှားကျွင်းရှန့်နဲ့ နျဉ်စစ်ယွမ်တို့ကို အလေးအနက် ကြည့်ရှုလိုက်သည်။

 

 “အကယ်၍ အစ်ကိုတို့ရဲ့ ခန္ဓာကိုယ်တွေမှာ ရှိတဲ့ ရောဂါဝေဒနာ အချို့ကို ပထုတ်ချင်တယ် ဆိုရင်လည်း ညီမလေး အစ်ကိုတို့ကို အပ်ချက်အချို့ စိုက်ပေးနိုင်ပါတယ်”

 

သူမ ထိုသို့ ပြောလိုက်သည်နှင့် ရှားကျွင်းရှန့်နှင့် နျဉ်စစ်ယွမ်တို့ဟာ နောက်သို့ ခြေလှမ်း အနည်းငယ်ခန့် ပြန်ဆုတ်လိုက်ကြပြီး သူတို့နဲ့ စုယန်ယန်ကြား အကွာအဝေးတစ်ခု ထားလိုက်ကြသည်။

 

“မလို၊ မလိုပါဘူး၊ ကျေးဇူးပါပဲ၊ ငါတို့ ကျန်းမာရေးကို ငါတို့ ဂရုစိုက်နိုင်ပါသေးတယ်။ မင်း ချီလွေ့ကို အရင် ကုသပေးသင့်တယ်၊ မင်းရဲ့ အထုံ ပါရမီကို ငါတို့လို အရေးမပါတဲ့ လူတွေအပေါ်မှာ မဖြုန်းတီးပါနဲ့”

 

နျဉ်စစ်ယွမ်ကလည်း ခေါင်းညိတ် ထောက်ခံသည်။ “အင်း၊ သူပြောတာ အမှန်ပဲ”

 

“အစ်ကိုကြီး”

 

 မကြာသေးမီက သူ့ရောဂါဝေဒနာကို စိုးရိမ်ပူပန်နေသော အစ်ကိုကြီးသည် အခုအချိန်မှာတော့ နျဉ်ချီလွေ့ကို အမြောက်စာ အဖြစ်၊ မဟုတ်သေးပါဘူး၊ အပ်စာအဖြစ် တွန်းပို့ လိုက်လိမ့်မယ်ဟု ဘယ်တော့မှ မမျှော်လင့်ထားခဲ့ပေ။

 

နျဉ်စစ်ယွမ်သည် သူ့ညီငယ်၏ အော်ငိုချတော့မလို အသံကြောင့် အနည်းငယ် အပြစ်ရှိသလို ခံစားသွားရကာ တစ်ခုခု ပြောခါနီးတွင် စုယန်ယန်က ကြားဖြတ်ပြောသည်။

 

 “သခင်လေးနျဉ်၊ ရှင် ကုသမှုကို အပြည့်အဝ ပူးပေါင်း ဆောင်ရွက် ပေးပါ့မယ်လို့ ပြောခဲ့တဲ့ စကားအားလုံးကို မှတ်မိဦးမယ် ထင်ပါတယ်။ ရှင်ပြောခဲ့တဲ့ စကားတွေကို အခု ပြန်ပြင်ချင်နေပြီလား”

 

နျဉ်စစ်ယွမ်သည် သူပြောချင်သည့် စကားလုံးများကို ပြန်မျိုချလိုက်သည်။ နျဉ်ချီလွေ့က စိုးရိမ်ထိတ်လန့် နေသည်။

 

 “အစ်ကိုကြီး၊ အဲ့တာ အပ်တွေလေ။ ဒီလောက် ရှည်လျားပြီး ထက်မြက်နေတဲ့ အပ်တွေနဲ့ မင်းကို ထိုးလိုက်မယ်ဆိုရင် ဘယ်လောက် နာကျင်လိုက်မလဲ။ ဒါ့အပြင် ငါ ဒီအသက်အရွယ်အထိ အပ်အချို့ စိုက်လိုက်ရုံနဲ့ နေပြန်ကောင်း သွားလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မကြားခဲ့ဖူးဘူး။ သူမက ငါ့ကို ကိုယ်ရေးကိုယ်တာအရ လက်စားချေဖို့ လုပ်နေတာပဲ ဖြစ်မယ်။ သူမ ငါ့ကို ဒီလိုမျိုး အနိုင်ကျင့်နေတာကို အစ်ကိုကြီး တကယ်ပဲ ကြည့်နေရက်လား”

 

“နင် ဒါကို မကြားဖူးဘူးဆိုရင် နင်က ကျောက်တုံးအောက်မှာ နေထိုင်နေတာလို့ ဆိုလိုတာပဲ။ နင့်ရဲ့ ရောဂါဝေဒနာကို သမာရိုးကျ နည်းလမ်းတွေနဲ့ ကုသနိုင်မယ်ဆိုရင် နင့်အစ်ကိုက ငါ့ကို အကူအညီ တောင်းမှာ မဟုတ်ဘူး။ ထူးခြားတဲ့ ရောဂါဝေဒနာတွေ အတွက် ထူးခြားတဲ့ ကုသမှုတွေ လိုအပ်တယ်။ နင် ငါ့ကို ငါ့ရဲ့ကုသမှုကို အပြည့်အဝ ပူးပေါင်းဆောင်ရွက် ပေးမယ်လို့ ကတိပေးခဲ့လို့ ငါ အခု ကုသပေးနေတာ၊ တကယ်လို့ နင် မပူးပေါင်းရင် နင် အခုချက်ချင်း ထွက်သွားလိုက်မယ်”

 

နျဉ်ချီလွေ့သည် သူ့စကားလုံးများကို ပြန်မျိုချရသည်။ ရှားကျွင်းရှန့်က ကြွားဝင် ဖျန်ဖြေပေးသည်။

 

“ချီလွေ့ အစ်ကိုပြောမယ်။ ဒီအပ်တွေကို ကြည့်လိုက်ရင် ကြောက်စရာ ကောင်းတယ် ဆိုပေမယ့် မင်းရဲ့ ရောဂါဝေဒနာကို သက်သာနိုင်မယ်ဆိုရင် ဒီနာကျင်မှု သေးသေးလေးတွေကို ခံနိုင်ရည် ရှိသင့်တယ်။ မင်းမိဘတွေ သူတို့ရဲ့သားကို သူတို့အရင် မြေမြှုပ်သင်္ဂြိုဟ် ပေးရမယ့် အဖြစ်အပျက်မျိုးကို မင်း လိုချင်လို့လား”

 

“ကျွန်တော်...” နျဉ်ချီလွေ့က ပြောစရာစကား ပျောက်ရှသွားကာ သူ့အစ်ကိုကြီးကို သနားစဖွယ် အကြည့်လေးဖြင့်သာ ကြည့်နိုင်တော့သည်။

 

နျဉ်စစ်ယွမ်သည် သူ့အလိုကို လိုက်လျော ပေးလုနီးပါး ဖြစ်သွားခဲ့သော်လည်း ရှားကျွင်းရှန့်ရဲ့ စကားများကို တွေးလိုက်မိသော အခါတွင် သူ့စိတ်နှလုံး ခိုင်မာလာပြီး သူ့ညီငယ်ရဲ့ သနားစဖွယ် အကြည့်ကို လျစ်လျူရှုကာ အဝေးသို့ ထွက်သွားခဲ့သည်။

 

စုယန်ယန်သည် နျဉ်ညီအစ်ကိုတွေရဲ့ သရုပ်ဆောင် စွမ်းရည်ကို ကြည့်ကာ သူမရဲ့ မျက်လုံးတွေကို လိမ့်လိုက်မိသည်။

 

“ကောင်းပြီ၊ သခင်လေးနျဉ်၊ ရှင် ကျွန်မကို ပစ္စည်းအချို့ အရင်ဆုံး သွားယူပေးပါ၊ ပြီးတော့ တစ်ယောက်ယောက် အတင်းဝင်ရောက် လာတာကို တားဆီးဖို့ တံခါးကို ပိတ်စောင့် ပေးနိုင်တဲ့ လူအနည်းငယ်ကို ရှာပေးပါ။ ဒီအပ်တွေက ဘယ်လောက် ကြောက်စရာ ကောင်းလဲ ဆိုတာကို ရှင်လည်း မြင်သားပဲ၊ ကျွန်မ ကုသနေချိန် တစ်ယောက်ယောက် အတင်း ဝင်ရောက်လာပြီး အနှောင့်အယှက်ပေးရင် ကျွန်မ လက်ချော်ပြီး နေရာမှားစိုက်မိတဲ့ အခါကျ...”

 

နျဉ်စစ်ယွမ် “...”

 

ရှားကျွင်းရှန့် “...”

 

နျဉ်ချီလွေ့သည် မျက်ရည် ကျလုမတတ် ဖြစ်သွားသည်။ ဒါက ခြိမ်းခြောက်မှုပဲ၊ သူမက ငါတို့ကို ခြိမ်းခြောက်နေတာပဲ။

 

နျဉ်စစ်ယွမ်သည် နောက်ဆုံး၌ သူ့ရှေ့မှ လူပုဂ္ဂိုလ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို နားလည် သဘောပေါက်သွားပြီး သူမ လိုချင်တာတွေကို အသင့်ပြုလုပ်ပေးရန် အမြန်ပြေးထွက် သွားခဲ့သည်။

 

မိနစ်အနည်းငယ် အတွင်းမှာပင် စုယန်ယန် လိုအပ်တာ မှန်သမျှ ရောက်ရှိလာပြီး တံခါးကို လုံခြုံအောင်စောင့်ဖို့ သက်တော်စောင့် အချို့လည်း ရောက်ရှိလာခဲ့သည်။

 

စုယန်ယန်သည် သူမကိုယ်သူမ စိတ်တည်ငြိမ်အောင် ပြင်ဆင်ပြီး သစ်နံကိုင်း အချို့ကို ထွန်းညှိလိုက်သည်။ လတ်ဆတ် သင်းပျံ့သော ရနံ့လေးသည် အခန်းတစ်ခုလုံးကို ပျံ့လွင့်သွားပြီး လူနာရဲ့ တင်းမာနေသော အာရုံကြောများကို ပြေလျော့သွားစေခဲ့သည်။

 

သူမသည် ငွေအပ်များကို ထုတ်ယူကာ ပိုးသတ်လိုက်ပြီး သူတို့ကို နျဉ်ချီလွေ့ရဲ့ အနားသို့ တဖြည်းဖြည်း ပိုနီးကပ်စေခဲ့သည်။

 

နောက်တစ်စက္ကန့်မှာပင် အခန်းထဲမှ နှလုံးရပ်လုမတတ် အသံတစ်ခု ထွက်ပေါ်လာပြီး လူတိုင်းကို ရင်တုန်သွားစေသည်။

***