အပိုင်း ၁၂၇
Viewers 1k

အခန်း (၁၂၇)

ဘာအကြောင်းကြောင့်များလဲ

 

အစပိုင်း ရုန်းရင်းဆန်ခတ် ဖြစ်ပြီးနောက် စုယန်ယန်သည် သတ်မှတ်ထားသည့် အပ်စိုက်နေရာသို့ ချောမွေ့စွာ စိုက်နိုင်ခဲ့သည်။ အဲ့ဒီနောက် အခြားအပ်တွေ ထိုးစိုက်ရာမှာလည်း ပရမ်းပတာ အခြေအနေများ မတွေ့ကြုံရတော့ပေ။

 

အစပိုင်းတွင် နျဉ်ချီလွေ့သည် ဇီဇာကြောင်ပြီး ပူးပေါင်း ဆောင်ရွက်ပေးဖို့ကို ငြင်းဆိုခဲ့ပြီး သူ့ဘက်မှာ တစ်ယောက်မှ မရှိတာကို နားလည် သဘောပေါက် သွားခဲ့ပြီး သူ ဘယ်လောက်ပဲ ဇီဇာကြောင် ချေးများပါစေ စုယန်ယန်၏ လက်ဝယ်မှ မလွတ်မြောက်နိုင်ခဲ့ပေ။ ထို့နောက် နျဉ်ချီလွေ့သည် စိတ်ပျက် အားငယ်စွာ ကိုယ့်ကိုယ်ကို စွန့်လွှတ်ခဲ့ပြီး သူ့မျက်လုံးတွေကို ‘ထိုနတ်ဆိုးမအား မမြင်စေရန်’ မှိတ်ထားခဲ့သည်။

 

အခြားတစ်ဖက်တွင်မူ စုယန်ယန်သည် အပ်စိုက်ခြင်းနှင့် သက်ဆိုင်သော ‘စမ်းသပ်ချက်များ၊ အမှားများနှင့် မတော်တဆမှုများ’ ကို ထပ်ခါတလဲလဲ ကျော်ဖြတ် ပြီးနောက် သူမ၏ အပ်စိုက်စွမ်းရည်ဟာ တိုးတက် ကောင်းမွန် လာခဲ့သည်။ အစပိုင်းတွင် အမှားအယွင်း တချို့ ကြုံတွေ့ခဲ့ရသော်လည်း ကုသမှုပြီး ဆုံးသွားချိန်ထိတိုင် နျဉ်ချီလွေ့သည် မည်သည့် နာကျင်မှုမျိုးကိုမှ မခံစားခဲ့ရပေ။

 

သစ်နံကိုင်း၏ မွှေးရနံ့သည် အခန်းတစ်ခုလုံး အနှံ့ကို လွှမ်းခြုံထားကာ စိတ်ငြိမ်သက်စေပြီး ငိုက်မျဉ်းစ ပြုလာသည်။

 

စုယန်ယန်သည် နျဉ်ချီလွေ့၏ နောက်ကျောမှ တရုတ်အပ်စိုက်ကု အပ်များကို ဖယ်ရှား ပေးပြီးသောအခါ သူက သက်သောင့်သက်သာရှိစွာ အိပ်မောကျ သွားခဲ့သည်။

 

ဖြူဖျော့နေသော ပါးပြင်တစ်ဝိုက်တွင် မျက်ရည်များ စိုလူးနေသော သူ၏မျက်နှာ အသွင်အပြင်ဟာ အပြစ်ကင်းစင်ပြီး သနားစဖွယ် ကောင်းဟန် ပေါ်သော်လည်း... အဟွတ်... အဟွတ်... သူ့အသွင်အပြင်က တစ်စုံတစ်ဦးရဲ့ ပြင်းထန်စွာ နှိပ်စက်ခြင်းကို ခံခဲ့ရပုံပေါ်သည်။

 

စုယန်ယန်က သူ့ကျောပြင်ကို အပ်အမြောက်အမြား ထိုးစိုက်ရန် ပင်ပင်ပန်းပန်း လုပ်ဆောင် ခဲ့ရသောကြောင့် ကြိုးကြိုးစားစား လုပ်ခဲ့ရသည်ဟု ဆိုခြင်းသည် မှားယွင်းတယ်ဟု မဆိုနိုင်ပေ။

 

အနားမှာ တစ်ချိန်လုံး ရှိနေခဲ့သည့် နျဉ်စစ်ယွမ်သည် စုယန်ယန် အပ်များအား ပြန်သိမ်းလိုက်တာကို မြင်လိုက်ရသည်နှင့် သူမအနားသို့ ချဉ်းကပ်လာပြီး မေးမြန်းသည်။

 

“မင်း... အပ်စိုက်လို့ပြီးပြီလား”

 

“အင်း... ဟုတ်တယ်”

 

 စုယန်ယန်သည် သူမ၏ အပ်စိုက်အိတ်ကို ပြန်သိမ်းရင်း သက်ပြင်း တစ်ချက်ချကာ ပြောသည်။

 

“ဒါက ပထမဆုံး ကုသမှုပဲ ရှိသေးတယ်။ ကျွန်မ ဒီကုသမှုအတွက် အရမ်းကြီး မပြင်ဆင်ခဲ့ရဘူး၊ ဒါပေမယ့် နောက်တစ်ကြိမ် အပ်စိုက်ကုထုံးနဲ့ ထပ်မံကုသဖို့ ကျွန်မ ပြန်လာခဲ့ပါ့မယ်။ အဲ့ကျရင် တစ်ပတ်ကို နှစ်ကြိမ်လောက်သာ ကျွန်မလာဖို့ လိုအပ်လိမ့်မယ်”

 

နျဉ်စစ်ယွမ်သည် နှစ်နှစ်ရက်အတွင်း အပ်စိုက်ကုထုံးဖြင့် ထပ်မံကုသဖို့ လိုအပ်ကြောင်းကို ကြားသိလိုက် ရသောအခါတွင် စုယန်ယန်ကို မယုံသင်္ကာ စိုက်ကြည့် လိုက်သော်လည်း သူမ ဆက်လက် ပြောကြားသည့် စကားများကို ကြားလိုက်ရသည့် အခါမှာတော့ သူ့မျက်နှာဟာ ပျော့ပျောင်းသွားသည်။

 

“ဒါ့အပြင် အပ်စိုက်ကုထုံးနဲ့ ကုသပြီးရင်း အစားအသောက်တွေကို အထူးဂရုပြု စားသောက်ရမယ်။ အရက်မသောက်ရဘူး၊ စိတ်ကြွစေတဲ့ အာနိသင်ရှိတဲ့ အစားအသောက်တွေ မစားရဘူး၊ ဒါပေမယ့် အသားဓာတ် ကြွယ်ဝတဲ့ ငါး၊ ဥတွေနဲ့ နို့ထွက်ပစ္စည်းတွေ...”

 

စုယန်ယန်သည် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရပြီးနောက် သက်ပြင်း ချလိုက်မိသည်။ “ထားလိုက်ပါတော့၊ ဒါတွေကို ရှင် သိပ်နားမလည် နိုင်လောက်ဘူး။ ကျွန်မပဲ သူ့အတွက် အစားအသောက်ကို တာဝန်ယူ ပေးလိုက်ပါ့မယ်။ ဒီနေ့ကစပြီး တရုတ်ဆေးဖက်ဝင် ဟင်းလျာတွေကို လာယူဖို့ တစ်ယောက်ယောက်ကို ကျွန်မအိမ်ကို လွှတ်ပေးပါ။ ကျွန်မမှာ ဒါတွေကို နေ့တိုင်းပို့ပေးဖို့ အချိန်မရှိဘူး”

 

“တရုတ်ဆေးဖက်ဝင် ဟင်းလျာတွေလား”

 

“ကျွန်မ ဒါကို ရှင် နားလည်အောင် ရှင်းပြရမယ်ဆိုရင် ကျွန်မ အသုံးပြုမယ့် ကုသနည်းက အပ်စိုက်ကုထုံးနဲ့ တရုတ်ဆေးဖက်ဝင် ဟင်းလျာတွေကို တွဲဖက်ပြီး ကုသမယ့် နည်းလမ်းပဲ၊ ဒါပေမယ့် ရှင့်ညီလေးရဲ့ နာမကျန်းမှုက ပြင်းထန်တဲ့ အတွက် ကုသမှုက အချိန်အတော်ကြာ နိုင်မယ်လို့ ရှင်နဲ့ ရှင့်မိသားစုကို ကျွန်မ သတိပေးချင်ပါတယ်”

 

နျဉ်စစ်ယွမ်သည် ဘေးနှစ်ဖက်မှာ တွဲလျောင်း ချထားသည့် လက်တွေကို တင်းတင်းဆုပ် ထားမိသည်။ သူ့ညီလေး ပိုသက်သာ လာသရွေ့ အချိန်ကြာမြင့်တာက ပြဿနာ မဟုတ်ပါဘူး။ သူတို့ စောင့်ဆိုင်းနိုင်သည်၊ သူ ပြန်သက်သာ လာနိုင်သရွေ့ အချိန်ဘယ်လောက်ကုန်ကုန် ဖြုန်းတီး ပစ်နိုင်သည်။

 

“ငါတို့ မင်းကိုပဲ အားကိုးပါတယ်၊ မစ်စု၊ ကျေးဇူးပြုပြီး မင်းကို ဆက်သွယ်ရမယ့် ဖုန်းနံပါတ်လေး ချန်ထားပေးလို့ ရမလား။ ကျွန်တော် အစားအသောက်တွေ လာယူဖို့ တစ်ယောက်ယောက်ကို စေလွှတ်ပေးပါ့မယ်”

 

နျဉ်စစ်ယွမ်က ခေတ္တရပ်တန့် သွားပြီးနောက် “အစားအသောက်အတွက် ကုန်ကျစရိတ်က...”

 

စုယန်ယန်က တစ်ချက် ပြုံးလိုက်သည်။ “မလိုပါဘူး၊ အစားအသောက်အတွက် ရှင် ပေးချေဖို့ မလိုပါဘူး။ ကျွန်မ မိသားစုလည်း စားနေတာပဲ၊ သူ့အတွက် တချို့တစ်ဝက်ပဲ ဖယ်ထားပေးဖို့ လိုအပ်တာပါ။ နောက်ကျ သူ ကျွန်မပို့ပေးတဲ့ အစားအသောက်တွေကို စားမစား စောင့်ကြည့်ပေးဖို့ သခင်လေးနျဉ်ကိုပဲ ကျွန်မ ဒုက္ခပေးရလိမ့်မယ်၊ သူက ကျွန်မ သူ့ကို အဆိပ်ခတ်တယ်လို့ ထင်ပြီး ကျွန်မရဲ့ အစားအသောက်တွေကို လွှင့်ပစ်နိုင်တယ်၊ အဲ့လိုသာဆိုရင် ကျွန်မ သူ့ကို ဘယ်လို အကူအညီ ပေးရမလဲ ဆိုတာကို ကျွန်မ မသိတော့ဘူး”

 

နျဉ်စစ်ယွမ်သည် သူမ ပြောတာကို ကြားပြီးနောက် အနည်းငယ် ကိုးရိုးကားရား ဖြစ်သွားကာ စုယန်ယန်အား ဂရုတစိုက် မေးမြန်းခဲ့သည်။

 

“စိတ်မရှိဘူးဆိုရင် မစ်စုနဲ့ ချီလွေ့တို့ကြား ဘာပြဿနာများ ရှိလဲ ဆိုတာ သိခွင့်ရမလား။ ချီလွေ့ကြည့်ရတာ...”

 

စုယန်ယန်သည် သူ မေးမြန်းလိုသည့် အဓိပ္ပါယ်ကို သိနားလည်ကာ သူမ မျက်ဝန်းတွင် အလင်းတစ်ခု ဖြတ်ပြေးသွားကာ အပြုံးတုဖြင့် စကားဆိုသည်။

 

“ရိုးရိုးသားသား ပြောရရင် ကျွန်မ သူ့ကို ဆန့်ကျင်ဖူးတာ မရှိဘူး၊ ဒီနေ့မှ ကျွန်မ သူနဲ့ ဒုတိယအကြိမ် ဆုံတွေ့ဖူးတာပဲ၊ ကျွန်မ သူနဲ့ တုန်ချမ်းမှာ တွေ့ပြီး ခန္ဓာကိုယ် တစ်ခုလုံး‌ ဆေးစစ်ဖို့ အကြံပေးခဲ့တုန်းက ကျွန်မ သူနဲ့ ပထမအကြိမ် တွေ့ခဲ့ဖူးတာပဲ”

 

“ဒါဆိုရင် ဖြစ်နိုင်တာက ချီလွေ့ မစ်စု အဲ့နေ့တုန်းက သူ့ကိုပြောခဲ့တဲ့ စကားတွေကြောင့် စိတ်ဆိုးသွားတာ များလား”

***