အပိုင်း ၁၂၈
Viewers 869

အခန်း (၁၂၈)

ရည်ရွယ်ချက်ရှိရှိနဲ့

 

နျဉ်စစ်ယွမ်သည် အမှန်တရားကို ရှာဖွေတွေ့ရှိခဲ့သည် ထင်နေစဉ် စုယန်ယန်က ရယ်ကာမောကာဖြင့် စကားကြားဖြတ် ပြောခဲ့သည်။

 

“အဲ့လိုတော့ မဟုတ်လောက်ဘူး”

 

“အဲ့လို မဟုတ်ဘူးလား”

 

“ရှင့်ညီလေးက ကျွန်မ အဲ့နေ့တုန်းက ပြောခဲ့တဲ့ စကားကြောင့် ကျွန်မအပေါ် ရန်လိုနေတာ မဟုတ်လောက်ဘူး။ အတိအကျ ပြောရရင် သူနဲ့ ကျွန်မ ပထမဆုံး စကားပြောနေတုန်းက ယဉ်ယဉ်ကျေးကျေးပဲ၊ အစ်ကိုကျွင်းရှန့်က သူ့ကို ကျွန်မနာမည်နဲ့ မိတ်ဆက် ပေးလိုက်တာနဲ့ ချက်ချင်း ရန်လိုသွားတာပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ်ကိုကျွင်းရှန့် သက်သေရှိတယ်”

 

ရှားကျွင်းရှန့်သည် သူ့နာမည်ကို ပြောနေတာကို ကြားတော့ မျက်မှောင်ကြုတ်ပြီး သူတို့အနားကို လျှောက်လာခဲ့သည်။

 

 “အဲ့တာ အမှန်ပဲ၊ ကျွန်တော် သူတို့နှစ်ယောက်ကို တစ်ယောက်ကို တစ်ယောက် သိကျွမ်းအောင် မိတ်ဆက်ပေးဖို့ ရည်ရွယ်ထားပေမယ့် ယန်ယန့်ရဲ့ နာမည်ကို ကြားလိုက်တာနဲ့ ချီလွေ့ မျက်နှာချက်ချင်း ပျက်သွားခဲ့တယ်”

 

“တစ်ယောက်ယောက်က ချီလွေ့ရှေ့မှာ မစ်စုအကြောင်းကို မဟုတ်တမ်း ဆိုခဲ့တယ်လို့ မစ်စု ပြောချင်တာများလား”

 

သူ့လက်ထောက်ရဲ့ ပြောစကားအရ နျဉ်ချီလွေ့သည် အဲ့အချိန်တုန်းက သူမတို့ နှစ်ဦးနှင့် အတူရှိနေခဲ့ရုံ သာမက ညီလေး၏ မန်နေဂျာပါ ထိုနေရာတွင် ရှိနေခဲ့သည်။

 

အဲဒီနေ့က ဖြစ်ပျက်ခဲ့တာတို့အား သူ့ညီလေးကို တိုက်ရိုက် မေးမြန်းလို့ မရဘူးဆိုရင် ညီလေး၏ မန်နေဂျာကို မေးမြန်းနိုင်သည်။

 

“ကျွန်မ မပြောတတ်ဘူး။ သခင်လေးနျဉ်၊ ရှင် တကယ်ပဲ အဖြစ်မှန်ကို သိချင်ရင် ရှင့်ညီလေးကို ရှင် မေးနိုင်တာပဲ။ တခြားပြောစရာ မရှိဘူးဆိုရင် ကျွန်မ ပြန်တော့မယ်။ အကြောင်းကိစ္စ အထွေအထူးရှိရင် ကျွန်မကို ဆက်သွယ် နိုင်ပါတယ်”

 

စုယန်ယန်သည် လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးပြီးသည့် အတွက် နျဉ်စစ်ယွမ်က သူမကို ဒီနေရာမှာ ဆက်ထားဖို့ အကြောင်းပြချက် မရှိတော့ပေ။

 

တစ်နေကုန် ပွက်လောရိုက် ပြီးနောက် စုယန်ယန်သည် အနည်းငယ် မောပန်းနွမ်းလျ လာသည်။ ကားထဲ ဝင်ထိုင်ပြီး သက်ပြင်းတစ်ချက် ချမိချိန်တွင် ရှားကျွင်းရှန့်ရဲ့ စကားပြောရန် မဝံ့မရဲဖြစ်နေသည့် မျက်နှာဖြင့် ဆုံတွေ့လိုက်ရသည်။

 

“ဘာဖြစ်လို့လဲ။ အစ်ကိုက ညီမကို ဘာဖြစ်လို့ အဲ့လိုမျိုး ကြည့်နေတာလဲ”

 

“အခု အဲ့အပ်တွေနဲ့ ချီလွေ့ကို အပ်စိုက်တာက နင် တကယ်ပဲ သူ့ကို ကုသပေးတာ ဟုတ်ရဲ့လား”

 

“အစ်ကို ဘယ်လိုထင်လို့လဲ။ ကျွန်မက ပုဂ္ဂိုလ်ရေးရာ ရန်စရန်ငြိုးကြောင့် သူ့ကို တမင်သက်သက် အပ်စိုက်လိုက်တယ်လို့ အစ်ကို ထင်နေတာလား”

 

“... အဲ့လို မဟုတ်ဘူးလား”

 

“ဟုတ်တယ်” စုယန်ယန်က အလွယ်တကူ ဝန်ခံခဲ့သည်။

 

ဒါကို ကြားလိုက်ရသည်နှင့် ရှားကျွင်းရှန့်၏ မျက်နှာအမူအရာဟာ အနည်းငယ်‌ ပြောင်းလဲသွားသည်။

 

“နင်...”

 

“ဒါပေမယ့် အဲ့ဒီကုသနည်းက သူ့ကို တကယ်ပဲ ကယ်တင် ပေးနိုင်တယ်”

 

ရှားကျွင်းရှန့်သည် သက်ပြင်းချကာ သိချင်စိတ်ဖြင့် မေးမြန်းမိသည်။

 

“အဲ့တာက ထိရောက်မှုရှိလား”

 

“နျဉ်မိသားစုနဲ့ ချီမိသားစုတို့က ညီမကို အပြစ်လာရှာမှာကို အစ်ကို စိုးရိမ်နေတာလား”

 

ရှားကျွင်းရှန့်သည် သူ စိုးရိမ်ပူပန်နေတာ သိသာသွားဖြင့် ကိုးရိုးကားရား နိုင်စွာ ပြုံးလိုက်မိသည်။

 

“စိတ်မပူပါနဲ့၊ ညီမက မသေချာ မ‌‌ရေရာတဲ့ အလုပ်မျိုးကို မလုပ်ဘူး၊ ညီမသာ မလုပ်နိုင်ဘူးဆိုရင် အစကတည်းက ငြင်းလိုက်မှာပဲ။ ကျွန်မမှာ ဘာမှလုပ်စရာ မရှိတာနဲ့ ကိုယ့်ဒုက္ခ ကိုယ်ရှာဖို့ မမိုက်မဲပါဘူး”

 

စုယန်ယန်က ဒီလိုပြောခဲ့ပြီမို့ ရှားကျွင်းရှန့်က သူမကို ယုံကြည်ဖို့ကလွဲလို့ အခြားရွေးချယ်စရာ မရှိတော့သည်အတွက် ဒီအကြောင်းအရာကို ဆက်မပြောတော့ပေ။

 

စုယန်ယန်သည် ငြိမ်သက်အေးဆေး သွားပြီးနောက် ကားပြတင်းပေါင် အပြင်သို့ လှမ်းကြည့် လိုက်သည်။ သူမသည် နျဉ်စစ်ယွမ်က သူမကို ပြဿနာ ရှာမည်ကို အမှန်တကယ် မစိုးရွံ့ခဲ့ပေ။

 

ဒီအကြီးဆုံး အစ်ကိုနျဉ်ရဲ့ သတိကြီးသည့် စိတ်နေသဘောထားအရ သူမ ထွက်လာပြီးနောက် သူ့ညီငယ်အား ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး စစ်ဆေးမှုများကို ထပ်မံ ပြုလုပ်ပေးရန် ဆေးရုံကို ‌တောင်းဆိုခဲ့သည်။

 

အချက်အလက်တွေက စကားလုံးတွေထက် ပိုအားသန်သည်။ သူမ ဘယ်လောက်ပဲ ပြောနေပါစေ၊ စမ်းသပ်စစ်ဆေးမှု ရလဒ်များကိုတော့ မယှဉ်နိုင်ပေ။ ရလဒ်ကို သူ မြင်တွေ့လျှင် သူမ ပြောခဲ့သော စကားများသည် မှန်ကန်ကြောင်းကို သူ သိသွားလိမ့်မည်။

 

ဒီလိုမျိုး သူ့ညီလေးရဲ့ နာမကျန်းမှု သက်သာ ကောင်းမွန်လာမှု အတွက် သူမကို ကျေးဇူးတင်ရှိကြောင်း အမြန်ပြောလိမ့်မည်။ သူ့ညီလေးရဲ့ နာမကျန်းမှု ကုသနိုင်သည့် တစ်ခုတည်းသော မျှော်လင့်ချက်ကို သူကိုယ်တိုင် ကိုယ်ကျ ငြိမ်းသတ် နိုင်လောက်အောင် မိုက်မဲစွာ သူ ဘယ်လို နေနိုင်မည်နည်း။

 

စုယန်ယန်သည် ဒီအကြောင်းအားလုံးကို ကြိုတင် တွေးတောထားသည်။ နျဉ်ချီလွေ့သည် နျဉ်အိမ်တော်နှင့် ချီအိမ်တော်ရဲ့ အဓိက အသက် သွေးကြောဖြစ်ပြီး ဝမ်ကျင့်ဖျင်ရဲ့ အဓိက ထောက်တိုင် ဖြစ်ခဲ့သည်။ ထိုဖြစ်ရပ်ကို တားဆီးရန် တစ်ခုတည်းသော နည်းလမ်းမှာ နျဉ်ချီလွေ့ရဲ့ နာမကျန်းမှုကို ကုသပေးရန်ပင် ဖြစ်သည်။

 

ဒီနည်းအားဖြင့် သူမသည် နျဉ်ချီလွေ့ရဲ့ အသက်သခင် ‌ကျေးဇူးရှင် ဖြစ်လာနိုင်သည်၊ အထူးသဖြင့် နျဉ်ချီလွေ့သည် အလွန် မိုက်မဲသောကြောင့် ဝမ်ကျင့်ဖျင်၏ ဦးနှောက်ဆေးခြင်း ခံရကာ သူမအား မုန်းတီးနေခဲ့သည်။ နျဉ်အိမ်တော်နှင့် ချီအိမ်တော်တို့သည် နျဉ်ချီလွေ့ရဲ့ အသက်ကို ကယ်တင်ပေးသည့် သူမ၏ ကြင်နာမှုအပေါ် သူတို့၏ သိတတ်မှုကို ပြသမည်ဖြစ်ပြီး နျဉ်ချီလွေ့ စုယန်ယန်ကို မုန်းတီးအောင် ပြုလုပ်ခဲ့သည် ဝမ့်ကျင်ဖျင်နှင့် ပတ်သက်၍ သူတို့မှာ ကိုယ်ပိုင် အတွေးအမြင်များ ရှိလိမ့်မည်။

 

နျဉ်မိသားစုမှ လူများသည် နျဉ်ချီလွေ့ကဲ့သို့ အမြင်ကွယ် နေလိမ့်မည်ဟု သူမ မယုံကြည်နိုင်ပေ။

 

အကယ်၍ ဒါကို ဒီအတိုင်းသာ တကယ်ပဲ ထားခဲ့လျှင် နောင်တွင် သူတို့အတွက် အမှန်တကယ် ထိုက်တန်သည့် အရာများကို ရရှိပိုင်ဆိုင်မည် ဖြစ်သည်။

***