အပိုင်း ၁၃၀
Viewers 866

အခန်း (၁၃၀)

 ကျွန်မ ရှင့်ရဲ့ ပိုင်စိုးလိုမှုကို နှစ်သက်တယ်

 

ဟောက်ချန်ဟွမ်းသည် ဒီမေးခွန်းအတွက် တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု မထင်ခဲ့ပေ။ သူက မျက်ခုံးတွန့်ပြီး မ‌ပျော်ရွှင်စွာ မေးသည်။

 

 “ဒီမေးခွန်းက မင်း ဖြေရခက်နေလို့လား”

 

ပင်လယ်ကမ်းစပ် နားမှာ သူ လက်ထပ်ခွင့် တောင်းဖို့ နေရာကို ပြင်ဆင်နေတုန်းမှာ သူ့လက်အောက် ငယ်သားတွေဆီက မက်ဆေ့ချ် တစ်စောင်ကို လက်ခံရရှိခဲ့သည်။

 

စုယန်ယန်သည် နျဉ်မိသားစု၏ သခင်လေး နှစ်ယောက်နှင့် ဆေးရုံအခန်းထဲတွင် တစ်နာရီကျော် ကြာအောင် အတူရှိနေသည်ဟု သိလိုက်ရသော အခါတွင် သူ့မျက်နှာဟာ မည်းမှောင်သွားခဲ့သည်။

 

ထိုအခိုက်အတန့်မှာ ဟောက်ချန်ဟွမ်းသည် သူ၏ သတို့သမီး‌လောင်းနှင့် ရင်းနှီးသော အမျိုးသား အားလုံးကို ဘယ်လို အဆုံးသတ် လိုက်ရမလဲ ဆိုတာကို တွေးတော ကြည့်မိသည်။ သူမကို သူ တစ်ဦးတည်းသာ သိပြီး သူမကို ဘယ်သူမှ မတွေ့နိုင်အောင် သော့ခတ် သိမ်းဆည်းထားဖို့ သူ မစောင့်ဆိုင်း နိုင်တော့ဘူး။

 

သူမ၏ မရည်ရွယ်သော အပြုအမူသည် ဟောက်ချန်ဟွမ်း ဟုခေါ်သော ဗုံးကို ဖောက်ခွဲမိလုနီးပါး ဖြစ်သွားခဲ့သည်ကို စုယန်ယန် မသိခဲ့ပေ။ စုယန်ယန်သည် သူမ၏ မျက်နှာကို ရှက်ရွံ့စွာ ကုတ်လိုက်ပြီး သူ့အကြည့်စူးစူးတွေကို ရှောင်ဖယ်ကာ တီးတိုးပြောသည်။

 

“ကျွန်မ သူ့ကို တကယ် မထိခဲ့ပါဘူး။ နည်းနည်းလေးလောက်ပဲ ထိမိတာပါ”

 

အဆုံး၌ သူမသည် အပ်စိုက် ကုသရာတွင် အတွေ့အကြုံ လုံးဝမရှိသေးသူ တစ်ဦးသာ ဖြစ်သည်။ သူမသည် အပ်မစိုက်မီ လူနာ၏ ခန္ဓာကိုယ်ရှိ အပ်စိုက် အမှတ်များကို သေချာစွာ အတည်ပြု စစ်ဆေးကြည့်ဖို့ လိုအပ်သည်။

 

ထိန်းချုပ်၍ မရနိုင်သော အခြေအနေကြောင့် ထွက်ပေါ်လာသော နားမခံသာသည့် အော်သံမျိုးကို သူမ တွေ့ကြုံခံစားလိုသည့် စိတ်ဆန္ဒ မရှိပေ။

 

“ကျွန်မက အပ်စိုက်တာ သိပ်မကျွမ်းကျင်သေးဘူး။ ကျွန်မ သူ့အရေပြားကို မစမ်းသပ် ကြည့်ဘူးဆိုရင် အပ်စိုက် အမှတ်ကို ကျွန်မ ရှာမတွေ့နိုင်ဘူး။ ကျွန်မ သူ့ကို စပြီး အပ်စိုက်တဲ့ အချိန်မှာ အပ်စိုက်အမှတ်ကို အကြိမ်ကြိမ် မှားယွင်းပြီး စိုက်ခဲ့မိတယ်။ သူ အရမ်း နာကျင်လွန်းလို့ အော်ငိုတာ မျက်ရည်တွေ ရေပုံးအပြည့်လောက် ရှိလောက်ရော့မယ်။ ဒါက သနားစရာကောင်းတဲ့ မြင်ကွင်းတစ်ခုပဲ”

 

 

စုယန်ယန်သည် သူမ ခေါင်းကိုမော့ကာ ဟောက်ချန်ဟွမ်းကို ဂရုတစိုက် ကြည့်ရှုပြီးနောက် သူမ နှုတ်ခမ်းလေးတွေ စုဝိုင်းသွားသည်။

 

“ရှင် မကြိုက်ဘူးဆိုရင် နောက်တစ်ခါ ကုသတဲ့အခါ ကျွန်မ သူ့ကို မထိတော့ဘူး။ ကျွန်မက အပ်ကိုပဲ ကိုင်ထားပြီးတော့ အခြားတစ်ယောက်ကို ကျွန်မအစား ဖိခိုင်းလိုက်မယ်လေ၊ ဟုတ်ပြီလား”

 

သူမ၏ အကြည့်တွေက ဟောက်ချန်ဟွမ်း၏ နှလုံးသားလေးရဲ့ အနူးညံ့ဆုံးသော အစိတ်အပိုင်းထဲသို့ အတိအကျ ထိုးဖောက် ဝင်ရောက်သွားကာ နှလုံးသားထဲမှ မြူခိုးငွေ့များကို ကင်းစင်သွားစေသည်။

 

 

သူ့ရှေ့မှ ကောင်မလေးသည် သူ၏ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးခါနီးနှင့် သူ့နှလုံးသားထဲက ဆိုးသွမ်းသော အတွေးများကို ဖိနှိပ်ရန် အကူအညီ ပေးနိုင်ပြီး သူ့အားနည်းချက် ဖြစ်သည့် ဒေါသစိတ်ကို အမြဲတမ်း ဖိနှိပ်ပေးနိုင်စွမ်း ရှိသည်။ သူ့ကို အနိုင်ယူနိုင်စွမ်း ရှိသည့် တစ်ခုတည်းသော ပျော့ကွက်က သူမလေးပါပဲ။

 

ဟောက်ချန်ဟွမ်းသည် သူ့လက်ဆစ်များပင် ဖြူဖျော့နေအောင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည့် သူ့လက်ချောင်းများအား ဖြည်းညင်းစွာ ဖြေလျော့ လိုက်မိသည်။ အကြိမ်ပေါင်းများစွာ လက်ကို ဆုပ်လိုက် ဖြန့်လိုက် လုပ်ပြီးနောက် အသံအက်အက်ဖြင့် “ကိုယ်က အရမ်း ပိုင်ဆိုင်လိုစိတ် ကြီးမားလွန်းတယ်လို့ မင်း မထင်ဘူးလား” ဟု မေးမိသည်။

 

“ပိုင်ဆိုင်လိုစိတ် ကြီးမားတာလား၊ ကျွန်မတော့ အဲ့လိုမျိုး မထင်ပါဘူး”

 

 စုယန်ယန်သည် သူမမျက်နှာပေါ်တွင် ထိုသို့ အမှန်အတိုင်း မှတ်ယူနေဟန်ဖြင့် သူ့မျက်လုံးကို‌ စေ့စေ့ကြည့်ပြီး ပြောလိုက်သည်။

 

 “ရှင်မကြိုက်ဘူးဆိုရင် ကျွန်မ အဲ့တာကို မလုပ်ဘူး။ ကျွန်မ နှလုံးသားထဲမှာ ရှင်ပျော်ရွှင်ဖို့ထက် ပိုအရေးကြီးတာ ဘာမှမရှိဘူး။ ဒါပေါ့၊ ဒါကို ရှင်က ပိုင်ဆိုင်လိုစိတ် ကြီးမားတယ်လို့ ယူဆရင် ကျွန်မက ရှင့်ကို ပိုင်စိုးလိုမှုကို နှစ်သက်တယ်”

 

 

ထိုအခိုက် အတန့်၌ ဟောက်ချန်ဟွမ်းသည် ကမ္ဘာပေါ်ရှိ အလှပဆုံးသော ချစ်ခြင်း ဖွင့်ဆိုချက်ကို ကြားလိုက်မိပုံရသည်။ သူ့နားရွက်ထိပ်များဟာ ထိန်းမနိုင် သိမ်းမရ နီမြန်းလာပြီး မငြိမ်သက်နေသည့် စိတ်နှလုံးဟာ သက်သာရာ ရသွားခဲ့သည်။

 

“ကိုယ် စိတ်မဆိုးပါဘူး”

 

စုယန်ယန်သည် မျက်တောင် တဖျပ်ဖျပ် ခတ်ရင်း သူမစိတ်ထဲတွင် ပြောနေမိသည်။

 

“ရှင်က အံတင်းတင်းကြိတ်ပြီး လိမ်လည် နေတာပဲ။ အခု ရှင် ကျွန်မကို မေးခွန်းထုတ်တဲ့ အချိန်တုန်းက ရှင့်မျက်လုံးထဲက မီးတွေ လွင့်စဉ် ထွက်ကျတော့မယ့် အတိုင်းပဲ။ ရှင် စိတ်မဆိုးဘူး ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

 

စုယန်ယန်၏ အကြည့်စူးစူး အောက်တွင် ဟောက်ချန်ဟွမ်းသည် ကိုယ့်သေတွင်း ကိုယ်တူးမိသလို ခံစားနေရပေမယ့် သူ ညှိနှိုင်းခဲ့သည်။

 

“မင်း သူ့ကို ဆေးကုသမယ့် အချိန်တွေမှာ ကိုယ်လည်း အဲ့မှာ ရှိနေရမယ်” အဲ့တာက သူ့ရဲ့ အောက်ဆုံးစည်းပဲ။

 

ထိုအချိန်တွင် ဆေးရုံ၌ ငိုက်မျဉ်း လဲလျောင်းလျက် ရှိနေသော နျဉ်ချီလွေ့သည် ရုတ်တရက် သူ့ခန္ဓာကိုယ်ဟာ တုန်ယင် သွားခဲ့သည်။ သူ့မျက်နှာပေါ်တွင် နာကျင်နေသော အရိပ်အယောင် တစ်ခု ဖြစ်ပေါ်လာတာက သူ အရမ်း ကြောက်စရာကောင်းတဲ့ အိပ်မက်ဆိုး တစ်ခုကို မြင်မက်မိလို့လား ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။

 

စုယန်ယန်၏ အမြင်တွင် ဟောက်ချန်ဟွမ်းရဲ့ တောင်းဆိုချက်က ဘာမှ မဟုတ်ပုံပေါ်သည်။

 

“ရတယ်လေ။ ကျွန်မ ရှင့်ကို နောက်တစ်ခါ ဆေးကုသမယ့် အချိန်ကို ကြိုပြောထားပေးမယ်။ ကျွန်မ သူ့ကို ဘယ်လို အပ်စိုက်လဲ ဆိုတာ ရှင့်ကို ပြသဖို့ အခွင့်အရေးကောင်းပဲ”

 

 

အခုအချိန်မှစ၍ အပ်စိုက် ကုသတာကို လိုက်ကြည့်လျှင် သူ့ကို စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှု ပြုလုပ်နိုင်ပေးမည် ဖြစ်သောကြောင့် သူ ကုသမှု ခံယူမည့် အချိန်ရောက်လျှင် ကြောက်လန့်တော့မည် မဟုတ်ပေ။

 

စုယန်ယန်၏ ဆိုးရွားသော ရည်ရွယ်ချက်ကို မသိသည့် ဟောက်ချန်ဟွမ်းသည် ပူးပေါင်း ဆောင်ရွက်သည့်ဟန်ဖြင့် ခေါင်းညိတ်သည်။

 

“ကောင်းပြီလေ”

 

 

အလွန် အထိခိုက် မခံနိုင်သည့် ဒီအကြောင်းအရာကို သူမ အောင်မြင်စွာ ကိုင်တွယ် ဖြေရှင်းပြီးနောက် စုယန်ယန်သည် စိတ်သက်သာရာ ရသွားခဲ့သည်။

 

စိတ်ငြိမ်သက် သွားပြီးနောက် သူမသည် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရဟန် တုံ့ပြန်လာပြီး မျက်တောင်ခတ် လိုက်သည်။

 

“ခဏနေပါဦး၊ ကျွန်မ ဒီနေ့ အပြင်ထွက်တာကို ရှင် ဘယ်လိုလုပ်ပြီး သိနေတာလဲ။ ရှင်... ကျွန်မကို စောင့်ကြည့်ဖို့ ကျွန်မနောက်ကို တစ်ယောက်ယောက် လွှတ်ထားတာလား”

***