အပိုင်း ၁၃၁
Viewers 948

အခန်း (၁၃၁)

 ကျွန်မ ရှင့်ကို အထူးအခွင့်အရေးတစ်ခု ပေးမယ်

 

ဟောက်ချန်ဟွမ်းသည် တောင့်တင်းသွားကာ သူ၏ မျက်နှာ အမူအရာသည် ထိန်းမနိုင် သိမ်းမရ ပျက်ယွင်းသွားသည်။

 

“ကိုယ်...”

 

“ဟမ်”

 

စုယန်ယန်သည် ခေါင်းငဲ့ကာ သူမ အသေအချာ နားထောင်နေကြောင်း သဘော သက်ရောက်သည့် အကြည့်တစ်ချက် ပေးလိုက်သည်။

 

ဟောက်ချန်ဟွမ်းသည် စုယန်ယန်နှင့် မဝံ့မရဲ အကြည့်ချင်း ဆုံလိုက်သည်။ သူ့မှာ ပေးစရာ အကြောင်းပြချက် ဘယ်လောက်ပဲ ရှိနေပါစေ အဲ့တာတွေက အချည်းနှီးပဲလို့ သူ ခံစားမိသည်။ နောက်ဆုံး၌ သူ အကြောင်းပြချက်ပေးဖို့ လက်လျှော့လိုက်ပြီး “ကိုယ် မင်းကို စိတ်ပူလို့ပါ” လို့ ကိုးရိုးကားရားနိုင်စွာ ပြန်ဖြေသည်။

 

 

သူ ပြောတာကို ကြားပြီးနောက် စုယန်ယန်သည် သူ့ကို ခဏလောက် စိုက်ကြည့်ပြီး ရုတ်တရက် ပြုံးလိုက်သည်။

 

“ကျွန်မ သိပါတယ်”

 

“မင်း စိတ်မဆိုးဘူးလား”

 

“ကျွန်မ ဘာဖြစ်လို့ စိတ်ဆိုးရမှာလဲ။ ကျွန်မ တစ်ခုခုဖြစ်ရင် ကျွန်မအနားမှာ တစ်ယောက်မှ မရှိမှာကို ရှင် စိုးရိမ်နေတာ မဟုတ်လား၊ ဒါ့ကြောင့် ရှင် ကျွန်မနောက်ကို လိုက်ပါ စောင့်ရှောက်ပေးဖို့ တစ်ယောက်ယောက်ကို စေလွှတ်ခဲ့တာလေ။ ကျွန်မရဲ့ သတို့သားလောင်းက ကျွန်မကို အရမ်းဂရုစိုက်တာ ကောင်းတဲ့အချက်ပဲ။ ဒီအကြောင်းကို တခြားသူတွေကိုသာ ပြောပြလိုက်ရင် မိန်းကလေး တော်တော်များများ ကျွန်မကို မနာလိုဖြစ်ကြလိမ့်မယ်”

 

ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက တလက်လက် ‌တောက်ပသွားကာ တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လက်သီးကို တဖြည်းဖြည်း ဖြေလျှော့လိုက်သည်။

 

“‌ဒါ့အပြင်၊ ကျွန်မက မသမာမှုတွေ ပြုလုပ်ဖို့ အပြင်ကို သွားတာမှ မဟုတ်တာ။ ကျွန်မကို လျှို့ဝှက် ကာကွယ်ပေးတဲ့ အပိုလူ တစ်ယောက် ရှိရုံပဲလေ။ ကျွန်မကို ဘာကို စိတ်ဆိုးစရာ ရှိရမှာလဲ”

 

စုယန်ယန်သည် ဤသို့ပြောရင်း မပြုံးပဲ မနေနိုင်ဖြစ်လာကာ ရွှင်မြူးစွာဖြင့် ဆက်ပြောသည်။

 

“ရှင် ကျွန်မ စိတ်ဆိုးမှာကို တကယ်ပဲ စိုးရိမ်နေတယ်ဆိုရင် ကျွန်မ ရှင့်ကို အခုပဲ အထူးအခွင့်အရေး တစ်ခု ပေးမယ်”

    

 

“အခွင့်အရေးလား။ ဘာအခွင့်အရေးလဲ”

 

“ကျွန်မ အပြင်ထွက်တဲ့ အခါတိုင်း ကျွန်မ လုပ်သမျှ ကိစ္စတိုင်းကို ရှင်သိနိုင်ဖို့အတွက် ကျွန်မနောက်ကို လူလွှတ် စောင့်ကြည့်ခိုင်းလို့ ရတယ်။ အင်း၊ ကျွန်မ ရှင့်အတွက် အံ့သြစရာတွေ လုပ်ပေးချင်တာက လွဲရင် ကျန်တာအားလုံး ရှင်သိလို့ရတယ်။ ရှင့်အတွက် ကျွန်မလုပ်ပေးမယ့် surpriseကို ရှင်ကြိုသိနေရင် surpriseလို့ မဆိုနိုင်တော့ဘူးလေ”

 

ဟောက်ချန်ဟွမ်း ကြက်သေ သေသွားခဲ့ပြီး စုယန်ယန်အတွက် သူ ပြင်ဆင်ထားသည့် surprise တွေကို တွေးမိသွားသည်။ သူ surprise မလုပ်မီ သူမက ထိုအရာကို ရှာဖွေတွေ့ရှိ သွားခဲ့မယ်ဆိုရင် ထို surprise ဟာ အမှန်တကယ် ပျက်စီးသွားမည် ဖြစ်သည်။

 

စုယန်ယန်က ဝမ်းနည်းစွာ ပြောသည်။

 

 “တကယ်တော့၊ ကျွန်မလည်း ရှင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို နေ့တိုင်း စောင့်ကြည့်ပေးပြီး ကျွန်မကို အစီခံနိုင်မယ့်သူ လိုချင်တယ်၊ ရှင် အချိန်မှန်စားလား၊ ရှင် ကောင်းကောင်း အနားယူရဲ့လား၊ ဒါမှမဟုတ် ရှင် နောက်ကျတဲ့အထိ အလုပ်တွေ လုပ်နေပြန်ပြီလား...”

 

စုယန်ယန် စကားတွေ အများကြီး ပေါက်ပေါက်ဖောက် ပြောနေတာကို ဟောက်ချန်ဟွမ်းက စိတ်ရှည်ရှည်နဲ့ နားထောင်ပေးနေရုံ သာမက ညင်သာစွာ လိုက်လျောပေးသည်။

 

 “ကိုယ် ကျစ်ယန်ကို မင်းဆီ နေ့တိုင်း သတင်းပို့ခိုင်းလိုက်မယ်”

 

 

စုယန်ယန်သည် မယုံနိုင်လောက်အောင် အံ့အားသင့်ပြီး စက္ကန့် အနည်းငယ်ခန့် အကြာတွင် သူ ဘာကို ဆိုလိုသည်ကို နားလည် သဘောပေါက် သွားခဲ့သည်။ သူမသည် အံ့အားသင့်စွာဖြင့် “ရှင် ကျွန်မကိုရော ဒီလိုလုပ်ခွင့်ပြုတာလား”

 

“အင်း”

 

“ဒါဆို ရှင် သူ့ကို ရှင့်အကြောင်း ကျွန်မကို အမှန်အတိုင်း ပြောခွင့်ပေးရမယ်နော်၊ သူက ရှင့်အတွက် ကူညီဖုံးဖိပေးတာမျိုး မလုပ်ရဘူး”

 

“ကောင်းပြီ”

 

“မနက်ဖြန်ကနေ စလို့ရမလား”

 

“ကိုယ်တို့ ဒီနေ့ကနေ စလို့ရတယ်”

 

“စုယန်ယန်သည် ဟောက်ချန်ဟွမ်းရဲ့ လျင်မြန်သော ကတိစကားကို ကြားလိုက်ရသောအခါ ဝမ်းသာရွှင်မြူး သွားသည်။ စုယန်ယန်သည် ဟောက်ချန်ဟွမ်းကို အချိန်ခဏကြာ စေ့စေ့စပ်စပ် ကြည့်ရင်း သက်ပြင်း တစ်ချက်ချကာ ချီးမွမ်းပြောဆိုမိသည်။

 

“ရှင်က ဘယ်လိုလုပ်ပြီး အရမ်းအံ့သြဖို့ ကောင်းရတာလဲ”

 

ဟောက်ချန်ဟွမ်းသည် သူ့ကို စေ့စေ့ကြည့်ကာ ချီးမွမ်းလိုက်သော သူမကြောင့် နီမြန်း သွားခဲ့သော်လည်း စုယန်ယန်ကို ကြည့်နေသည့် သူ့မျက်ဝန်းတွေက တလက်လက် တောက်ပနေခဲ့သည်။

 

ဟောက်ချန်ဟွမ်းသည် သူက “အရမ်းအံ့သြဖွယ် ကောင်းသူ” မဟုတ်ဟု တိတ်တဆိတ် တွေးနေမိသော်လည်း သူ့ကောင်မလေးက သူ့ကို ထိုသို့ သတ်မှတ် ရှုမြင်တဲ့အပြင် သူ့ဆန္ဒတွေကိုလည်း ဦးစားပေးသည်။

 

သူမကို ကာကွယ်ပေးဖို့ လျှို့ဝှက် သက်‌‌တော်စောင့် စေလွှတ်လိုက်တယ် ဆိုသည့် အချက်ကို အဓိပ္ပါယ်နှစ်မျိုး ဖွင့်ဆိုနိုင်သည်။ သူက သူမကို စိတ်ပူသဖြင့် သူမကို ကာကွယ်ပေးရန် တစ်ယောက်ယောက်ကို စေလွှတ် ပေးလိုက်သည်ဟု အဓိပ္ပါယ် ဖွင့်ဆိုနိုင်သည့်အပြင် သူမကို အလွန်အမင်း ပိုင်ဆိုင်လိုစိတ် ပြင်းပြ၍ လျှို့ဝှက်စောင့်ကြည့် နေသည်ဟုလည်း အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသေးသည်။

 

အကယ်၍ အခြား တစ်ယောက်သာဆိုလျှင် ဒီလိုမျိုး လျှို့ဝှက် စောင့်ကြည့်ခိုင်းမှန်း သိရရင် စိတ်မသက်မသာ ဖြစ်မိမှာ သေချာသည်။

 

သို့သော်လည်း စုယန်ယန်ကမူ လုံးဝ စိတ်မသက်မသာ ဖြစ်ဟန် မရှိပဲ သူ့ရဲ့ လုပ်နည်းကိုင်နည်းကိုပင် သဘောတူပေးခဲ့သည်။

 

စုယန်ယန်သည် ဟောက်ချန်ဟွမ်း စိတ်အနှောင့်အယှက် ဖြစ်စေမယ့် အရာတွေကို သူမ မလုပ်ကိုင်ဘူး ဟူသည့် ယုံကြည်မှုမျိုးကို ပေးခဲ့ရုံသာမက သူမသည် သူ့ကို ပျော်ရွှင်စေချင်သည်။ ထို့ထက်ပို၍ သူ့ကို စိတ်သက်သာရာ ရရှိစေချင်သည်။

 

 

သူမသည် သူ့ရဲ့ပိုင်စိုးလိုစိတ်ကို ရက်ရက်ရောရော ဖြည့်ဆည်းပေးကာ သူ၏ အဖြစ်သည်းမှုကိုလည်း သည်းခံခဲ့သည်။

 

ဒီအတွေးက ဟောက်ချန်ဟွမ်း၏ နှလုံးသားကို လှုံ့ဆော်သွားကာ သူ့ရင်ဘတ်ကို ပူလောင် လာစေသည်။

 

အချစ်ငှက် နှစ်ကောင်ဟာ အကြည်စိုက်နေရင်း သွမ်းသွမ်းကို လျစ်လျူရှု ထားမိသည်။ သူတို့အချင်းချင်း ဖန်သားပြင်ကနေ တစ်ယောက်ကိုတစ်ယောက် ချစ်ကြည်နူးစွာ တော်တော် ကြာသည့်အထိ အကြည့်ချင်း ဆုံနေခဲ့သည်။ ရုတ်တရက် ဟောင်သံတစ်ခုက သူတို့ ချစ်ကြည်နူးနေမှုကို ဖျက်ဆီး သွားခဲ့သည်။

 

“ဝုဖ်…”

 

***