အပိုင်း ၁၃၂
Viewers 899

အခန်း (၁၃၂)

 ကျွန်မ ရှင့်ကို ပွဲကြီးပွဲကောင်းတစ်ခု ကြည့်ရအောင် ခေါ်သွားပေးမယ်

 

ဟောက်ချန်ဟွမ်းက ဟောင်သံကို ကြားလိုက် ရသောအခါ မျက်ခုံးပင့် သွားခဲ့သည်။ ထပ်တူညီစွာပင် စုယန်ယန်သည်လည်း လန့်သွားခဲ့သည်။

 

 

တတိယဘီးအဖြစ် တွန်းအားပေး ခံရသော သွမ်းသွမ်းသည် ပို၍ ဝမ်းနည်းပူဆွေးနေပုံ ပေါ်သည်။

 

သူလေးက ကပျာကယာ ထရပ်ပြီး ဖန်သားပြင် တစ်ဖက်ရှိ သူလေး၏ ပိုင်ရှင်ဖြစ်သူအား စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။ သူလေးရဲ့ နာကျင်နေသော အမူအရာက ‘ငါ အိမ်နဲ့ ဝေးနေတာ ရက်ပိုင်းပဲ ရှိသေးတယ်၊ မင်းမှာ နောက်ထပ်ခွေး ရှိနေပြီလား’ လို့ ပြောနေသလိုပင်။

 

ဟောက်ချန်ဟွမ်းသည်လည်း သွမ်းသွမ်းကဲ့သို့ အလားတူ သံသယအချို့ ရှိဟန်တူသည်။ “မင်းမှာ... မင်းမှာ နောက်ထပ် ခွေးရှိနေတာလား”

 

အစကတော့ စုယန်ယန်က ဘာမှ မတုံ့ပြန်ခဲ့ဘူး။ ထို့နောက် သူမ အိမ်မှ မထွက်ခင်မှာ သူမ မိခင်က သူမ ဖခင်ကို သူ့သူငယ်ချင်းထံမှ ခွေးကောင်ရေ အနည်းငယ်ခန့် သွားငှားရမ်းဖို့ ပြောဆိုခဲ့တာကို ပြန်အမှတ်ရမိသည်။ ဟောက်ချီဟန်နှင့် သူ့ဇနီးသည်တို့ အိမ်လည်လာရဲရင် ဒီခွေးတွေကို စေလွှတ်၍ သူတို့ကို ကိုက်ခိုင်းစေမည်။ ဒါက ဖြစ်နိုင်ပါ့မလား...

 

“ကျွန်မ မဟုတ်ဘူး... အဲ့တာ ကျွန်မ အမေလုပ်တာ။ အမေက ဒီမနက် အဖေ့ကို သူ့သူငယ်ချင်းဆီကနေ ခွေးကောင်ရေ အနည်းငယ် သွားငှားခိုင်းခဲ့တယ်”

 

“သူက ခွေးကောင်ရေ အနည်းငယ် သွားငှားခဲ့တာလား”

 

“ဟုတ်တယ်”

 

စုယန်ယန်သည် သူမအခန်း၏ ခန်းဆီးစကို စကားပြောဆိုနေရင်း ဖွင့်ကြည့်လိုက်ရာ ခြံတံခါးဝတွင် ရင်းနှီးနေသော ပုံရိပ်နှစ်ခုကို တွေ့မြင်လိုက်ရသည်။ သူမ မျက်ဝန်းတွေက ချက်ချင်း တောက်ပလာခဲ့သည်။

 

“ခဏစောင့်ဦး၊ ကျွန်မ ရှင့်ကို ပွဲကြီးပွဲကောင်းတစ်ခု ကြည့်ရအောင် ခေါ်သွားပေးမယ်”

 

စုယန်ယန် အိမ်အောက်ထပ်သို့ ဆင်းလာသောအခါ ချိန်ရှုချင်သည် အေးစက်သော အမူအရာဖြင့် ခြံတံခါးဝတွင် မတ်တပ် ရပ်နေတာကို တွေ့လိုက်ရသည်။ ချိန်ရှုချင်သည် သူမ မေးစေ့ကို ပင့်ထားကာ သူမ မျက်ဝန်းထဲတွင် မဖိတ်ခေါ်ထားသည့် ဒီဧည့်သည် နှစ်ဦးကို မြင်တွေ့ရတာ ရွံ့ရှာဖွယ် ကောင်းသည့် အမှိုက်ပုံးများကို မြင်တွေ့လိုက်ရသဖြင့် စက်ဆုပ်မှုများ ပြည့်နှက်နေသည့်ပုံ ပေါ်သည်။

 

သူမ ဘေးနားတွင် မစ္စတာစုက လက်တစ်ဖက်တွင် ခွေးနှစ်ကောင်စီ လူကြီးခေါင်းစောင်း လောက်ရှိသည့် ခွေးလေးကောင်ကို ကိုင်ထားပြီး ခြံတံခါးဝကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားသည်။ သူတို့ရဲ့ ထိတ်လန့်စေသည့် ဟောင်သံများက ကြောက်မက်ဖွယ်ရာ အသွင်များ နှင့်အတူ လိုက်ဖက်ညီကာ လူတိုင်းကို ထိတ်လန့် သွားစေသည်။

 

 

စုယန်ယန်သည် ထိုပုံရိပ်များကို စိတ်လှုပ်ရှားစွာ အနီးကပ် သွားကြည့်ချင်သော်လည်း သူမကို ဆွဲထုတ်သွားခြင်း ခံခဲ့ရသည်။

 

“အဘိုး၊ ဘာလို့ ဒီမှာ နေနေတာလဲ”

 

အဘိုးချိန်က အေးစက်စွာ ‘ဟွန်း’ ဟု လှောင်ပြောင် သရော်လိုက်သည်။

 

“ငါက ဒီမှာမရှိလို့ ဘယ်မှာ ရှိနေရမှာလဲ။ အပြင်က အရူးနှစ်ကောင်က အမောတကော အပြေးအလွှား လာခဲ့တာ ငါ့ကြောင့်ပဲ မဟုတ်လား။ အကယ်၍ ငါသာ အပြင်ကို ထွက်သွားခဲ့ရင် သူတို့က သူတို့လိုချင်တာ ရသွားခဲ့မှာ မဟုတ်လား”

 

စုယန်ယန်က ချက်ချင်း ဆိုသလို နားလည် သဘောပေါက် သွားသည်။

 

“ဒါဆို၊ အမေက အဖိုးကို ဒီနေရာကနေ စောင့်ကြည့်စေချင်တာပေါ့ ဟုတ်လား”

 

အဘိုးချိန်သည် သူ့လမ်းလျှောက် တုတ်ကို မြေပေါ်သို့ ဆောင့်ချကာ အလွန် မပျော်ရွှင်နေသည့် ပုံပေါ်သည်။

 

စုယန်ယန်သည် ဟက်ဟက်ပက်ပက် မရယ်ပဲ မနေနိုင်တော့ပေ။ သူမ မိခင်ဖြစ်သူက အဘိုးဖြစ်သူကို ဟောက်ချီဟန်တို့ လင်မယားကို မတွေ့စေချင်သည့် အတွက် အိမ်ထဲတွင် နေခိုင်းခဲ့သည်။ ထို့အပြင် သူမသည် သူတို့နှင့် စကားများ ရန်ဖြစ်သည့်အခါ သူ့အရိုးအိုများကို မတော်တဆ ထိခိုက်သွားမှာကို စိုးရိမ်လေသည်။

 

မည်သို့ပင် ဆိုစေကာမူ လူအိုကြီးသည် မတုန်မလှုပ် နေတတ်သည့် လူပုဂ္ဂိုလ်တစ်ဦး မဟုတ်ပေ၊ စုယန်ယန်နှင့် ‌ဟောက်ရှောက်ဖုန်းတို့ အကြား ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို ကြားသိခဲ့ရပြီး နောက်တွင် သူ့နှလုံးသားမှာ ဒေါသစိတ်များ ဖုံးလွှမ်းသွားခဲ့မိသည်။

 

အိမ်ထဲမှာ ရုပ်မြင်သံကြားကို ထိုင်ကြည့်နေတာထက် စာရင် မဖိတ်ခေါ်ထားသည့် ဧည်သည် နှစ်ယောက်ကို ခြံတံခါးမှ ခွေးလေးကောင်က ကိုက်လိုက်တာကို ကြည့်ဖို့ စောင့်မျှော်နေမိသည်။

 

ဟောက်ချီဟန်သည် တစ်နေ့တွင် ဤကဲ့သို့ ကိုးရိုးကားရား နိုင်သော ကြိုဆိုမှုများကို ကြုံတွေ့ရမည်ဟု မမျှော်လင့် ထားခဲ့ပေ။ အရင်ကဆို သူတို့ အိမ်လည်လာသည်နှင့် သဘောထားကြီးပြီး ဖော်ဖော်ရွေရွေ ရိုးရိုးသားသား ဆက်ဆံတတ်သည့် ချိန်ရှုချင်တို့ လင်မယားဟာ သူတို့ဧည့်သည်တွေကို သူတို့ခြံတံခါးဝမှာပင် နှင်မထုတ်နိုင်လောက်ဘူးလို့ တွေးထင်ခဲ့ကြသည်။

 

သို့သော် သူတို့က ဒီရိုးသားသော သူတို့အား အနိုင်ကျင့်ခဲ့သည်ကို မေ့လျော့ သွားခဲ့သည့်အပြင် သာမန် လူတွေထက် ပိုဆိုးရွားသော ကိစ္စရပ်များကို ပြုလုပ်ခဲ့သည့် သူတို့ရဲ့ အပြုအမူတွေကို မေ့လျော့ နေခဲ့ကြသည်။

 

ဟောက်ချီဟန်က အငြိမ်မနေသော ခွေးလေးကောင်ကို ကြည့်ပြီး စိုးရိမ်ကြောင့်ကြလျက် ရှိသော်လည်း သူတို့ ဒီကိုရောက်တာကို အချည်းနှီး မဖြစ်စေလိုသည့် အတွက် သူ့ဇနီးသည်အား အဓိပ္ပါယ် အပြည့်ပါသော အကြည့်တစ်ချက် ပစ်ခွင်းလိုက်သည်။

 

မစ္စဟောက်သည် သာမန်အတိုင်း ခွေးများကို ကြောက်ရွံ့နေပြီး သူမသည် ခွေးလေးကောင်နှင့် မျက်နှာချင်း ဆိုင်ရသောအခါတွင် သူမ၏ ဒူးတွေက အားနည်း ပျော့ခွေနေခဲ့သည်။

 

ကံမကောင်းစွာဖြင့်၊ သူမ ခင်ပွန်းသည်က ပြန်သွားဖို့ကို ဝန်လေးနေသည့် အတွက်ကြောင့် အံတင်းတင်းကြိတ်ကာ “ရှုချင်၊ ငါ...”

 

“မခေါ်နဲ့”

 

ချိန်ရှုချင်က သူမ စကားမဆုံးခင်မှာပင် စိတ်မရှည်စွာ ကြားဖြတ် လိုက်သည်။

 

 “နင်နဲ့ ငါက မရင်းနှီးတော့ဘူး၊ ဒါ့ကြောင့် နင် ငါ့ကို မစ္စစုလို့ ခေါ်သင့်တယ်၊ လူတွေက နင်တို့ ဟောက်မိသားစုနဲ့ ငါတို့ စုမိသားစုတို့ကို ‘ရင်းနှီးကျွမ်းဝင်တဲ့ လူတွေ’ လို့ ထင်မိအောင် ရင်းရင်းနှီးနှီး မပြောနဲ့”

 

ချိန်ရှုချင်က သူတို့နှင့် လုံးဝ အဆက်အသွယ် ဖြတ်ရန် စီစဉ်နေမှန်း သိသွားရသဖြင့် မစ္စဟောက်၏ မျက်နှာဟာ ဖြူဖျော့သွားခဲ့သည်။ အရင်က သူတို့ဟာ ‘ရင်းနှီးကျွမ်းဝင်တဲ့ လူတွေ’ ဆိုသည့် ခေါင်းစဉ် အောက်မှာ ရှိခဲ့ကြပေမယ့် ယခု အချိန်မှစ၍ သူတို့က သူစိမ်းများသာ ဖြစ်သွားရတော့မည်။

***