မူယာမာယာ
များသောစုံတွဲ
ဟောက်ချီဟန်သည်
သူ့ဇနီးသည် ပြောဆို ခံနေရတာကို မြင်လိုက်ရသောအခါ စိတ်တိုပြီး ဒေါသထွက် သွားခဲ့သည်။
သူက အသည်းအသန် ရှေ့သို့ ခြေလှမ်းလှမ်းကာ ပြောလိုက်သည်။
“ရှုချင်၊
နင် ရှောက်ဖုန်းကြောင့် စိတ်ဆိုးနေသေးတာကို ငါသိပါတယ်။ ငါ သူ့ကို ပြင်းပြင်းထန်ထန်
ဆူပူခဲ့ပြီးပါပြီ။ နင်နဲ့ ဟဲဝမ်တို့က နှစ်အတော်ကြာအောင် သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာလေ၊
ကလေးတွေကြောင့်နဲ့ နင်တို့ရဲ့ ဆက်ဆံရေးကို ဖြတ်တောက် လိုက်တာမျိုး မဖြစ်သင့်ပါဘူး...”
ချိန်ရှုချင်က
ဟွန့်ခနဲ နှာခေါင်းရှုံ့ လိုက်မိလုနီးပါး ဖြစ်သွားခဲ့သည်။ သူ့လေသံကို ကြားရတာ သူ့သားဖြစ်သူကို
ဆူပူကြိမ်းမောင်း လိုက်ရုံနဲ့ သူမ သမီးလေးကို ထိခိုက် နာကျင်စေမှုနဲ့ စုမိသားစုရဲ့
ဂုဏ်သိက္ခာကို ပျက်စီး ယိုယွင်းစေမှုကို ချေဖျက် လိုက်နိုင်တယ်လို့ ထင်နေတဲ့ပုံပဲ။
သူက သူမက ဘာမှမဖြစ်ဟန် ဆောင်ဖို့ မျှော်လင့်နေတာလား။
ထို့အပြင်
သူက ကလေးတွေကြောင့် ဆက်ဆံရေး ပြတ်တောက်တယ်လို့ ရည်ညွှန်း ပြောဆိုခဲ့သည်။ ကလေးတွေကြောင့်
သာမက သူတို့ မိသားစ၏ အကျည်းတန်သော မျက်နှာ အစစ်အမှန်ကို သူမတို့ သိရှိသွားလို့မှန်း
သတိမမူမိကြသေးပေ။
သူမနှင့်
အချိန်ကြာမြင့်စွာ မတွေ့ခဲ့ရသော တက္ကသိုလ် အတန်းဖော် သူငယ်ချင်းကို သူမ မည်မျှ စိတ်အား
ထက်သန်စွာ ရင်းရင်းနှီးနှီး ဆက်ဆံခဲ့မိတာကို တွေးမိသောအခါ ချိန်ရှုချင်သည် အော်ဂလီ
ဆန်လာသလို ခံစားရပြီး သူမ မျက်ကန်း ဖြစ်နေခဲ့သည့်အတွက် ဝမ်းနည်း ပူဆွေးမိသည်။
မစ္စတာစုသည်
ဒီမိသားစုရဲ့ အရှက်မရှိမှုကို အလွန် စက်ဆုပ် ရွံ့ရှာမိသည်။ သူက ခွေးတွေကို သူ့ဇနီးသည်
အနားသို့ ခေါ်သွားခဲ့ပြီး အေးစက်စွာ အော်ပြောခဲ့သည်။
“မင်း
ဘာဖြစ်လို့ ဒီနေရာမှာ လာအော် နေရတာလဲ။ မင်းက ငါ့ဇနီးရဲ့ နာမည်ကို ခေါ်ဖို့တောင် အရည်အချင်း
ပြည့်မီလို့လား”
သူက
အေးစက်စွာ ပြောလိုက်တာက ကောင်းမွန်စွာ လေ့ကျင့်ထားသော စကားလုံးများကို ပြောတော့မည့်
ဟောက်ချီဟန်သည် မစ္စတာစုရဲ့ စကားသံကို ကြားလိုက် ရပြီးနောက် သူ ပြောတော့မည့် စကားလုံးတွေဟာ
သူ့လည်ချောင်းထဲတွင် နစ်မြှုပ်ပျောက်ကွယ်သွားခဲ့သည်။
ခွေးလေးကောင်သည်
မစ္စတာစုရဲ့ ဦးဆောင်မှုကို ပူးပေါင်းသည့် အနေဖြင့် သူတို့ ပါးစပ်များကို ဖွင့်ဟကာ ဟောက်ချီဟန်ကို
ထိုးဟောင်တော့သည်။ သူတို့သည် မျက်နှာတွေကို တင်းထန် မာကြောပြီး ရက်စက်သော အသွင်များဖြင့်
သူတို့၏ ထက်မြိသော သွားဖြူများကို ထုတ်ဖော်ကာ အချိန်မရွေး ရှေ့သို့ ပြေးတက်ကာ စုတ်ဖြဲတော့မည့်
အသွင် ဆောင်နေခဲ့သည်။
ဟောက်ချီဟန်တို့
လင်မယားသည် နောက်သို့ သူ့အလိုလို ခြေလှမ်း ပြန်ဆုတ်မိကာ သူတို့ မျက်နှာများမှာ ဖြူဖျော့နေခဲ့သည်။
ကံကောင်း
ထောက်မစွာဖြင့် ဟောက်ချီဟန်သည် ကုမ္ပဏီကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့သည့် အတွေ့အကြုံ
ရှိသောကြောင့် သူ့သမာဓိကို ထိန်းသိမ်း ထားနိုင်ခဲ့သည်။
သူက
အသက်ပြင်ပြင်း ရှူကာ သူ့စိတ်နှလုံးထဲက ကြောက်ရွံ့မှုနှင့် အားမလို အားမရဖြစ်ခြင်းကို
ထိန်းထားလိုက်ပြီး ခြောက်ကပ်စွာ ပြောလိုက်သည်။
“မင်းတို့
အရင်ဆုံး ဒီလိုမျိုးတွေ မလုပ်ပါနဲ့လား။ ငါတို့က ဒီကို ရိုးရိုးသားသား တောင်းပန်ဖို့
ရောက်လာတာပါ။ ရှောက်ဖုန်းက စေ့စပ်တဲ့ အကြောင်းကိစ္စတွေမှာ အမှားလုပ်မိတယ် ဆိုပေမယ့်
ယန်ယန်က သူ့ကို ပြန်ရိုက်ခဲ့ပြီးပြီပဲ မဟုတ်လား။ ရှောက်ဖုန်းက အခု ဆေးရုံမှာ လဲလျောင်းနေရဆဲ
ဖြစ်ပြီးတော့ သူ့ကို မြူဆွယ် ဖြားယောင်းတဲ့ မိန်းကလေးနဲ့ လမ်းခွဲဖို့ကိုလည်း ငါတို့
ပြောထားခဲ့ပါပြီကွာ။ မင်းတို့လို သဘောထား ကြီးသူတွေက သူ့ကို တစ်ခါလောက် ခွင့်လွှတ်ပေးနိုင်မလား”
ဒီစကားကို
ကြားလိုက်ရတော့ အိမ်အတွင်းမှ စုယန်ယန်ဟာ အနည်းငယ် အံ့အားသင့် သွားကာ သူမ မျက်ခုံးကို
ပင့်လိုက်မိသည်။
ဒီစုံတွဲက
ဟောက်ရှောက်ဖုန်းကို ဝမ်ကျင့်ဖျင်နှင့် လမ်းခွဲဖို့ အမိန့်ပေးခဲ့တာလား။ သူမ သေသေချာချာ
ပြန်တွေး ကြည့်လိုက်တော့ မူရင်းစာအုပ်တွင် ဟောက်ချီဟန်တို့ လင်မယားသည် သာမန်မိသားစုမှ
မွေးဖွားလာသော ဝမ်ကျင့်ဖျင်အပေါ် အပြုသဘော ဆောင်သည့် အထင်အမြင်မျိုး မရှိခဲ့ပေ။
အကယ်၍
ဝမ်ကျင့်ဖျင်သည် တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး အစရှိသဖြင့် အမျိုးသား ဇာတ်ပို့များနှင့်
ရင်းနှီးကျွမ်းဝင်ခြင်း မရှိခဲ့ပါက သူမသည် ဟောက်ရှောက်ဖုန်း၏ အသက်မွေးဝမ်းကြောင်း အတွက်
ကူညီပေးနိုင်သည့် အဆက်အသွယ်များ ရရှိပြီး ကွန်ရက် ထူထောင်ရာတွင် အောင်မြင်လိမ့်မည်
မဟုတ်ပေ။ ဤကဲ့သို့ မစွမ်းဆောင်နိုင်ခဲ့ပါက ဒီမူယာမာယာများသော စုံတွဲသည် ဝမ်ကျင့်ဖျင်ကို
သူတို့၏ ချွေးမအဖြစ် သဘောတူ လက်ခံပေးနိုင်မှာ မဟုတ်ဘူး။
ရွံ့စရာ
အကောင်းဆုံးမှာ ဟောက်ချီဟန်သည် ဝမ်ကျင့်ဖျင်ကို ညွှန်းဆိုရာတွင် “ဖြားယောင်း သွေးဆောင်သူ”
ဟု ပြောဆိုခဲ့ကာ သူမအပေါ် အပြစ်အားလုံး ပုံချခဲ့ပြီး ဟောက်ရှောက်ဖုန်းနှင့် သူတို့မိသားစုရဲ့
နာမည်ဆိုးများကို ရှင်းလင်းဖို့ ကြံစည်နေတာလား။
ချိန်ရှုချင်တို့
လင်မယားသည် ဒေါသ ထွက်နေဆဲဖြစ်ပြီး နှစ်ယောက်စလုံးက ခြံတံခါးကို ပိတ်ဆို့ထားပြီး ခွေးတွေကို
လွှတ်ပေး လိုက်ချင်ပေမယ့် သူတို့က ဒီအကြောင်းများအား ကြားလိုက်ရသောအခါ အနည်းငယ် စိတ်ရှုပ်ထွေး
သွားခဲ့သည်။
“ယန်ယန်က
ရှောက်ဖုန်းကို ရိုက်ခဲ့တာလား”
ချိန်ရှုချင်သည် သူမခေါင်းကို လှည့်ကာ သူမခင်ပွန်း
ဖြစ်သူကို ကြည့်လိုက်သော်လည်း သူလည်း ဘာပြောရမှန်း မသိဖြစ်နေတာကို တွေ့လိုက်ရသည်။ သူသည်လည်း
ဒီအကြောင်းကိစ္စအား မသိဟန်ပေါ်သည်။
ဟောက်ချီဟန်သည်
သူတို့ရဲ့ မျက်နှာအမူအရာ အပြောင်းအလဲကို စောင့်ကြည့် လေ့လာနေခဲ့ပြီး စုယန်ယန်က ထိုအဖြစ်အပျက်နှင့်
ပတ်သက်၍ သူတို့အား မပြောပြထားကြောင်း ရိပ်မိသိရှိသွားခဲ့သည်။
“ဟုတ်တယ်၊
လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူတို့နှစ်ယောက် တွေ့ဆုံခဲ့ပြီး ပဋိပက္ခ နည်းနည်း ဖြစ်သွားခဲ့တယ်။
ယန်ယန်က ရှောက်ဖုန်းကို ရိုက်နှက်ခဲ့တယ်၊ ရှောက်ဖုန်းက အခုထိ ဆေးရုံတက်နေရဆဲ ဖြစ်ပြီးတော့
မထနိုင်သေးဘူး”
ဟောက်ချီဟန်သည်
တစ်ခုခုကို တွေးမိသလိုမျိုး သက်ပြင်းမော ချလိုက်ကာ “ငါ ယန်ယန်ကို အပြစ်မတင်ပါဘူး။ ရှောက်ဖုန်းက
သူမကို အမှားလုပ်မိတာကြောင့် ဖြစ်မှာပါ။ သူက ယန်ယန် ရိုက်နှက်တာ ခံထိုက်ပါတယ်” လို့
အလျင်အမြန် ဖြည့်စွက် ပြောဆိုလိုက်သည်။
***