ခွေးတွေကို လွှတ်လိုက်
ဟောက်ချီဟန်က
သားဖြစ်သူသည် စုယန်ယန်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး အခုအချိန်အထိ ဆေးရုံပေါ်မှာ လှဲနေရသေးကြောင်းကို
လိမ္မာပါးနပ်စွာ ထည့်သွင်း ပြောဆိုခဲ့သည်။ သာမန်လူများ အနေဖြင့် ဒီအကြောင်းကို ကြားရင်
ဒဏ်ရာရသွားသည့် လူကိုသာ အလိုအလျောက် သနားကြင်နာ မိကြလိမ့်မည်။
စုယန်ယန်က
ဟောက်ရှောက်ဖုန်းကို ရိုက်နှက်ခဲ့သည့် အကြောင်းကိုအား မပြတ်မသား ပြောဆိုနေခဲ့သော်လည်း
စုယန်ယန်က ဟောက်ရှောက်ဖုန်းကို ဘာကြောင့် ရိုက်နှက်ခဲ့ ရတာလဲ ဆိုသည့် အကြောင်းကိုတော့
မပြောပြခဲ့ပေ။
ဒီအကြောင်းကို
မပြတ်မသား လိမ္မာပါးနပ်သည့် အသွင်ဖြင့် ဟောက်ချီဟန် ပြောဆိုနေပုံမှာ စုယန်ယန်ကို ဟောက်ရှောက်ဖုန်းက
လိမ်လည် လှည့်ဖြားခဲ့သောကြောင့် ဒေါသထွက်ပြီး စုယန်ယန်က ဟောက်ရှောက်ဖုန်းကို ရိုက်နှက်ခဲ့တာ
ဖြစ်သည်ဟု ရည်ညွှန်း နေပုံရသည်။
အရင်
ဟောက်ရှောက်ဖုန်း လုပ်ခဲ့သည့် အပြုအမူများက မှားယွင်းနေသော်လည်း သူ့အမှားအတွက် အရိုက်ခံခဲ့ရပြီး
အပြစ်တင် ကြိမ်းမောင်း ခံခဲ့ရသည်။
သူတို့က
ဟောက်ရှောက်ဖုန်းကို ထိုမိန်းမနှင့် လမ်းခွဲရန် အမိန့်ပေး ထားခဲ့ပြီး အကယ်၍ စုမိသားစုကသာ
သူတို့ကို ဒီအကြောင်းနှင့် ပတ်သက်၍ ဆက်လက် ပြဿနာ ရှာနေမည်ဆိုလျှင် သူတို့အလွန် ဖြစ်သည်ဟု
ထင်မြင်သွားပေလိမ့်မည်။
စုယန်ယန်က
တစ်ချက် ကြည့်ရုံဖြင့်ပင် ဟောက်ချီဟန် တွက်ချက်နေသည့် အတွေးများကို မြင်မိသည်။ သူမက
အပြင်သို့ထွက်ပြီး ဒီအကြောင်းအား ဖော်ထုတ်လိုက်ချင်ပေမယ့် သူမအဘိုးဖြစ်သူက သူမကို နောက်သို့
ပြန်ဆွဲထားပြန်သည်။
“နင်
ဘယ်သွားဖို့ စဉ်းစားနေတာလဲ”
“သမီး
အပြင်ကိုသွားပြီး သူတို့ကို ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်း
သိရအောင် သွားပြောမလို့လေ။ သမီးက စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်း လိုက်ရတာကြောင့် စိတ်ဆိုးနေတာဆိုရင်
ဟောက်ရှောက်ဖုန်းကို အရင်ကတည်းက ဆေးရုံတက်ရအောင် ရိုက်နှက်ပြီးခဲ့ပြီ။ ဒီအချိန်အထိ
သမီးက ဘာဖြစ်လို့ စောင့်ဆိုင်းနေမှာလဲ”
အဘိုးချိန်သည်
သူမ ပြောဆိုသော စကားလုံးများကို ကြားလိုက် ရပြီးနောက် သဲလွန်စအချို့ ရလိုက်သလိုပင်။
သူ့မျက်လုံးတွေက မည်းမှောင် သွားခဲ့သော်လည်း သူက စုယန်ယန်ကို ထွက်သွားခွင့် မပြုခဲ့ပေ။
“အပြင်ကို
မသွားနဲ့ဦး။ အခု အပြင်ကို ထွက်ဖို့ မင်းလို ကလေးမလေးက အသုံးမဝင်ဘူး။ သူတို့က မင်းကို
အပြစ်တင်ဖို့ အခွင့်အရေးတောင် ယူနိုင်ဦးမယ်။ ငါ...”
သူက
“ငါ မင်းအတွက် တရားမျှတမှုကို ရှာဖွေပေးမယ်” လို့ ပြောလိုက်ချင်ပေမယ့် သူ့သမီးဖြစ်သူ၏
ညွှန်ကြားချက်ကို ပြန်သတိရသွားကာ ထွက်အံကျတော့မည့် သူ့စကားလုံးများကို ပြန်မျိုချ လိုက်ရသည်။
ထိုအချိန်မှာပင်
ရုန်းရင်းဆန်ခတ် ဖြစ်သံများအား ကြားလိုက်ရသည့် ချင်ရွှယ်ရူသည် အိမ်အောက်ထပ်သို့ ဆင်းလာခဲ့သည်။
အဘိုးချိန်သည်
သူ့စကားစကို ပြောင်းလိုက်သည်။
“မင်းအန်တီချင်က
မင်းကို ကူညီပေးလိမ့်မယ်”
“ဟင်...”
ချင်ရွှယ်ရူဟာ သူ့ကို ဗလာအကြည့်ဖြင့် ကြည့်လိုက်သည်။
စုယန်ယန်က
ရုတ်တရတ် နားလည် သဘောပေါက် သွားခဲ့ပြီး စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။
“အန်တီချင်၊
သမီးကို ကျေးဇူးပြုပြီး ကူညီပေးပါလားဟင်”
တံခါးအပြင်ဘက်တွင်
ဟောက်ချီဟန်က ချိန်ရှုချင်တို့ လင်မယား၏ မျက်နှာ အမူအရာမှာ အတန်ငယ် ပြေလျော့သွားသည်ကို
မြင်တွေ့လိုက်ရသဖြင့် ပီတိဖြစ် သွားခဲ့သည်။ သူ တစ်စုံတစ်ခုကို ထပ်ပြောတော့မည့် အချိန်တွင်
ချောမောလှပသော အမျိုးသမီး တစ်ဦးသည် အိမ်ထဲမှ အပြင်ကို ထွက်လာခဲ့သည်။
ချင်ရွှယ်ရူသည်
အေးစက်သော အမူအရာဖြင့် ဟောက်ချီဟန်တို့ စုံတွဲကို တစ်ချက် လှမ်းကြည့်ကာ ချိန်ရှုချင်ထံသို့
ခြေလှမ်းအမြန် လှမ်းလျှောက်လာခဲ့ပြီး သူမနားထဲသို့ စကားလုံးအချို့ တီးတိုး ပြောလိုက်သည်။
ပကတိမျက်စိနှင့်
မြင်နိုင်သော အရှိန်ဖြင့် ချိန်ရှုချင်၏ မျက်နှာဟာ သိသိသာသာ ပျက်ယွင်း သွားခဲ့သည်ကို
မြင်လိုက်ရပြီး သူတို့နှစ်ယောက်ထံ သွေးဆာနေသော အကြည့်စူးများဖြင့် စိုက်ကြည့် လိုက်သည်။
“အဘိုးကြီးစု၊
ခွေးတွေကို လွှတ်လိုက်၊ ခွေးတွေကို သူတို့ကို ကိုက်ဖို့ အမိန့်ပေးလိုက်”
မစ္စတာစုသည်
ချင်ရွှယ်ရူက သူ့ဇနီးသည်ကို ဘာပြောလိုက်မှန်း မသိသော်ငြား သူမ သူ့ကို ဒီလို လုပ်ခိုင်းတယ်
ဆိုကတည်းက ဟောက်လင်မယားက သူမကို ဒေါသထွက်စေသည့် အရာတစ်ခုခုကို လုပ်လိုက်မှန်းကို သူ
သဘောပေါက်မိသည်။
ရိုးသားဖြောင့်မတ်ပြီး
မယား ကြောက်ရသည့် မစ္စတာစုက သူ့ဇနီးသည် ပြောသမျှ လက်ခံယုံကြည်ပြီး ဇနီးသည် အလိုကျ သူ့လက်ထဲက
ကြိုးတွေကို လွှတ်ချလိုက်သည်။ သူ့ထိန်းချုပ်မှု အောက်မှာ မရှိတော့သည့် ခွေးများသည်
ဟောက်ချီဟန်ဆီသို့ ဦးတည် ပြေးလွှားသွားခဲ့သည်။
“မင်းတို့
ဘာလုပ်မလို့လဲ။ ဒီကို မလာနဲ့။ ဝေးဝေးသွား...”
သူတို့နှစ်ယောက်ကို ရုတ်တရက် ထိတ်လန့် သွားစေခဲ့ကာ
အထူးသဖြင့် မစ္စဟောက်သည် သူမရဲ့ ခြေထောက်တွေက ရုတ်ခြည်း အားနည်းသွားပြီး ထွက်မပြေးနိုင်တော့ပေ။
ဟောက်ချီဟန်သည် ကစဉ့်ကလျား မပြေးလွှားမီ နောက်သို့ ခြေလှမ်း အနည်းငယ်ခန့် နောက်ပြန်ဆုတ်
သွားမိသည်။
သို့ရာတွင်
ခြေနှစ်ချောင်းသာ ရှိသော လူတစ်ဦး အနေဖြင့် ခြေလေးချောင်း ရှိသော ခွေးတစ်ကောင် လက်ထဲမှ
လွတ်မြောက်အောင် မည်သို့ ထွက်ပြေးနိုင်မည်နည်း။ ထိုခွေးလေးကောင်က သူတို့ကို ဖမ်းမိရန်
အချိန်အကြာကြီး မကြာလိုက်ပေ။
ခွေးတွေက
ထိုလူနှစ်ယောက်ကို ကိုက်ခဲလိုက်သည့် အခါမှာပင် သူတို့၏ အော်သံတွေကို ဟိုးအဝေးကြီးကနေတောင်
ကြားနိုင်ပေလိမ့်မည်။
“ဟားဟား...
ဟားဟား...”
စုယန်ယန်သည် သူတို့၏ သနားစရာကောင်းသော အခြေအနေကို
မမြင်ရသော်ငြားလည်း သူတို့အော်သံကို ကြားလိုက်ရုံဖြင့်ပင် မည်မျှ သနားစရာ ကောင်းနေမည်ကို
သူမ အလွယ်တကူ တွေးကြည့်နိုင်ပေသည်။ စုယန်ယန်သည် သူမ ရင်ထဲ အသည်းထဲမှပင် ပျော်ရွှင်ဝမ်းမြောက်မှု
အပြည့်အဝ ခံစားလိုက်ရသည်။
စုယန်ယန်သည်
ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်အထိ ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိသည်။ နောက်ဆုံး၌
သူမကိုယ်သူမ ပြန်လည် ထိန်းသိမ်းခဲ့ပြီး ဒီနေ့ရဲ့ သူရဲကောင်းဖြစ်သည့် မိခင်ဖြစ်သူကို
လှိုက်လှိုက်လှဲလှဲ ချီးကျူးစကား ဆိုခဲ့မိသည်။
“အမေက တကယ် အရမ်း အံ့အားသင့်ဖို့ ကောင်းလိုက်တာ”
“ဒါပေါ့၊
လူတွေက ငါ့ကို မစော်ကားရင် ငါကလည်း သူတို့ကို မစော်ကားဘူး။ ငါ ပုံမှန်လို နူးနူးညံ့ညံ့
ပြောဆိုတတ်တဲ့သူ ဖြစ်တာကြောင့် သူတို့က ငါ့ကို အနိုင်ကျင့်လို့ ရနိုင်မယ့်သူလို့ ထင်ကြတယ်။
ဖူး... ငါက သဘောထား ကြီးရုံလောက်ပဲ ရှိတာ။ သူတို့က အရှက်မရှိ ပြောဆိုလိုက်ကတည်းက ငါက
ဘာဖြစ်လို့ သူတို့ကို ယဉ်ကျေး နေရတော့မှာလဲ။ သူတို့လို လူယုတ်မာတွေနဲ့ ဆက်ဆံတဲ့ အခါကျရင်
ငါတို့က သူတို့ထက် ပိုဆိုးတတ်ရမယ်”
***