အပိုင်း ၁၃၈
Viewers 1k

အခန်း (၁၃၈)

ကိုယ့်ကို ဂရုစိုက်ပေးတာ အဆင်ပြေပေမယ့် တခြားသူတွေ အတွက်ကျ ကန့်သတ်ချက် ထားရှိရမယ်နော်

 

ဒီရင်းနှီးသော ချဉ်စူးနေသံက စုယန်ယန်ကို ပြုံးရယ် သွားစေသည်။ သူမက မျက်ခုံးပင့်ကာ ရွှင်မြူးစွာဖြင့် ပြောသည်။

 

“တကယ်လား။ ဒါဆိုရင် နောက်ကျ ကျွန်မ ဒီဗီဒီယိုကို မကြည့်တော့ဘူး”

 

ဟောက်ချန်ဟွမ်း စိတ်သက်သာ ရသွားခဲ့သည်။

 

“ဟုတ်ကဲ့”

 

“ဒါပေမယ့် ကျွန်မ ရှင့်ကို အရမ်းတွေ့ချင်တယ်၊ အဲ့တာ မဖြစ်နိုင်ဘူးလား”

 

ဟောက်ချန်ဟွမ်း ကြက်သေ သေသွားခဲ့သည်။ သူ့မျက်နှာဟာ ပုံမှန်အတိုင်း အမူအယာမဲ့နေဟန် ပေါ်သော်လည်း သူမ‌ ပြောဆိုသည့် စကားလုံးများကို ကြားပြီးနောက် သူ့ပါးပြင်ကနေ လည်ပင်းအထိ သိသာသော အရှိန်အဟုန်ဖြင့် နီမြန်းလာခဲ့သည်။

 

စုယန်ယန်သည် အိပ်ရာပေါ်တွင် လူးလိမ့်ရင်း ထိန်းမနိုင် သိမ်းမရ ရယ်မော လိုက်မိသည်။ ဟောက်ချန်ဟွမ်း ဒေါသထွက်ခါနီးမှ သူမ ဟက်ဟက်ပက်ပက် ရယ်မောနေတာကို သူမကိုယ်သူမ ဖိအားပေး ရပ်တန့်လိုက်သည်။ သူမ ချောင်းဟန့်ကာ စကားဆိုလိုက်သည်။

 

 “ကောင်းပြီ၊ ကျွန်မ ရှင့်ကို ထပ်မစတော့ဘူး။ အဲ့တာကို ရှင် ဖျက်ပစ်စေချင်ရင် ကျွန်မ ဖျက်လိုက်ပါ့မယ်၊ ဒါပေမယ့် ရှင် ကျွန်မအတွက် အဲ့ဗီဒီယိုကို သိမ်းထား ပေးရမယ်နော်... အနာဂတ်မှာ သူတို့ ကျွန်မရဲ့ မိဘတွေကို လာရောက် နှောင့်ယှက်ဝံ့ရင် သူတို့မိသားစုကို လူရယ်စရာ ဖြစ်အောင် ကျွန်မ ဗဟိုစင်တာရဲ့ ကြော်ငြာဆိုင်းဘုတ်မှာ ဒီဗီဒီယိုကို ပြသပစ်လိုက်မယ်”

 

“ကောင်းပြီ”

 

“ကျေးဇူးပြုပြီး ရှင် ကျွန်မအစား သွမ်းသွမ်းကို နှစ်သိမ့်ပေးပါဦး။ ကျွန်မက အရမ်းသစ္စာရှိပြီး သူလေးက လွဲလို့ တခြားခွေး မွေးမှာ မဟုတ်ပါဘူးလို့။ ကျွန်မအဖေလည်း အဲဒီခွေးလေးကောင်ကို အခု ပြန်ပို့လိုက်ပါပြီ”

 

“ကောင်းပြီ”

 

“ကျွန်မ အခု ချက်ပြုတ်တော့မယ်။ ကျွန်မ အရင် ဖုန်းချလိုက်မယ်နော်။ ပြီးရင် ကျွန်မ ရှင့်ကို ဆက်သွယ်လိုက်မယ်”

 

“အင်း”

 

စုယန်ယန်သည် နှုတ်ဆက်စကား ဆိုပြီး ဗီဒီယိုဖုန်း ခေါ်ဆိုမှုကို ချတော့မည် ဖြစ်သော်လည်း ဟောက်ချန်ဟွမ်းက ရုတ်တရက် တားမြစ်လိုက်သည်။

 

“ခဏနေဦး”

 

“ဟင်၊ ရှင် ပြောစရာ ရှိသေးလို့လား”

 

ဟောက်ချန်ဟွမ်းသည် သူ့ခေါင်းကို အသာစောင်းငဲ့ကာ ပြောလိုက်သည်။

 

 “ကိုယ့်အတွက် အဆင်ပြေပေမယ့် အခြားသူတွေ အတွက်ကျ ကန့်သတ်ထားရမယ်နော်”

 

“ဘာကိုလဲ”

 

ဟောက်ချန်ဟွမ်းက စုယန်ယန်၏ တုံ့ပြန်ချက်ကို မစောင့်ဆိုင်းတော့ပဲ ဖုန်းခေါ်ဆိုမှုကို တတ်နိုင်သမျှ အမြန်ဆုံး ဖုန်းချသွားသည်။

 

စုယန်ယန်သည် စက္ကန့်အနည်းငယ်မျှ ကြက်သေ သေသွားပြီးနောက် ဟောက်ချန်ဟွမ်း ဆိုလိုချင်သည့် အဓိပ္ပါယ်ကို နားလည် သဘောပေါက် သွားသည်။ သူမက ခုတင်ပေါ်သို့ နောက်ပြန် လဲချလိုက်ပြီး နူးညံ့သော ခြုံစောင်ထဲ နစ်ဝင်သွားသည်။ သူမ၏ မရပ်တန့်နိုင်သော ရယ်မောခြင်းကို တားဆီးရန် စောင်ကို အသုံးပြုပြီး ဖုံးအုပ်ထားသည်။

 

 

ဒီအမျိုးသားက ဘယ်လောက်တောင် ချစ်ဖို့ ကောင်းလိုက်လဲ။

 

တစ်ဖက်တွင်မူ တစ်ဖက်သတ် ပြောပြီး ဖုန်းချသွားသည့် ဟောက်ချန်ဟွမ်းသည် သူ့မျက်နှာဟာ ရှက်စိတ်ကြောင့် ပူလောင်နေခဲ့ပြီး ထိုမျက်နှာပူ နေတာကို လျှော့ချရန် အချိန်အတော် ကြာခဲ့သည်။ လက်ထဲက ဗီဒီယိုကို စူးစူးရဲရဲ စိုက်ကြည့်ပြီး သူ၏ စူးရှထက်မြိသော မျက်ဝန်းအိမ်ဟာ ကျဉ်းမြောင်းသွားကာ ကျိုးယန်ပိုင်အား ချက်ချင်း ဆက်သွယ်လိုက်သည်။

 

“သခင်လေး”

 

“ခုတလော ဟောက်ချီဟန် အရမ်း ပျင်းရိနေပုံပဲ။ သူ့ကို လုပ်စရာ တစ်ခုခု ရှာပေးလိုက်”

 

 

ကျိုးယန်ပိုင်သည် ဟောက်ချီဟန်တို့ မိသားစုက သူ့သခင်လေးကို စိတ်ဆိုးသွားစေမယ့် တစ်ခုခုကို ပြုလုပ်ဝံ့လားဟု အံ့အားတကြီး သံသယ ဝင်မိသည်။

 

သို့ရာတွင် ဒီအချိန်အခါ၌ ဟောက်ချန်ဟွမ်း၏ ဒေါသစိတ်ကို သွားထိလျှင် သူ အလွန်မိုက်မဲသော လူတစ်ယောက် ဖြစ်သွားမယ်ဆိုတာကို မှန်းဆမိသဖြင့် “ကောင်းပါပြီ” လို့ ချက်ချင်း ပြန်ဖြေခဲ့သည်။

 

ဖုန်းချပြီးနောက် ဟောက်ချန်ဟွမ်း၏ မျက်နှာဟာ မည်းမှောင်သွားကာ သူ၏ စူးရှထက်မြိသော မျက်ဝန်းမှာ အလင်းတန်းတစ်ခု ဖြတ်ပြေး သွားပြန်သည်။ ယခု သူ့အသွင်အပြင်ဟာ နက်ရှိုင်းပြီး အန္တရာယ် ကြီးဟန် ပေါ်နေခဲ့သည်။

 

ဆောင်းဦးတွင် ပေါ်ပေါက်သည့် နှံကောင်များကဲ့သို့ စင်မြင့်ပေါ်တွင် နေရာမရသည့် လူရွှင်တော် အချို့သည် စင်မြင်ပေါ်သို့ ခုန်တက် လာဝံ့သည်။ သူတို့က သူ၏ စိတ်ရှည်သည်းခံမှုကို ကုန်ဆုံးသွားအောင် လုပ်နေတာပဲ။

 

ကြည့်ရတာ သူ့အစီအစဉ်တွေကို စောစောစီးစီး အကောင်အထည် ဖော်ရမယ့်ပုံပဲ။

 

စုယန်ယန်သည် နျဉ်ချီလွေ့ကို ကုသပေးမည်ဟု နျဉ်စစ်ယွမ်ကို ကတိပေး ထားသောကြောင့် သူမသည် ဆေးရုံမှ အိမ်သို့ ပြန်လာရာ လမ်းတွင် ကာလတို ကျွေးမွေးရမည့် ဆေးဖက်ဝင် ဟင်းလျာ စာရင်းအား စီစဉ်ထားခဲ့ပြီး ဖြစ်သည်။

 

ထို့အပြင် စုယန်ယန်သည် သူမ၏ အန်တီချင်၏ ခန္ဓာကိုယ်ကို ပြန်လည် ကျန်းမာလာစေရန် ဆက်လက် ကူညီပေးဖို့ လိုအပ်နေသေးသည်။

 

ထို့ကြောင့် သူမ၏ နေ့လယ်ပိုင်း တိုက်ရိုက် ထုတ်လွှင့်မှု ခေါင်းစဉ်သည် ထိုရောဂါဝေဒနာ နှစ်မျိုးကို ပစ်မှတ်ထားခဲ့သည်။

 

သို့သော် စုယန်ယန်သည် သူမ တိုက်ရိုက် ထုတ်လွှတ်မှုကို ဖွင့်ရန် ပြင်ဆင်ချိန်တွင် တစ်ခုခု မှားယွင်းနေကြောင်း ရှာတွေ့ခဲ့သည်။

 

သူမ၏ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းရှိ စောင့်ဆိုင်း လူဦးရေဟာ အရင်ကထက် နှစ်ဆခန့် ပိုများနေခဲ့သည်။ ပြောစရာ မလိုလောက်အောင်ပင် များပြားသည့် ကြည့်ရှုသူ အသစ်များသည် သူတို့၏ ဆိုးရွားသော ရည်ရွယ်ချက်များအား သိုဝှက်ထားပုံ ပေါ်သည်။

 

[နောက်ဆုံးတော့ တိုက်ရိုက် ထုတ်လွှင့်မှု စတင်ခဲ့ပြီ။ ငါက ဒီပုံတူကူးသူက အရမ်း ကြောက်လွန်းလို့ ပေါ်မလာရဲလောက်တော့ဘူးလို့ ထင်နေတာ။]

 

[အရှင်သခင်က သူမကို ဆုတ်ဖြဲ ထားခဲ့တာကိုတောင် သူမက ဘာမှ အမှား မလုပ်ထားသလို အရှက်မရှိ တိုက်ရိုက် ထုတ်လွှင့်မှု လုပ်ဆောင် နေရဲတယ်ပေါ့။ မျှော်လင့်ထားတဲ့ အတိုင်းပဲ၊ ဒီကမ္ဘာပေါ်မှာ အရှက်မရှိတဲ့ လူတွေက မအောင်မြင်နိုင်ဘူး။ ဒီအမှိုက် တင်ဆင်သူက အရမ်း မျက်နှာပြောင်တာပဲ။ သူ့ကိုမြင်ရတာ အန်ချင်စိတ် ပေါက်တယ်။]

 

[အဲ့လို မပြောနဲ့ဦး၊ သူမက ‌တောင်းပန်ဖို့ ပေါ်လာတာ ဖြစ်မှာပေါ့။ နောက်ဆုံးတော့ သူမက လူကိုယ်တိုင် ဒီကိစ္စကို ရှင်းလင်းဖို့ ပေါ်လာတာ ဖြစ်နိုင်တယ်။]

 

[ငါကတော့ ဒါကို ငြင်းပယ်တယ်။ ဒီပုံတူကူးသူက ပျောက်ကွယ် သွားသင့်တယ်။]

 

စုယန်ယန်သည် ထိုမှတ်ချက်များကို မြင်တွေ့ လိုက်ရတော့ သူမ၏ မျက်ဝန်းများသည် အန္တရာယ်ရှိသည့် အရိပ်အယောင်များဖြင့် မှေးကျဉ်း သွားခဲ့သည်။ သူမက အေးစက်သော အသံဖြင့် မေးလိုက်သည်။

 

“ပုံတူခိုးကူးတဲ့ ပြဿနာကို ငါတို့ ရှင်းလင်းပြီးသား မဟုတ်ဘူးလား။ ဘာဖြစ်လို့ လူတွေက ဒါကို ပြောနေကြသေးတာလဲ”

***