အပိုင်း ၁၃၉
Viewers 894

အခန်း (၁၃၉)

 ယုတ္တိမတန်သော အမျိုးသမီးဇာတ်လိုက်

 

စုယန်ယန်က ထိုသို့ ပြောပြောချင်းမှာပင် ဝေဖန်သည့် မှတ်ချက်တွေ အမြောက်အမြား ထွက်ပေါ်လာခဲ့သည်။

 

 

ကံကောင်း ထောက်မစွာဖြင့် သစ္စာရှိ ပရိသတ် အချို့က သူမ၏ မေးခွန်းကို ချက်ချင်း ပြန်ဖြေပေးခဲ့သည်။ ယခင်က ကံစမ်းမဲ ပေါက်ဖူးသည့် ‘ရှားယို့နျဉ်ရှီ’သည် ထိုအဖြစ်အပျက်၏ လင့်ခ်ကို သီးသန့်မက်ဆေ့ချ် မှတစ်ဆင့် ပေးပို့ခဲ့သည်။

 

စုယန်ယန်က ထိုလင့်ခ်ကို ဖွင့်ကြည့်လိုက်တော့ ရှည်လျားသော ဆောင်းပါး တစ်ပုဒ်ကို တွေ့လိုက်ရသည်။ အတိအကျပြောရရင် အတော့်ကို ရှည်လျားသည့် ထုတ်ပြန်ချက် တစ်ခုပင်။

 

ထိုထုတ်ပြန်ချက်ကို တင်သူ၏ အိုင်ဒီကို သူမ မြင်လိုက်ရသည်နှင့် အကြောင်းအရာ တစ်ခုလုံးကို သူမ ခန့်မှန်းမိသည်။

 

ဝမ်ကျင့်ဖျင်သည် အစားအသောက် ကဏ္ဍရှိ စုယန်ယန်၏ ပရိသတ် အရေအတွက်က အလွန် လျင်မြန်စွာ ကြီးထွားလာတာကို မြင်ပြီး သူမကို ဖိနှိပ်ရန် တစ်ခုခု လုပ်သင့်တယ်လို့ ယူဆခဲ့သည်။

 

စုယန်ယန်သည် ထိုထုတ်ပြန်ချက်ကို အပေါ်ယံရှပ် ဖတ်ရှုပြီး အကျဉ်းချုပ်မှာ ဤသို့ဖြစ်သည်။

 

“ကျွန်မ ပင်ကိုစွမ်းရည် အစီအစဉ် တစ်ခုမှာ ပါဝင်ခဲ့တော့ အစားအသောက် ကဏ္ဍရဲ့ သတင်းတွေ အများကြီး လွတ်သွားခဲ့တယ်၊ ဒါကြောင့် မကြာသေးခင်က တိုက်ရိုက် ထုတ်လွှင့်မှု ပလက်ဖောင်းမှာ အခြေအနေတွေကို သိပ်မသိဘူး။ ပင်ကိုစွမ်းရည် အစီအစဉ်ကနေ အားလပ်ရပြီး ကျွန်မ အစားအသောက ်ကဏ္ဍကို ဒီနေ့ ပြန်ရောက်လာခဲ့ပြီး သိပ်မကြာခင်မှာပဲ ကျွန်မရဲ့ ပရိသတ်တွေ ပေးပို့ထားတဲ့ သီးသန့် မက်ဆေ့ချ်တွေကို ဖတ်ရှုပြီး‌ နောက်ပိုင်းမှာ တစ်ယောက်ယောက်က ကျွန်မကို ပုံတူကူးပြီး အရမ်း ရေပန်းစားလာတယ်လို့ သိလိုက်ရတယ်”

 

ဝမ်ကျင့်ဖျင်သည် ရင်ထဲ ထိစေ‌လောက်သော အသုံးအနှုန်းများဖြင့် သူမ၏ တိုက်ရိုက် ထုတ်လွှင့်မှုမှာ ချက်ပြုတ်ထားသော ဟင်းပွဲတွေ အားလုံးက သူမတို့ မိသားစု မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း လာသည့် ဟင်းချက်နည်း စာအုပ်ထဲမှဖြစ်ပြီး သူမ၏ ပရိတ်သတ်များ အကျိုးရှိစေဖို့ ရည်ရွယ်ကာ ထုတ်ဖော် ချက်ပြုတ်ခဲ့တာ ဖြစ်သော်လည်း ဒီလိုကိစ္စရပ်မျိုး လုပ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ကြောင်းကို အလေးပေး ပြောကြားခဲ့သည်။

 

 သူမမှာ ဤကဲ့သို့ သူတစ်ပါးရဲ့ အကြံဉာဏ်ကို မိမိကိုယ်ပိုင် အဖြစ် ပြုလုပ်ခြင်းကဲ့သို့ ဖြစ်ရပ်မျိုး ကြုံတွေ့ရမယ်လို့ လုံးဝ မတွေးမိဘူးလို့ ဆိုခဲ့သည်။ သူမမှာ ဒီလိုပုံတူကူး တင်ဆင်သူကို အရေးယူရန် အစီအစဉ်မရှိပေ၊ သူမသည် စေတနာအလျောက် သူတို့၏ ထိခိုက်စေသော နည်းလမ်းများနှင့် ငွေကြေးဥစ္စာ ရှာဖွေခြင်းကို ရပ်တန့်ပေးရန် တင်ဆက်သူအား တောင်းပန်ခဲ့သည်။

 

ဒီထုတ်ပြန်ချက် တစ်ခုလုံးက ယုတ္တိမရှိသည့် အငွေ့အသက်များ တထောင်းထောင်း ထနေခဲ့သည်။ သူမသည် စုယန်ယန်၏ ချန်နယ်နာမည်ကို ဖော်ပြခြင်း မပြုခဲ့သော်လည်း မကြာသေးမီက အစားအသောက် ကဏ္ဍတွင် ကျော်ကြားလာသည့် သူမှာ သူမ တစ်ဦးတည်းသာ ဖြစ်သောကြောင့် ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ရှာဖွေရန် မခဲယဉ်းပေ။

 

ဒီထုတ်ပြန်ချက် တစ်ခုလုံး၏ အကောင်းဆုံး အပိုင်းကတော့ စုယန်ယန် သူမ၏ တိုက်ရိုက် ထုတ်လွှင့်မှုမှာ ချက်ပြုတ်ထားသည့် တူညီသော ဟင်းလျာ တစ်မျိုးတည်းကိုသာ ဖော်ပြရမယ့် အစား ဝမ်ကျင့်ဖျင်သည် စုယန်ယန်ရ၏ ချန်နယ်က သူမ ပုံတူကူးနေတယ်လို့ စိတ်ခံစားချက်အရ ရိုးရှင်းစွာ ကောက်ချက်ချ ပြောဆိုခဲ့သည်။ ထို့အပြင် သူမက သူမမိသားစု၏ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း လာသော ဟင်းချက်စာအုပ် အကြောင်းကို အသားပေး ပြောကြားခဲ့သေးသည်။

 

ထိုထုတ်ပြန်ချက်ကို မြင်ပြီး အမှန်တရားကို မသိရှိသူများနှင့် မသိစိတ်၏ စေ့ဆော်မှုအရ နစ်နာသူကို ဖေးမပေးချင်သော သူများသည် သူမက ကြင်နာပြီး ထောက်ထား ငဲ့ညှာတတ်သူ ဖြစ်သောကြောင့် အနိုင်ကျင့်ဖို့ မတွေးသင့်ကြောင်း၊ ကြီးနိုင်ငယ်ညှဉ်း လုပ်တယ် ဆိုတာက အရမ်း ဆိုးရွားလွန်းကြောင်း သူမဖက်မှ ဝိုင်းဝန်း ရပ်တည် ပြောဆိုခဲ့ကြသည်။

 

အရင်ဆုံး မကောင်းသော ထင်မြင်ချက် တစ်ခုနှင့် ထုတ်ပြန်ချက်ထဲမှ ပိုမိုဆိုးရွားသည့် အရိပ်အငွေ့ ပါဝင်သည့် မက်ဆေ့ချ် တစ်ခုကြောင့် လူတိုင်းက သူတို့ စိတ်ထင်ရာကို ကောက်ချက်ချပြီး အမှန်တရားကို ရှာဖွေဖော်ထုတ်ဖို့ ဘယ်သူက လုပ်မှာတဲ့လဲ။

 

ထိုပြဿနာကို လှုံ့ဆော်ရန် အတွက် ဖြတ်သွား ဖြတ်လာများ ကြားတွင် ရောနှောနေသော ရေတပ်များက စုယန်ယန်၏ ပြစ်မှုများကို စကားလုံး သက်သက်ဖြင့် အလွယ်တကူ စီရင်ချက် ချပေလိမ့်မည်။

 

စုယန်ယန်၏ တိုက်ရိုက် ထုတ်လွှင့်မှု စာမျက်နှာတွင် မှတ်ချက် အမြောက်အမြား ရေးသားနေသော လူများသည် ရေတပ်များ သို့မဟုတ် ဝမ်ကျင့်ဖျင် သွေးထိုး လှုံ့ဆော်ထားသော  ‘အမှန်တရား ဘက်တော်သားများ’ပင် ဖြစ်ကြသည်။

 

စုယန်ယန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ လှောင်ရယ် လိုက်သည်။ “ပလက်ဖောင်းပေါ်က အစားအသောက် ကဏ္ဍမှာ သူမ၏ ပိုင်နက်နယ်မြေက တကယ်ပဲ မြို့ရိုးထက် ပိုထူတယ်လို့ တစ်ယောက်ယောက်က ထင်နေပုံရတယ်။ အခန်းကြီးကြပ်သူ၊ နင် ဒီမှာ ရှိလား။ အခုကစပြီး နင် စပြီး ဘမ်းနိုင်ပြီ”

 

 

ဟောက်ချန်ဟွမ်းသည် အခုမှ ပလက်ဖောင်းပေါ် ရောက်ရှိလာပြီး စုယန်ယန်၏ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းထဲသို့ ဝင်ရောက်သည့် အချိန်နှင့် တစ်ပြေးညီ ဒေါသထွက်စရာ မှတ်ချက် လှိုင်းလုံးများဖြင့် ဆီးကြိုခြင်း ခံလိုက်ရသည်။ သူ့အမူအရာဟာ မည်းမှောင်သွားကာ ထိုမကောင်း ပြောဆိုသည့် အကောင့်များကို စိတ်လွတ်လက်လွတ် တားမြစ် ပိတ်ပင် လိုက်သည်။ ဒါကို စုယန်ယန်က မပြောခဲ့ရင်တောင် သူ ဘမ်းခဲ့မှာ ဖြစ်သည်။

 

 

ဝမ်ကျင့်ဖျင်သည် အတော်လေး ကြီးမားသော ပရိသတ် လူထုကို ပိုင်ဆိုင်ထားပြီး ပင်ကိုစွမ်းရည် အစီအစဉ်တွင် ပါဝင်ရာမှ လူထုကို ပိုမို ဆွဲ‌ဆောင်နိုင်ခဲ့သည်။ ထိုပရိတ်သတ်များ နှင့်အတူ ငှားရမ်းထားသော ရေတပ်များပါ ပါဝင်တော့ ကြောက်မက်ဖွယ်ရာ ပမာဏအထိ ဖြစ်လာခဲ့သည်။

 

အကယ်၍ အခြား ပလက်ဖောင်းသာ ဖြစ်ပါက၊ သူတို့၏ စီမံခန့်ခွဲသူများက အမှန်တကယ် အလုပ်ကြိုးစားတယ် ဆိုလျှင်ပင် သူတို့ ဒီတိုက်ရိုက် ထုတ်လွှင့်မှုကို ဆိုးဆိုးရွားရွား မပြုလုပ်နိုင်မီ ဤမျှ များပြားသော လူထုကို ဘမ်းနိုင်မည် မဟုတ်ပေ။

 

 

အချို့တင်ဆက်သူ အသစ်များသည် အရည်အချင်း ရှိကြသော်လည်း သူတို့ဟာ ဆင်းရဲနွမ်းပါးပြီး သူတို့ကို ကျောထောက် နောက်ခံပြုမယ့်သူ မရှိသောကြောင့် ကာလကြာ နာမည်ကြီး တင်ဆက်သူများနှင့် ထိပ်တိုက် ရင်ဆိုင် ရသောအခါတွင် သူတို့၏ တိုက်ရိုက် ထုတ်လွှင့်မှု အသက်မွေးဝမ်းကြောင်း ပျက်စီး သွားတာကို ထိုင်ကြည့်နေရပြီး သူတို့ ကံအကြောင်း မလှမှုအပေါ် ငိုကြွေး မြည်တမ်းရုံသာ တတ်နိုင်ခဲ့သည်။

 

သို့သော် ဤတစ်ကြိမ်မှာတော့ တစ်စုံတစ်ဦးကို ထိခိုက်စေလိုသော သူတို့၏ အစီအစဉ်ကို ပျက်ပြား သွားစေခဲ့သည်။

 

ဟောက်ချန်ဟွမ်းသည် တစ်ချိန်တည်းမှာ ရာနှင့်ချီသော အကောင့်များကို မပိတ်ဆို့ နိုင်သော်လည်း ဒီပလက်ဖောင်းနှင့် သူပိုင်ဆိုင်သည့် ကုမ္ပဏီအားလုံး၏ နည်းပညာ ဌာနတွေကတော့ သေချာပေါက် လုပ်ဆောင်နိုင်မည် ဖြစ်သည်။

***