အပိုင်း ၁၅၂
Viewers 1k

 

အခန်း (၁၅၂)

သူမ နောင်တရလွန်းလို့ အူတွေ စိမ်းပြာနေလောက်ပြီ

 

ကျိုးယန်ပိုင်သည် စုယန်ယန်နှင့် သုတေသန အဖွဲ့အစည်းကြား ဆက်ဆံရေးနှင့် ပတ်သက်၍ စိတ်ပူပန်မှု မရှိသော်လည်း တရုတ်ဆေးဖက်ဝင် အပင်များကို အများသူငှာအတွက် ဖြန့်ဖြူးပေးရန် ရည်ရွယ်ခဲ့တာကိုပင် ဖြစ်သည်။

 

 

ထိုအပင်များ၊ ပင်လယ်စာနှင့် သစ်သီးဝလံများသည် လူအများ၏ ကျန်းမာရေးကို ထိန်းသိမ်း ပေးနိုင်ခြင်း၊ ရောဂါဝေဒနာများကို ကုသပေးနိုင်ခြင်းနှင့် အသက်များကို ကယ်တင် ပေးနိုင်ကြောင်းကို အရွယ်ရောက်ပြီး လူတစ်ယောက် အနေဖြင့် ပထမဆုံးအကြိမ် ကြားသိခဲ့ဖူးခြင်း ဖြစ်သည်။

 

 

သူတို့ရဲ့ သခင်လေးသည် သူ့ခြေထောက်တို့အတွက် မရေမတွက်နိုင်သော ဆရာဝန်များနှင့် ပြသခဲ့ပြီး အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကုသမှုများ ခံယူခဲ့ရသော်လည်း သူ့အခြေအနေက တိုးတက် ကောင်းမွန်လာခဲ့ခြင်း မရှိခဲ့ပေ။ သခင်မလေး၏ တရုတ်ဆေးဖက်ဝင် အပင်များက ဖြစ်နိုင်...

 

“ဟေး၊ မင်း ဘာတွေ ကြောင်ငေးနေတာလဲ”

 

ယုကျစ်ယန်ရဲ့ ခေါ်သံသည် ကျိုးယန်ပိုင်၏ အာရုံကို ပြန်ဆွဲ ခေါ်လာခဲ့သည်။ သူက အပြုံးလေးဖြင့် စကားဆိုလိုက်သည်။

 

“ဘာမှ မဟုတ်ပါဘူး”

 

ယုကျစ်ယန်သည် သူ့အတွေးတွေကို ထုတ်‌ဖော် မပြောချင်တာကို တွေ့ရသည့်အတွက် သူ့ကို အတင်းဖိအားပေး မမေးမြန်းတော့ပေ။ သူက ရွှင်မြူးစွာဖြင့် စကားဆိုလိုက်သည်။

 

 “ဟားဟား... ဟားဟား... လိမ်ညာတတ်ပြီး အရှက်မရှိတဲ့ ဟိုအမျိုးသမီး တင်ဆက်သူကို ဘယ်လို ပညာပေးရမလဲလို့ ငါစဉ်းစားနေခဲ့တာ။ ဒါပေမယ့် အခုတော့ အဲ့လိုလုပ်ဖို့ မလိုအပ်တော့ပုံပဲ။ အဲ့တာက သုတေသန အဖွဲ့အစည်းပဲ။ ဒီထုတ်ပြန်ချက်မျိုးနဲ့ သခင်မလေးကို အနာဂတ်မှာ ဘယ်သူကများ စော်ကား ပြောဆိုရဲမလဲ။ သခင်မလေးကို ဆန့်ကျင်ရင် သုတေသန အဖွဲ့အစည်းကို စော်ကားတာနဲ့ အတူတူပဲ။ အကယ်၍ သူတို့က သုတေသန အဖွဲ့အစည်းကို ကြမ်းကြမ်းတမ်းတမ်း ဖိနှိပ်ဝံ့ရင် သူတို့ရဲ့ အာဟာရပျော်ရည် ထောက်ပံ့မှုကို ရပ်တန့်စေပြီး ငရဲလို ခက်ခဲကြမ်းတမ်းတဲ့ ဘဝမျိုးကို ရရှိပိုင်ဆိုင် သွားစေလိမ့်မယ်။ အခု သူမ မျက်နှာကို ဖြတ်ရိုက် ခံလိုက်ရသလို ခံစားနေရလောက်ပြီ”

 

ကျိုးယန်ပိုင်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး သူ့ရဲ့ ဖျတ်လတ် တက်ကြွနေမှု အပေါ် ရေအေး လောင်းချဖို့ တွန့်ဆုတ်မနေခဲ့ဘူး။

 

 “သူမက မင်းရဲ့ ပလက်ဖောင်းပေါ်က တင်ဆက်သူတစ်ဦး ဖြစ်ပြီး နာမည်ကြီး တင်ဆက်သူတစ်ဦး ဖြစ်တယ် ဆိုတာကို မင်း မမေ့ပါနဲ့”

 

ယုကျစ်ယန်သည် အချိန်ခဏလောက် ကြက်သေ သေသွားခဲ့ပြီးနောက် အေးခဲသွားသည်။

 

“... ငါ သူမကို ပိတ်ပင်လို့ရမလား”

 

“မင်း ဘယ်လိုထင်လဲ။ သူမက ဟောက်ရှောက်ဖုန်းရဲ့ လက်ရှိ ချစ်သူ ကောင်မလေးပဲ။ သခင်လေးနဲ့ သခင်မလေးတို့က သူမကို ပုဂ္ဂိုလ်ရေးအရ နိဂုံးချုပ်စေချင်မလား ဆိုတာကို မသိရသေးဘူး။ မင်း ဒါကို တိတိကျကျ သိချင်ရင် သခင်လေးကို အရင် မေးကြည့်သင့်တယ်”

 

ယုကျစ်ယန်က ဒီစကားကို ကြားလိုက်ရတော့ ပိုစိတ်ရှုပ် သွားခဲ့သည်။ ကျိုးယန်ပိုင်က ဟောက်ချန်ဟွမ်း၏ အမြင်အား သိရန် သူ့ကို မေးမြန်းခိုင်းသည်။ ဒါက သူ့ကို သေစေချင်နေတာ မဟုတ်လား။

 

“ဘယ်လိုပဲဖြစ်ဖြစ်၊ မင်းပြောတာ တစ်ခုတော့ မှန်တယ်”

 

“ဘယ်ဟာလဲ”

 

ကျိုးယန်ပိုင်သည် သူ့မျက်ဝန်းကို မှေးကျဉ်းကာ အနည်းငယ် ဝင့်ကြွားစွာဖြင့် စကားဆိုသည်။

 

“အခုဆို သူမ နောင်တရလွန်းလို့ သူမရဲ့အသည်းတွေ စိမ်းပြာနေလောက်ပြီ”

 

ဝမ်ကျင့်ဖျင်သည် သူမ၏ လုပ်ရပ်အတွက် အခု တကယ့်ကိုပဲ နောင်တရနေပြီ ဖြစ်သည်။ သူမသည် ဝဘ်ဆိုဒ်ကို များစွာ အကျိုးပြုခဲ့သော အစားအသောက် ကဏ္ဍ၏ ထိပ်တန်း တင်ဆက်သူ တစ်ဦး ဖြစ်သည်။ တစ်လ၊ နှစ်လ အတွင်းမှာပင် သူမ၏ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုသည့် သန်းပေါင်းများစွာသော ပရိသတ်များကို ဆွဲ‌ဆောင်နိုင်ခဲ့သည်။

 

 

အစပိုင်းတွင် သူမ၏ ထိုထုတ်ပြန်ချက်ကို ပို့စ်တင်ခဲ့ပြီး များမကြာမီ အချိန်အတွင်းမှာပင် သူမကို ထောက်ခံ အားပေးသော ပရိသတ်များနှင့် ရေတပ်များ၏ အကူအညီဖြင့် ရေပန်းစား လာခဲ့သည်။

 

သူမ မျှော်လင့်ထားသည့် အတိုင်း သူမ၏ မျက်ရည်ချူသည့် ထုတ်ပြန်ချက်သည် လူအများ၏ စာနာသနားမှုကို အောင်မြင်စွာ ရရှိခဲ့သည်။

 

ထိုထုတ်ဖော်ခြင်းကြောင့် ဖြတ်သွားဖြတ်လာ အများအပြားက သူမသည် စွမ်းရည် ထုတ်ဖော်သည့် အစီအစဉ် တစ်ခုမှာ ပါဝင်နေတာကို သိရှိခဲ့ကြပြီး သူမကို စာနာစိတ်နှင့် မဲပေးခဲ့ကာ သူမကို အောက်ဆုံး အဆင့်မှ အလယ်အလတ် အဆင့်အထိ တိုက်ရိုက် မြင့်တက် သွားစေခဲ့တာက သူမ မျှော်လင့်မထားခဲ့သော အပိုဆုတစ်ခုပင်။

 

ထို့နောက် ဝမ်ကျင့်ဖျင်သည် ရေတပ်များကို နောက်ထပ် ဝယ်ယူခဲ့ပြီး စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းရှိ လူများကို ဆူပူကြိမ်းမောင်းပြီး ဖြတ်သွား ဖြတ်လာများကို အထင်လွဲ သွားစေရန် ပြုလုပ်ခိုင်းခဲ့သည်။

 

မမျှော်လင့်တာက စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းတို့သည် ဝမ်ကျင့်ဖျင် မျှော်လင့်ထားသည့် အတိုင်း မတုံ့ပြန်ခဲ့ပေ။ သူမ လူဘယ်လောက်ပဲ ပို့လွှတ်ပါစေ၊ သူတို့ ပိတ်ပင်ခံရလိမ့်မည်။

 

ထိုအခိုက်အတန့်၌ ဝမ်ကျင့်ဖျင်သည် သူမ၏ နှလုံးသားထဲတွင် အလွန် ထူးဆန်းသော အရိပ်အမြွက် အချို့ကို ခံစားခဲ့မိသော်လည်း တိုက်ရိုက် ထုတ်လွှင့်မှု အခန်းရှိ အခြေအနေသည် လူအများ၏ ဒေါသကို နှိုးဆွ နိုင်လိမ့်မည်ဟု သူမ ထင်မြင်ယူဆခဲ့သည်။ စုယန်ယန်၏ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းရှိ သဟဇာတ ဖြစ်မှုသည် ယာယီ ထင်ယောင်ထင်မှား တစ်ခုမျှသာ ဖြစ်သည်။

 

စုယန်ယန်သည် ပုံတူခိုးကူးသူ တစ်ယောက်လို့ တိုက်ရိုက် ထုတ်လွှင့်မှု အခန်း၏ အပြင်ဘက်တွင် သတင်းဖြန့် နေသရွေ့ သူမမှာ နောက်ခံကောင်းကောင်း ရှိနေရင်တောင် အမှန်တရားကို လူအများကြားထဲမှာ ဖုံးကွယ်ဖို့ မဖြစ်နိုင်ဘူး။

 

ထိုအချိန်ကျရင် စုယန်ယန်၏ ဂုဏ်သိက္ခာ ညှိုးနွမ်း သွားပေလိမ့်မည်။ ဒါဆို သူမ လက်ဝယ်တွင် ရှေးခေတ်မှအပင် အများကြီး ရှိနေရင်ရော၊ ဝမ်ကျင့်ဖျင်မှာ သူမ၏ ဂုဏ်သတင်းကို ဖျက်ဆီးရန် နည်းလမ်း အမျိုးမျိုးရှိပြီး စုယန်ယန် ပြောဆိုသည့် စကားများကို မည်သူမျှ မယုံနိုင်အောင် ဆုတ်ဖြဲ ပစ်နိုင်လိမ့်မည်။

 

ဝမ်ကျင့်ဖျင်က ကောင်းကောင်း တွက်ချက် ထားသော်လည်း ဤကဲ့သို့ အလှည့်အပြောင်းများကို ထည့်သွင်း တွက်ချက်ထားခြင်း မရှိပေ။ ဒီကမ္ဘာကြီးထဲမှ အရာအားလုံးမှာ သူမဆန္ဒအတိုင်း ဖြစ်မလာခဲ့ပေ။

 

ပထမဆုံး တွေ့ကြုံရသည့် အချိုးအကွေ့မှာ ယဲ့ချီလျန့် ဖြစ်သည်။ ဝမ်ကျင့်ဖျင်သည် သူမကို ဝေဖန် ပြောဆိုထားသည့် ယဲ့ချီလျန့်၏ ပို့စ်ကို ပထမဆုံး မြင်လိုက်သော အခါတွင် သူမသည် သူမနှင့် မသက်ဆိုင်သော ဖြတ်သွားဖြတ်လာ တစ်ဦးမျှသာ ဖြစ်သည်ဟု သူမ ထင်မြင်ခဲ့သည်။

 ***