အပိုင်း ၁၅၃
Viewers 945

အခန်း (၁၅၃)

“အမျိူးသမီးဇာတ်လိုက်” ရဲ့ အထောက်အထား အစစ်အမှန်

 

ဝမ်ကျင့်ဖျင်ကို အထိတ်တလန့် ဖြစ်သွားစေသည့် ဖြစ်ရပ်မှာ ဒီပါမောက္ခအိုကြီး၏ ဘဝသမိုင်းကြောင်းကို တစ်ယောက်ယောက်က တူး‌ဖော်ခဲ့ပြီး နောက်တွင် သူမ၏ ထူးဆန်းသော ကြိုတင် သတိပေးချက်များမှာ ပိုမိုပြင်းထန် လာခဲ့သည်။

 

 

သူမ၏ အမျိုးသား ပရိတ်တို့မှာ ယဲ့ချီလျန့်၏ အထောက်အထားကို သိပြီးနောက်မှာပင် နောက်သို့ တွန့်ဆုတ်ခဲ့ခြင်း အလျှင်းမရှိပေ။ ထိုအစား သူတို့က ယဲ့ချီလျန့်ကို သူ၏ ဝါစဉ်ကြီးမှုအပေါ် ဂုဏ်ယူဝံ့ကြွားတယ်ဟု ဆိုကာ ကျိန်ဆဲခဲ့ကြပြီး ယဲ့ချီလျန့်နှင့် တိုက်ရိုက် ထုတ်လွှင့်မှု အခန်းရှိ အမျိုးသမီး တင်ဆက်သူနှင့် လျှို့ဝှက် ဆက်ဆံရေး ရှိ မရှိကို လှောင်ပြောင် ပြောဆိုခဲ့ကြသည်။

 

အောက်တန်းကျသော စကားလုံးများက မြင်သည့် ပရိသတ်တိုင်းကို အလွန် စိတ်မသက်မသာ ဖြစ်စေသည်။ ဝမ်ကျင့်ဖျင်သည် သူတို့ကို တားမြစ်ဖို့ ကြိုးစားသော်လည်း သက်ရောက်မှုက သိပ်မကောင်းပါချေ။

 

သူမက သူတို့ကို တားမြစ်လေလေ၊ အမျိုးသား ပရိသတ်များက သူမကို သနားစိတ် ပိုဖြစ်လေလေပင်။ ရလဒ်အနေဖြင့် သူမကို သနားစိတ် ယိုဖိတ်လေလေ သူတို့က ပိုမိုရုန့်ရင်း ကြမ်းတမ်းစွာ ဆဲဆိုလေလေပါပဲ။

 

ထိုအခိုက်အတန့်တွင် ဝမ်ကျင့်ဖျင်သည် သူမ၏ ထိန်းချုပ်မှုထက် ကျော်လွန်သော ဦးတည်ရာသို့ ပြောင်းလဲလာသည်ကို သိလိုက်ရသည်။

 

သူမ သိလိုက်ရသည့် အချိန်မှာ ကံမကောင်းစွာဖြင့် နောက်ကျသွားခဲ့ပြီ။

 

သုတေသန အဖွဲ့အစည်း၏ ရုတ်တရတ် ထုတ်ပြန်ချက်ကြောင့် ဝမ်ကျင့်ဖျင်ဘက်တွင် ရပ်တည်နေသော ဖြတ်သွား ဖြတ်လာများမှာ တိတ်တဆိတ် နှုတ်ဆိတ် သွားကြသည်။ အချို့လူများမှာ သူတို့အား အမြောက်စာအဖြစ် အသုံးပြုသည့်အတွက် ဝမ်ကျင့်ဖျင်အား ကျိန်ဆဲရန် လှည့်သွားခဲ့ကြသည်။

 

သူမ၏ အသေခံ အမျိုးသား ပရိသတ်များသည်သာ ခုန်ပေါက်ကာ ကဲ့ရဲနေကြဆဲ ဖြစ်သော်လည်း သူတို့၏ အပြုအမူများက “စစ်မှန်သော ပရိသတ် တစ်ယောက်သည် ဆန့်ကျင်ဖက် ပရိသတ် ဆယ်ယောက်ထက် ပိုကောင်းမွန်သည်” ဟူသော စကားလုံးကို အတည်ပြု နေသကဲ့သို့ပင် ဖြစ်နေခဲ့သည်။ သူတို့က ဆဲဆိုကြိမ်းမောင်းလေလေ၊ သူတို့ကို ပိုရွံရှာလေလေ ဖြစ်သည်။

 

ဝမ်ကျင့်ဖျင်အတွက် အကျိုးရှိစ ပြုလာသော အခြေအနေက ဒီအလှည့်အပြောင်းကြောင့် ပိုမိုဆိုးရွား သွားခဲ့သည်။ ဝမ်ကျင့်ဖျင်သည် အစပိုင်းတွင် နစ်နာသူ အဖြစ်မှ အခြားသူများကို ချောက်ချပြီး ဆဲဆိုကြိမ်းမောင်းသည့် မိန်းမပျိုတစ်ဦး အဖြစ်သို့ ပြောင်းလဲသွားကာ သူမ၏ ကိုယ်ပိုင် ကျော်ကြားမှုကို တိုးမြှင့်စေရန်အတွက် တင်ဆက်သူ အသစ်ကို ဖိနှိပ်ခဲ့သော ကြွေထည်လို အထိခိုက် မခံနိုင်သည့် အဆိပ်ပြင်းသော အမျိုးသမီး တစ်ဦးဟု လူအများ ထင်မြင်ယူဆ သွားခဲ့ကြသည်။

 

 

သို့ရာတွင် ဒါက သူမအတွက် အကြီးမားဆုံး အတားအဆီး တစ်ခု မဟုတ်ခဲ့ပါဘူး။ တစ်စုံတစ်ယောက်က စုယန်ယန်၏ ပန်းပွင့်ထွင်းထုသည့် တိုက်ရိုက် ထုတ်လွှင့်မှု အပိုင်းကို မျှဝေခဲ့ပြီး နာမည်ကြီး စားသောက်ဆိုင် တစ်ခုမှ စားဖိုမှူး တစ်ယောက်က ဒါကို ကြည့်ရှုခဲ့သည်။

 

ထိုစားဖိုမှူးသည် ပန်းကန်ပြားပေါ်မှ အစားအသောက် ပန်းပုထွင်းထုခြင်း အနုပညာကို မြင်ပြီး ချက်ချင်းပင် ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။ ဝမ်ကျင့်ဖျင် ဖန်တီးထား‌သော အငြင်းပွားမှု အကြောင်းကို သိပြီးနောက်မှာတော့ အင်တာနက်ပေါ်တွင် သူမကို ဝေဖန်ပြောဆိုခဲ့သည်။ ထိုစားဖိုမှူးက ဝမ်ကျင့်ဖျင်သည် သူမ၏ အခြေခံ အဆင့်လောက်သာ ရှိသည့် စွမ်းရည်များကို ပရော်ဖက်ရှင်နယ် တစ်ဦးကဲ့သို့ လက်ဆင့်ကမ်းရန် ကြိုးစားခဲ့ခြင်းအတွက် ပြက်ရယ် ပြုခဲ့သည့်အပြင် သူမ မိသားစုမှ သာမန်အဆင့်ရှိ အလွန် အဖိုးနည်းသော ဟင်းလျာအချို့ကို လက်ဆင့်ကမ်း အမွေရရှိခဲ့သည့် အတွက် ဂုဏ်ယူမိကြောင်း ပြောဆိုခဲ့သည်။ အခြားသူများကို ပုံတူကူးတယ်လို့ဆိုကာ ကြွေထည်လို အထိခိုက်မခံနိုင်ဘူးလို့ သူမက စွပ်စွဲပြောဆိုခဲ့သော်လည်း သူမရဲ့ စွမ်းဆောင်ရည်များမှာမူ ထည့်သွင်း ပြောဆိုရန် နောက်ကျ ကျန်နေသေးသည်။

 

စုယန်ယန်၏ ဓားစွမ်းရည်၊ ငါးဟင်းနှင့် ကျောက်ပုစွန် အစပ်ဟင်းလျာတို့ထဲမှ တစ်မျိုးတည်းကပင် သူမကို စက္ကန့်ပိုင်းအတွင်း အညစ်အကြေး အဖြစ်သို့ ပြောင်းလဲသွားစေဖို့ လုံလောက်သည်။

 

ဒီလိုစွမ်းရည်မျိုးနှင့် ဝမ်ကျင့်ဖျင်က သူမ၏ တိုက်ရိုက် ထုတ်လွှင့်မှုမှာ သူမ၏ မျိုးရိုးစဉ်ဆက် လက်ဆင့် ကမ်းလာသော ဟင်းချက်နည်းများကို အသုံးပြုပြီး ပရိသတ်တို့အား အကျိုးပြုချင်တယ်ဟု ပြောဝံ့သည့်အပြင် တခြားသူတွေက သူမ၏ ဟင်းလျာများကို အမှီပြုပြီး ကျော်ကြား လာတယ်လို့တောင် အခိုင်အမာ ပြောဆိုဝံ့သည်။ ဘယ်‌‌လောက်တောင် ရယ်စရာ ကောင်းလိုက်လဲ။

 

အကယ်၍ သူမ ချက်ပြုတ်ထားသော ဟင်းလျာများကိုသာ ငါတို့၏ အဆင့်မြင့် စားသောက်ဆိုင်ကို ပို့ပေးပါက သူမကို ပြတ်ပြတ်သားသား ငြင်းဆိုရပေလိမ့်မည်။

 

စားဖိမှူးရဲ့ ပြင်းထန်စွာ ပြစ်တင် ပုတ်ခတ်ချက်ကို ဖတ်ရှုပြီးသော အခါတွင် ဝမ်ကျင့်ဖျင်သည် ဒေါသသွေး ပွက်ပွက်ဆူ လာခဲ့ပြီး သူမ မျက်နှာကို ရောင်ရမ်းသွားအောင် ဖြတ်ရိုက် ခံလိုက်ရသလို ခံစားလိုက်ရသည်။

 

ဝမ်ကျင့်ဖျင်သည် ဒေါသစိတ်ကြောင့် ပြာနှမ်း နေသော်လည်း ကိုယ့်ကိုယ်ကို ခုခံပြောဆိုရန် မဝံ့ရဲပေ။

 

အကယ်၍ စုယန်ယန်သာ ဤစကားလုံးများကို ပြောဆိုပါက သူမအား မာနကြီးပြီး အပေါ်စီးမှ ပြုမူတယ်လို့ စွပ်စွဲနိုင်ဦးမည် ဖြစ်သည်။

 

သို့ရာတွင် ဒီစကားပြောဆိုသူက နှစ်ရှည်လများ လုပ်သက်ရှိသည့် နာမည် ကျော်ကြားသည့် စာဖိုမှူးတစ်ဦး ဖြစ်သည်။ အကယ်၍ အခုအချိန်မှာ သူမသာ စကားပြောဆိုခဲ့လျှင် သူမသည် နောက်ထပ် တိုက်ပွဲများကို ဖိတ်ခေါ်မိသလို ဖြစ်သွားပေလိမ့်မည်။

 

ဝမ်ကျင့်ဖျင်သည် သူမအပေါ် မကောင်းသော အင်အားစုများ၏ တုံ့ပြန်မှုများကို စောင့်ကြည့်ရမည် ဖြစ်ပြီး သူမကို ကူညီပြီး စုယန်ယန်ကို ဆူပူကြိမ်းမောင်း နေသူများသည် အခုအချိန်မှာတော့ သူမအား ထပ်တူညီစွာ ရက်ရက်စက်စက် ကြိမ်းမောင်း နေခဲ့သည်။

 

မူလက သူမအား အပိုင်းအနည်းငယ် ဆက်ထားရန် စီစဉ်ထားသည့် စွမ်းရည်ရှိုးကပင် သူမအား ပြိုင်ပွဲမှ တိုက်ရိုက် နုတ်ထွက်လိုက်လျှင် ပိုကောင်းကြောင်း ပြတ်ပြတ်သားသား အကြံပြု ပြောဆိုခဲ့သည်။ မဟုတ်ပါက ဒီရှိုးပွဲမှာသာ ဆက်လက် ပါဝင်နေခဲ့ရင် နှစ်ဦးနှစ်ဖက် စလုံးအတွက် အကျိုးရှိလိမ့်မည် မဟုတ်ပေ။

 

“ဒါက ဘယ်လို ဖြစ်ရတာလဲ... ဒါက ဘယ်လိုဖြစ်ရတာလဲ...”

 

 ဝမ်ကျင့်ဖျင်သည် ဒေါသထွက်ပြီး စိုးရိမ်သောက ရောက်နေခဲ့သည်။ သူမသည် ရှုံးနိမ့်မှုကို လက်သင့်ခံလိုခြင်း အလျှင်းမရှိသောကြောင့် သူမ၏ အကျဉ်းတန်သော မျက်နှာကို ထုတ်ဖော်ပြသ လာခဲ့သည်။

 

“နောက်ဆုံးတော့ ငါ ဒီကမ္ဘာကို ရောက်လာ နိုင်ခဲ့တယ်။ ငါ ဒီကို ရောက်လာပြီးရင် ငါ့ရဲ့ အရင်ဘဝတုန်းကလို ငါ အလုပ်ကြိုးစားရင်တောင် အောင်မြင်မှုတွေ မရခဲ့ဘူး။ မရေမတွက်နိုင်တဲ့ လူပေါင်းများစွာရဲ့ နှိမ့်ချမှုတွေနဲ့ အနိုင်ကျင့်မှုတွေကို ခံရပြီး ငါ့ကို သူတို့ ခြေထောက်အောက် နင်းချေခွင့် ပြုထားရမှာလား။ ငါ လက်သင့်မခံနိုင်ဘူး”

 

ဟုတ်တယ်၊ ဝမ်ကျင့်ဖျင် - အတိအကျ ပြောရမယ်ဆိုရင် ဝမ်ကျင့်ဖျင်ဟာ ဒီကမ္ဘာက လုံးဝ မဟုတ်ပဲ၊ သူမဟာ ရှေးခေတ် ၂၁ ရာစုခေတ်ဟောင်းမှ ကူးပြောင်းလာခဲ့ခြင်း ဖြစ်သည်။

 

သူမ မကူးပြောင်းလာခင် ဝမ်ကျင့်ဖျင်ဟာ ကုမ္ပဏီ တစ်ခုတည်းက အကြီးတန်း ဝန်ထမ်းတွေရဲ့ အဆက်မပြတ် အနိုင်ကျင့်တာကို ခံစားရတဲ့ လုပ်ငန်း အတွေ့အကြုံ မရှိသေးသည့် ဝန်ထမ်း အသစ်တစ်ဦး ဖြစ်သည်။ သူမရဲ့ သူဌေးဖြစ်သူက သူမကို အခွင့်ကောင်းယူဖို့ ကြိုးစားသောကြောင့် သေဆုံး သွားခဲ့ရသည်။ သူမရဲ့ ရုန်းကန်မှုကြောင့် သူမသည် ရုံးခန်း အဆောက်အအုံမှ ပြုတ်ကျ သေဆုံးသွားခဲ့ရသည်။

***