အပိုင်း ၁၅၄
Viewers 941

အခန်း (၁၅၄)

သူတို့ကို ဖျက်ဆီးပစ်ရမယ်

 

ဝမ်ကျင့်ဖျင် တစ်ဖန် နိုးထ‌လာသော အခါတွင် သူမသည် ဤကမ္ဘာသို့ ရောက်နှင့် နေပြီးသား ဖြစ်သည်။ သူမသည် တူညီသော မိသားစု နောက်ခံနှင့် နာမည်တူ မိန်းကလေး တစ်ဦးထံ ကူးပြောင်းလာခဲ့သည်။

 

သူမ မသေဆုံးခင် မရေမတွက် နိုင်သော အချိန်ခရီးသွား ဝတ္ထုများကို ဖတ်ရှုခဲ့ဖူးသော ဝမ်ကျင့်ဖျင်သည် သူမရဲ့ ဒီအခြေအနေကို မည်သို့ ကိုင်တွယ် ဖြေရှင်းမလဲ ဆိုတာကို ချက်ချင်း သိရှိခဲ့သည်။ ထို့နောက် သူမသည် သူမရဲ့ သူငယ်ချင်းများနှင့် မိသားစုဝင်များကို လိမ်လည် လှည့်ဖြားကာ မူလပိုင်ရှင်အဖြစ် နေထိုင်ခဲ့သည်။

 

သူမ ပတ်ဝန်းကျင်ရှိ လူအများ၏ အမြင်တွင် ဝမ်ကျင့်ဖျင်လို နာခံတတ်၊ ဝတ္တရားသိတတ်၊ ကြင်နာတတ်ပြီး ဇွဲရှိသူအဖြစ် ရှိနေဆဲ ဖြစ်သည်။

 

သူမ၏ တည်ငြိမ်သော အသွင်အပြင် အောက်တွင် လိုချင်စိတ် ပြင်းပြသော နှလုံးသား ရှိနေကြောင်းကို သူမသာလျှင် သိရှိခဲ့ပြီး သူမသည် အရင်ဘဝက ကဲ့သို့ အသုံးမကျသော ဘဝမျိုးမှာ မနေချင်ခဲ့ပေ။

 

ဝမ်ကျင့်ဖျင်သည် သူမ ပြန်လည် မွေးဖွားခွင့် ရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ -- မရေမတွက်နိုင်သော အမျိုးသားများက သူမရှေ့ ဒူးထောက် ကျဆုံးကာ သူမအတွက် အသက်စွန့်ရန် ဆန္ဒရှိစေသည့် ဇာတ်လမ်း၏ အဓိက ဇာတ်ကောင် ဖြစ်လာစေကာ သူမ၏ ကံကြမ္မာကို လုံးဝ ပြောင်းလဲ သွားစေလိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားခဲ့သည်။

 

အစပိုင်းတွင် ဝမ်ကျင့်ဖျင်သည် သူမ၏ ပတ်ဝန်းကျင်တွင် သူမ အရင်ဘဝတုန်းက မြင်တွေ့ရသည့် အရာများနှင့် အလွန်ကွာခြားခြင်း မရှိသောကြောင့် သူမ အာဟာရ‌‌ ပျော်ရည်ကို မတွေ့ရမချင်း သူမသည် မိမိကိုယ်ကို အပြိုင်ကမ္ဘာ တစ်ခုဆီသို့ ကူးပြောင်း သွားသည်ဟု ထင်မြင်ယူဆခဲ့သည်။

 

သူမသည် အစွမ်းကုန် ကြိုးစား သုတေသန ပြုပြီးနောက် သူမ လက်ရှိ နေထိုင်နေသော ကမ္ဘာသည် နှစ်ဆယ့်တစ်ရာစု ကုန်လွန် သွားပြီးနောက် နောင်နှစ်ပေါင်း တစ်ထောင်ခန့် ရှိနေပြီ ဖြစ်မှန်း သိလိုက်ရသည်။ ထို့အပြင် သူမသည် ယခင် ကမ္ဘာမြေကြီးပေါ်တွင် မရှိတော့သည့်အပြင် လူသားများ ပြောင်းရွှေ့ နေထိုင်ခဲ့သော ဒုတိယ ဂြိုလ်ပေါ်တွင် ရှိနေခဲ့မှန်းကိုပါ သိလိုက်ရသည်။

 

ယင်းမတိုင်မီက လူသားများသည် အခက်အခဲများစွာကို ကျော်လွှားပြီးနောက် နောက်ဆုံးတွင် ဤဂြိုလ်ပေါ်၌ အခြေချ နေထိုင်ခြင်း မပြုနိုင်ခင် အသက်ရှင် ကျန်ရစ်ရန် နှစ်ကြိမ်တိုင်တိုင် ရွှေ့ပြောင်း ခဲ့ရသေးသည်။ သူတို့သည် ရူးသွပ်လောက်စေသော ပျက်စီးမှု ပမာဏများစွာ ခံစားခဲ့ရသည့်အပြင် -- တိရစ္ဆာန်များ၊ သစ်ပင်တွေနှင့် ရှေးခေတ်ကမ္ဘာ၏ သမိုင်းဝင် ယဉ်ကျေးမှု ရှစ်ဆယ်ရာခိုင်နှုန်း နီးပါးကို အပြောင်းအရွှေ့များ ကြားတွင် ဆုံးရှုံးသွားစေခဲ့သည် -- လက်တွေ့တွင်မူ အနာဂတ် ကမ္ဘာသည် လူသားများ စိတ်ကူး ထားသလောက် မလှပပါဘူး။

 

 

သူတို့ရဲ့ မွေးရပ်မြေကို ဆုံးရှုံးပြီးနောက် လူသားတွေဟာ ရှင်သန် နေထိုင်နိုင်ဖို့ ရုန်းကန်ခဲ့ကြပြီး စွန့်လွှတ်နိုင်သမျှ စွန့်လွှတ် ခဲ့ရပါသည်။ နောက်ဆုံးမှာတော့ သူတို့ဟာ ဒီနေရာကို ရှာဖွေတွေ့ရှိခဲ့ပြီး ခက်ခဲတဲ့ ပြန်လည် တည်ဆောက်မှုကို စတင်နိုင်ခဲ့ပါသည်။

 

မွေးရပ်မြေ ပျက်စီးခြင်း၊ မွေးရပ်မြေ ပြောင်းရွှေ့ခြင်း၊ မွေးရပ်မြေကို ပြန်တည်ဆောက်ခြင်း၊ တစ်ဖန် မွေးရပ်မြေ ပျက်စီးခြင်း၊ တစ်ဖန် မွေးရပ်မြေ ပြောင်းရွှေ့ခြင်း၊ တစ်ဖန် မွေးရပ်မြေကို ပြန်တည်ဆောက်ခြင်း...

 

 

ဤလုပ်ငန်းစဉ် တစ်ခုလုံးဟာ ခက်ခဲ ကြမ်းတမ်းလွန်းသော လမ်းရှည်ကြီး တစ်ခု ဖြစ်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်အတွင်း ဒီကမ္ဘာသစ်၏ နည်းပညာများသည် သူမ နေထိုင်ရာ နှစ်ဆယ့်တစ် ရာစုထက် ပိုမိုအဆင့်မြင့် လာခဲ့သော်လည်း အချို့သော နေရာများတွင်မူ နှစ်ဆယ့်တစ် ရာစုထက် တူညီသော်လည်း ကွဲပြားသည့် အချက်အချို့လည်း ရှိနေသေးသည်။

 

 

နောက်ပိုင်းတွင် စားဖိုမှူးများသည် ရှားပါးသော အသက်မွေးဝမ်းကြောင်း တစ်ခု ဖြစ်ကြောင်း ဝမ်ကျင့်ဖျင် သိရှိလာခဲ့ပြီးနောက် ဟင်းချက်နည်း စာအုပ်များသည် တန်ဖိုးကြီးသော မိသားစု အမွေအနှစ်များ ဖြစ်ကြောင်း သိရှိခဲ့ရပြီး ဝမ်ကျင့်ဖျင်သည် သိပ်မတွေးတော့ပဲ ပထမရွှေအိုးကို ရရှိပိုင်ဆိုင်နိုင်ရန် အချက်အပြုတ် တိုက်ရိုက် ထုတ်လွှင့်မှု လုပ်ဆောင်ဖို့ ရွေးချယ်ခဲ့သည်။

 

သူမ အရင်ဘဝတုန်းက ဝမ်ကျင့်ဖျင်၏ မိသားစု နောက်ခံသည် ယခုခေတ်နှင့် ဆင်တူသည်။ သူမသည် သူမ မိဘများနှင့် အဝေးမှာ နေထိုင်ရသောကြောင့် အိမ်တွင် သူမကိုယ်တိုင် ချက်ပြုတ် စားသောက်ရလေ့ရှိပြီး ထမင်းဟင်း ချက်ပြုတ် ပြင်ဆင်တတ်သည်။

 

အရင်ဘဝတုန်းက ရှင်သန်မှု စွမ်းရည်သည် ကမ္ဘာသစ်တွင် အလွန်ရှားပါးသော ကျွမ်းကျင်မှု တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

 

ဝမ်ကျင့်ဖျင်၏ တိုက်ရိုက် ထုတ်လွှင့်မှုသည် အချိန်အကြာကြီး သိပ်မကြာလိုက်ပဲ ကျော်ကြားလာကာ သူမ အရင် ဘဝတုန်းက သူမ အမြဲမက်ခဲ့သော ကျော်ကြားမှုနှင့် ကံကြမ္မာ အားလုံးကို ဆောင်ကျဉ်းခဲ့သည်။ သူမသည် ‘အကျော်ကြားဆုံး တိုက်ရိုက် ထုတ်လွှင့်သူ’ အဆင့်သို့ တက်လှမ်းခဲ့ပြီး သူမကိုယ်သူမ အနုပညာရှင် တစ်ဦးအဖြစ် ပွဲဦးထွက်ရန် အတွက် ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုမှ ဦး‌ဆောင် ကျင်းပသော ပါရမီရှင် ရှာဖွေရေး စွမ်းရည်ရှိုး တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

 

 

ထို့အပြင် အချစ်ဟာသ ဇာတ်ကားတွေလိုပင်၊ စိတ်ဝင်စားစရာ ကောင်းတဲ့ အဖြစ်အပျက်တွေ ဆက်တိုက် ဖြစ်ပွားခဲ့ကာ သူမတွင် ချမ်းသာတဲ့ ချစ်သူကောင်လေး တစ်ယောက် ရလာခဲ့သည်။ သူမသည် အမြင့်သို့ ပျံတက်ကာ ဖီးနစ်တစ်ကောင် ဖြစ်လာတော့မည် အချိန်တွင် မည်သည့် နေရာက ထွက်ပေါ်လာမှန်း မသိသည့် တင်ဆက်သူ အသစ်ကြောင့် သူမ သည်းအူ တုန်ယင်မတတ် ထိတ်လန့် သွားခဲ့မိသည်။

 

ငရုတ်သီးနဲ့ ငါးဟင်းလျာကို မြင်လိုက် ရသောအခါတွင် ဝမ်ကျင့်ဖျင်သည် သူမကို သူ့အလိုလို ခြိမ်းခြောက် လာနိုင်စွမ်း ရှိတယ်လို့ ခံစားလိုက်ရသည်။

 

ဝမ်ကျင့်ဖျင်သည် ဒီတိုက်ရိုက် ထုတ်လွှင့် တင်ဆက်သူ အသစ်က မလွယ်ဘူး၊ ဒီတင်ဆက်သူ အသစ်ထံတွင် သူမမှာ မရှိတဲ့အရာ တစ်ခုခု ရှိနေတယ်လို့ ခံစားခဲ့ရသည်။

 

သူမ၏ မသင်္ကာမှုကို အတည်ပြုရန် ဝမ်ကျင့်ဖျင်သည် စုယန်ယန်၏ အရင် တိုက်ရိုက် ထုတ်လွှင့်မှု မှတ်တမ်း အားလုံးကို ကြည့်ရှုခဲ့သည်။

 

ရှေးခေတ် ကမ္ဘာမြေကြီး ပေါ်တွင်သာ ရှိခဲ့သော အကျွမ်းတဝင် ရှိသည့် အခြားအပင် တစ်မျိုးကို ဝမ်ကျင့်ဖျင် သူမရှေ့တွင် မျက်မြင် တွေ့ရှိ လိုက်ရသော အခါတွင် သူမကို ကမောက်ကမ ဖြစ်အောင် ထိတ်လန့် သွားစေကာ သူမရဲ့ ထင်မြင်ယူဆချက်ကို ပိုမိုသေချာ လာစေခဲ့သည်။

 

 

ဒီအရာတွေက တိုက်ဆိုင်စွာ ပေါ်ပေါက်လာတာ ဖြစ်ပါစေ သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ ပြုမူတာမျိုး ဖြစ်ပါစေ၊ သူတို့အားလုံးကို ဖျက်ဆီး ပစ်ရမည်။

 

ဒီကမ္ဘာတွင် ကံတရားက မျက်နှာသာ ပေးခြင်း ခံရသူမှာ တစ်ဦးတည်းသာ ရှိနိုင်သည်။ ပတ်ဝန်းကျင်က လူများ၏ အာရုံစိုက်မှုနှင့် ချစ်ခြင်း မေတ္တာများကို ဆွဲဆောင်နိုင်သူဟာ တစ်ယောက်တည်းသာ ရှိနိုင်ပြီး ထိုလူဟာ ဝမ်ကျင့်ဖျင်ဆိုသော သူမပင် ဖြစ်ရမည်။

***