ဒီစာကြောင်းက အကောင်းဆုံးပဲ
ဟောက်ချန်ဟွမ်းသည်
ဒါကို မြင်သောအခါ အနည်းငယ် ထိတ်လန့်သွားပြီး သူသည် သူကိုယ်တိုင်ကဲ့သို့ စကားစမြည် ပြောဆိုနေခြင်း
မဟုတ်ပဲ တိုက်ရိုက် ထုတ်လွှင့်မှုကို နှစ်သက် သဘောကျသည့် သာမန်ကြည့်ရှုသူ တစ်ဦးမျှသာ
ဖြစ်ကြောင်းကို ခေတ္တ မေ့လျော့ သွားခဲ့သည်။
တောင်တန်းပေါ်ကပိုးစာပင်:
[အဲ့လိုသဘောမျိုး မဟုတ်ပါဘူး။]
တောင်တန်းပေါ်ကပိုးစာပင်:
[ငါ အဲ့လို မရည်ရွယ်ပါဘူး၊ ငါ အဲ့လို ရည်ရွယ်တာ မဟုတ်ရပါဘူး။]
တောင်တန်းပေါ်ကပိုးစာပင်:
[ငါက အရမ်း ထုံအလွန်းတယ်၊ ငါက စကားလုံး လှလှလေးတွေကို ဘယ်လိုပြောရမှန်း မသိဘူး။ ဒါ့ကြောင့်
ငါက တခြားသူတွေရဲ့ အလွန်အကျူး မြှောက်ပင့် စကားတွေကို ဟိုဟိုဒီဒီ ချေးငှား မွေးစားပြီး အသုံးပြုခဲ့တာပါ။]
ဟောက်ချန်ဟွမ်းသည်
မက်ဆေ့ချ် များစွာကို ဆက်တိုက် ပေးပို့ခဲ့သည်။ ဒါကိုကြည့်လျှင် သူ အရမ်း ထိတ်ထိတ်ပျာပျာ
ဖြစ်နေမှန်း သိသာထင်ရှားလှသည်။
စုယန်ယန်သည်
သူမ၏ လုပ်ရပ်ကို ဘယ်အချိန်မှာ ရပ်တန့်ရမလဲ ဆိုတာကို သိနားလည်သောကြောင့် သူမက ဦးဆောင်လမ်းပြပြီး
သူမ လိုချင်တာကို ထုတ်ဖော်ပြောခဲ့သည်။
ယန်:
[ငါက ပန်းပွင့်လေးတွေလို မြှောက်ပင့်တဲ့ စကားတွေလို ဟန်ဆောင် ပြောဆိုတာမျိုးကို မကြိုက်ဘူး။
ငါက အမှန်အတိုင်း ပြောတာကိုပဲ ကြားချင်တာ။ ]
တောင်တန်းပေါ်ကပိုးစာပင်:
[… ငါ သိပါပြီ။]
ယန်:
[ဒါဆို…?]
ဟောက်ချန်ဟွမ်းသည်
မျက်မှောင်ကြုတ်ပြီး အချိန်အတော်ကြာ သူ ဘယ်လို ပြောရကောင်းမလဲလို့ စဉ်းစားနေခဲ့သည်။
နောက်ဆုံး၌ သူ့မျက်နှာဟာ အနည်းငယ် ရှက်သွေးဖြာပြီး ရိုးရှင်းတဲ့ စကားလုံး နှစ်လုံးကို
စာရိုက်ပြီး ပေးပို့လိုက်သည်။
တောင်တန်းပေါ်ကပိုးစာပင်:
[မင်းကို ချစ်တယ်~]
အခုဆိုလျှင်
စုယန်ယန် အံ့အားသင့်ရမည့် အလှည့် ဖြစ်လေသည်။ အရိုးရှင်းဆုံး စကားလုံးလေး နှစ်လုံးက
အံ့အားသင့်ဖွယ် ကောင်းစွာ အထိရောက်ဆုံး ဖြစ်သည်။
စုယန်ယန်သည်
ရှက်သွေး ဖြာသွားကာ သူမနှုတ်ခမ်းပေါ်မှ အပြုံးတွေ မတားဆီး နိုင်တော့ပေ။ ဒါ့ကြောင့်
သူမဟာ တစ်စုံတစ်ယောက်ကို သူမ ဒါကို နှစ်သက် သဘောကျကြောင်း အတည်ပြု ပြောဆိုခဲ့သည်။
ယန်:
[အင်း၊ အဲ့စာကြောင်းက အကောင်းဆုံးပဲ။]
ဟောက်ချန်ဟွမ်းသည်
တစ်ဖက်မှ စုယန်ယန်က သူ့ကို မည်သူမည်ဝါ ဖြစ်ကြောင်း မသိသည့်အပြင် အများစုက သူ့ကို မိန်းကလေးဟု
ထင်နေကြသဖြင့် ဟောက်ချန်ဟွမ်းသည် သူမ၏ ပြန်လည် ဖြေဆိုသည့် စာကြောင်းကြောင့် မလွှဲမရှောင်သာ
အံ့အားသင့်နေဆဲ ဖြစ်သည်။
ခဏတာ
ကြက်သေ သေသွားပြီးနောက်တွင် သူသည် သူ၏ ကနဦး မေးလိုသည့် ရည်ရွယ်ချက်အား ပြန်လည် သတိရသွားခဲ့ပြီး
‘ရန်သူ၏ အခြေအနေကို စမ်းသပ်ရန်’ ဂရုတစိုက် မေးမြန်းခဲ့သည်။
တောင်တန်းပေါ်ကပိုးစာပင်:
[တင်ဆက်သူ၊ နင် အခု ဘာလုပ်နေတာလဲ။ နင် ငါးဟင်းလျာကို ထုပ်ပိုးနေတာလား။]
ဒီငါးဟင်းလျာကို
ဟောက်ချန်ဟွမ်း ဒုတိယအကြိမ် ရည်ညွှန်း ပြောဆိုခြင်း ဖြစ်တာကြောင့် စုယန်ယန်သည် သိနားလည်ဖို့
နှေးကွေး နေလျှင်ပင် ဒါက တစ်ခုခုတော့ မှားနေပြီမှန်း သဘောပေါက် လိုက်သည်။
ထို့အပြင်
ဒီလို မေးခွန်း ထုတ်သော အပြုအမူသည် အလွန် ရင်းနှီးနေသည်။ ဟောက်ချန်ဟွမ်းသည် မကြာသေးမီက
သူမ ဆေးရုံသို့ သွားရောက် သောအခါက သူမ ဘာလုပ်ခဲ့တာလဲဟု မေးမြန်းသည့် အချိန်တုန်းက ပြုမူခဲ့သော
အပြုအမူမျိုး ဖြစ်သည်။
ဒါ့ကြောင့်
စုယန်ယန်သည် သူမ နျဉ်ချီလွေ့အတွက် ငါးဟင်းလျာ ချက်ပြုတ် ပေးသည်ကို မြင်ပြီး သူမ ကောင်လေးက
မနာလိုဖြစ်နေတာမှန်း နောက်ဆုံး၌ နားလည် သဘောပေါက် သွားခဲ့သည်။
စုယန်ယန်သည်
တခစ်ခစ် ရယ်မောမိကာ သူမ အတွေးထဲတွင် ရယ်စရာ ကောင်းသည့် အတွေးတစ်ခု ပေါ်လာခဲ့သည်။
ယန်:
[ငါက လူနာအတွက် ငါးဟင်းလျာကို ချက်ပြုတ်ပေးပြီး ဒီဟင်းကို လာယူတဲ့သူကို ပေးလိုက်ရုံပဲလေ။]
တောင်တန်းပေါ်ကပိုးစာပင်:
[…အိုး]
စုယန်ယန်သည်
ထိုရိုးရှင်းသော ‘အိုး…’ ဟူသော စာတိုလေးမှ တစ်ဆင့် တစ်စုံတစ်ယောက်၏ ရှာလကာရည် သောက်နေသော
မြင်ကွင်းကို သေချာပေါက် ခံစားမိသည်။
ယန်:
[ငါ အခုက ဟင်းချက်နေတာလေ။]
တောင်တန်းပေါ်ကပိုးစာပင်:
[တိုက်ရိုက် ထုတ်လွှင့်မှုအတွက် နင် ချက်လို့ပြုတ်လို့ ပြီးသွားပြီ မဟုတ်ဘူးလား။]
ယန်:
[တိုက်ရိုက် ထုတ်လွှင့်မှုမှာ ချက်ပြုတ်တဲ့ ဟင်းလျာက ငါ့လူနာတွေ အတွက်လေ။ အခု ငါ ချက်ပြုတ်နေတဲ့
ဟင်းလျာတွေက ငါ့မိဘတွေ၊ ငါ့မိသားစုနဲ့ ငါ့ခင်ပွန်းအတွက် ရိုးရိုးရှင်းရှင်း ညစာလေးတွေပါပဲ။]
ခင်ပွန်းလား။
ဟောက်ချန်ဟွမ်း၏ မျက်နှာနှင့် လည်ပင်းသည် မြင်နိုင်လောက်သည့် အတိုင်းအတာအထိ နီရဲသွားသည်။
ဘေးနားမှာ
ဘောလုံးတစ်လုံးဖြင့် ဆော့ကစားနေသော သွမ်းသွမ်းသည် သူ့ဘောလုံးလေးက ဟောက်ချန်ဟွမ်း၏
ခြေထောက်အနားသို့ လှိမ့်သွားတာကို မြင်လိုက်၍ ပြေးလိုက်လာရာ ဤမြင်ကွင်း တစ်ခုလုံးကို
မြင်လိုက်ရသည်။ သူလေး၏ အမွှေးပွလေးများသည် ထိတ်လန့်မှုကြောင့် အမွှေးပွလုံးလေးအဖြစ်
ပေါက်ကွဲသွားခဲ့သည်။
သူလေးဟာ
စူးစမ်းသိချင်စိတ်ဖြင့် ဘီးတပ် ကုလားထိုင် ပတ်ပတ်လည်ကို အကြိမ်ပေါင်း များစွာ လှည့်ပတ်နေခဲ့သည်။
ခွေးဒယ်ဒီ ဘာဖြစ်နေတာလဲ။ သူ့မျက်နှာက ဘာဖြစ်လို့ အရောင်တွေ ပြောင်းနေရတာလဲ။
ဟောက်ချန်ဟွမ်းသည်
သွမ်းသွမ်း၏ ထူးဆန်းနေသော အပြုအမူကို သတိမပြုမိပေ။ သူ့မျက်နှာပေါ်ရှိ အပူများ အနည်းငယ်
လျော့ပါး သွားပြီးနောက် သူ၏ ယခင်က ချဉ်စူးပြီး ဝမ်းနည်းနေသည့် အသံကနေ ချက်ချင်း ပြောင်းလဲသွားပြီး
ကြည်သာ ရွှင်ပြသည့် စိတ်ဖြင့် ပြန်ဖြေလိုက်သည်။
တောင်တန်းပေါ်ကပိုးစာပင်:
[ဒါဆို နင်လုပ်စရာရှိတာ ဆက်လုပ်လေ၊ ငါ့ နင့်ကို ထပ်မနှောင့်ယှက်တော့ဘူး~]
အဆုံးမှာတော့
တစ်စုံတစ်ယောက်၏ စိတ်အခြေအနေဟာ အရမ်း သာယာနေပုံရပြီး ကြည်သာရွှင်ပျနေတယ် ဆိုတာ ပြောဖို့
မခက်ခဲပေ။
စုယန်ယန်၏
မျက်ဝန်းထဲတွင် ရွှင်မြူးနေသော အရိပ်အယောင် တစ်ခု ဖျတ်ခနဲ ပေါ်လာခဲ့သည်။ ဒီကောင်လေး
တကယ့်ကို ချဉ်စူးနေတာ ဖြစ်ပေမယ့် သူ့ကို ချော့မြှူဖို့ရာ အရမ်းလွယ်ကူသည်။
သူက
အမွှေးပွပွ ဒေါသကြီးသော ကြောင်တစ်ကောင်နှင့် တူသော်လည်း သူ့ကို တစ်ကြိမ်လောက် ပွတ်သပ်
ချော့မြှူလိုက်သည်နှင့် သင့်လက်ကို ဆွဲဖက်ကာ တိုးတိုးလေး ချွဲနွှဲ့ပါလိမ့်မည်။
စုယန်ယန်သည်လည်း
ဒါမျိုးကို လုံးဝ ခံနိုင်ရည် မရှိဘူး။
သို့ရာတွင်
သူမ၏ မြန်မြန်ဆန်ဆန် အရိပ်အကဲ နားလည် သဘောပေါက်မှုကို ကျေးဇူးတင်ရပေမည်၊ မဟုတ်ရင် သနားစရာ
ကောင်းသော နျဉ်ချီလွေ့သည် ဘုမသိ ဘမသိပဲ ချဉ်စူးနေသည့် ဟောက်ချန်ဟွမ်း၏ သဝန်တိုစိတ်ကြောင့်
ထိန်းမနိုင် သိမ်းမရ ပေါက်ကွဲမှုကို တွေ့ကြုံခံစား ရပေလိမ့်မည်။
***