အပိုင်း ၁၅၈
Viewers 920

အခန်း (၁၅၈)

အမြှောင်မဖြစ်ဖို့ ဖိအားပေးခံခဲ့ရသည်

 

တစ်ချိန်တည်းမှာပင် သေခြင်းတရားမှ လွတ်မြောက်သွားမှန်း မသိသည့် နျဉ်ချီလွေ့သည် ပထမတန်းစား ဆေးရုံးခန်းထဲမှ ခုတင်ပေါ်တွင် လဲလျောင်းနေရင်း သူ့ဘဝကို လေးလေးနက်နက် တွေးတော နေခဲ့သည်။

 

စုယန်ယန် ပြန်သွားပြီးနောက် နျဉ်စစ်ယွမ်သည် အခန်းထဲမှ လူများကို ရှင်းထုတ်ခဲ့ပြီးနောက် စုယန်ယန်နှင့် နျဉ်ချီလွေ့တို့ ကြားရှိ ရန်ညှိုးရန်စကို မေးမြန်းခဲ့သည်။

 

ဒါပေါ့၊ နျဉ်ချီလွေ့သည် စုယန်ယန်က ဝမ်ကျင့်ဖျင်နှင့် ပတ်သက်၍သာ ပြောစရာရှိပြီး သူနှင့် စုယန်ယန်ကြားမှာ အမှန်တကယ် ရန်ညှိုးရန်စ မရှိသောကြောင့် ဘာပြောရမှန်း မသိပေ။

 

အစပိုင်းတွင် နျဉ်ချီလွေ့ဟာ မည်သည့် အရာကိုမျှ ထုတ်ဖော် ပြောကြားရန် ဆန္ဒမရှိပေ၊ နောက်ဆုံးမှ ဝမ်ကျင့်ဖျင်အား စိတ်ပျက်စရာ ကောင်းအောင် အနိုင်ကျင့်ခဲ့သည့် စုယန်ယန် အကြောင်းအား ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့သည်။

 

နျဉ်စစ်ယွမ်သည် ဝမ်ကျင့်ဖျင် ပြောပြခဲ့သည့် အကြောင်းကို သူ့အစ်ကို ဖြစ်သူအား အလွန် အကျပ်ရိုက်စွာ ဆက်လက် ပြောကြားခဲ့သည်။

 

နျဉ်ချီလွေ့သည် ငယ်ရွယ်ပြီး အတွေ့အကြုံ မရင့်ကျက်သေးသည့် ကောင်လေး တစ်ယောက်ဖြစ်ပြီး၊ သူ့ အတွေ့အကြုံများသည် သူ့အစ်ကိုဖြစ်သူ၏ အတွေ့အကြုံတို့နှင့် မနှိုင်းယှဉ်နိုင်တာ အချိန်အတော် ကြာကတည်းက ရိုးသားစွာ လက်ခံထားနိုင်ခဲ့သည်။

 

“ဒါဆို မင်း စုမိန်းကလေးကို မကျေနပ်တာ ဝမ်ကျင့်ဖျင်ကြောင့်လို့ ငါ့ကို ပြောနေတာလား။ အိုး… မဟုတ်သေးပါဘူး၊ ဒါကို မကျေနပ်တာ ပြောလို့မရဘူး၊ ဒါကို ‘မင်း၊ ကိုယ့်သဘောနဲ့ကိုယ် စုမိန်းကလေးကို ပြဿနာ ရှာပေမယ့် သူမက မင်းကို ဘာမှ မတုံ့ပြန်ခဲ့ဘူး’ လို့ ပြောလို့ရတယ်”

 

နျဉ်ချီလွေ့၏ မျက်နှာသည် ရှက်ရွံ့မှုကြောင့် တောက်လောင် သွားသည်။ သူက ရှက်ဒေါသဖြင့် “အစ်ကိုကြီး” လို့ အော်လိုက်သည်။

 

“မင်း ငါ့ကို အစ်ကိုကြီးလို့ခေါ်တာ အသုံးမဝင်ဘူး။ မင်းကို သူမ ပြောသမျှ အကြောင်းအရာ အားလုံးကို ရိုးရိုးသားသားနဲ့ တိတိကျကျ ငါ့ကို ပြန်ပြော”

 

“သူမ… သူမက သူမနဲ့ ဟောက်ရှောက်ဖုန်းတို့ဟာ တစ်ယောက်ကို တစ်ယောက် နှစ်သက် သဘောကျနေခဲ့ကြပြီး စုမိန်းကလေးနဲ့ မ‌စေ့စပ်ခင်မှာ ကတည်းက သူတို့ရဲ့ ခံစားချက်တွေကို တစ်ယောက်ကိုတစ်ယောက် ဖွင့်ဟ ဝန်ခံခဲ့ကြတယ်။ မစ်စတာဟောက်တို့ ဇနီးမောင်နှံက သူမက ဆင်းရဲတဲ့ မိသားစုက မိန်းကလေးမို့ သူမတို့ရဲ့ ဆက်ဆံရေးကို သဘောမတူခဲ့ကြဘူး။ သူတို့က ဟောက်ရှောက်ဖုန်းအတွက် သူမကို သင့်တော်တယ်လို့ မထင်တာကြောင့် ဟောက်ရှောက်ဖုန်းရဲ့ စိတ်ဆန္ဒ မပါဝင်ပဲ စုမိန်းကလေးနဲ့ စေ့စပ်ပေးဖို့ ဆက်လက် လုပ်ဆောင်ခဲ့တယ်။ ဟောက်ရှောက်ဖုန်းက သူ့မိဘတွေ စေ့စပ်ဖို့ ဆက်လုပ်နေတာကို သိသွားခဲ့တဲ့ နောက်မှာ သူက စေ့စပ်ပွဲကို ဖျက်သိမ်း ချင်ပေမယ့် စုမိန်းကလေးက သူ့အပေါ် ခံစားချက်တွေ နက်ရှိုင်းနေခဲ့ပြီ။ သူမက ဟောက်ရှောက်ဖုန်းတို့ အတွဲကို ကောင်းချီးပေးဖို့ ဆန္ဒမရှိတဲ့ အပြင် သူမကသာလျှင် ဟောက်ရှောက်ဖုန်းရဲ့ တရားဝင် ပါတနာအဖြစ် ရပ်တည်ပြီး သူတို့ရဲ့ တက္ကသိုလ်မှာ ဝမ်ကျင့်ဖျင်ကို ပြဿနာရှာခဲ့တယ်”

 

 

နျဉ်စစ်ယွမ်၏ မျက်နှာ အမူအရာဟာ မည်းမှောင်သွားကာ ပြက်ရယ် ပြုလိုက်သည်။

 

“ဒါဆို သူမ ဆိုလိုတာက သူမနဲ့ ဟောက်ရှောက်ဖုန်းတို့က အချင်းချင်း နှစ်သက် သဘောကျနေကြတာ ဖြစ်ပြီးတော့ စုမိန်းကလေးက သူတို့ရဲ့ ဆက်ဆံရေး ကြားမှာ တတိယလူလို့ ပြောချင်တာပေါ့။ နှစ်ဖက်မိသားစုရဲ့ ဆုံးဖြတ်ချက်အရ စုမိန်းကလေးက ဟောက်ရှောက်ဖုန်းရဲ့ သတို့သမီးလောင်း ဖြစ်လာခဲ့တာကြောင့် သူမက အမြှောင်မဖြစ်ဖို့ ဖိအားပေး ခံခဲ့ရတာပေါ့”

 

နျဉ်ချီလွေ့သည် သူ့အစ်ကိုဖြစ်သူကို အကြည့်တစ်ချက် ခိုးကြည့်ကာ နှုတ်ဆိတ်နေခဲ့သည်။

 

နျဉ်စစ်ယွမ်သည် အသက်ပြင်းပြင်း ရှူပြီး ဆက်ပြော လိုက်သည်။

 

 “ဟောက်ရှောက်ဖုန်းက ဝမ်ကျင့်ဖျင်ကို စုမိန်းကလေးရဲ့ မိဘတွေ ရှေ့မှောက်ကို ခေါ်ဆောင်သွားပြီး လူမြင်ကွင်းမှာ စေ့စပ်ပွဲ ဖျက်သိမ်းဖို့ တောင်းဆိုတဲ့ အကြောင်းကိုရော သူမက မင်းကို ဘယ်လို ရှင်းပြထားသေးလဲ”

 

“ဟောက်ရှောက်ဖုန်းက သူ့မိဘတွေနဲ့ စုမိသားစုကို သူတို့ရဲ့ စေ့စပ်ကြောင်းလမ်းခြင်းကို ဖျက်သိမ်းပေးဖို့ အကြိမ်ကြိမ် ပြောခဲ့ပေမယ့် လက်မခံခဲ့ကြဘူး။ သူ့မိဘတွေက သူ့ကို နောက်တစ်ကြိမ် စေ့စပ်ပွဲ ဖျက်သိမ်းပေးဖို့ ပြောရင် သူနဲ့ စုမိန်းကလေးတို့ လက်ထပ်ပြီးတဲ့ အချိန်အထိ သူ့ကို အခန်းထဲ သော့ပိတ်ထားမယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ ဒါကြောင့် သူတို့က စေ့စပ်ပွဲ ဖျက်သိမ်း လိုတာကြောင့် စုမိသားစုတွေ ဒါကို သဘောတူ လက်ခံပေးဖို့အတွက် ရွေးချယ်စရာ မရှိပဲ ပါတီပွဲမှာ ဒီအကြောင်းတွေကို ထုတ်ဖော်ခဲ့ကြရတယ်”

 

“မင်းက ဒီလို သောက်အဓိပ္ပါယ် မရှိတာမျိုးကို တကယ်ပဲ ယုံကြည်တယ်ပေါ့လေ”

 

နျဉ်စစ်ယွမ် ပေါက်ကွဲသွားပြီး သူ့ဒေါသများကို မထိန်းနိုင်‌တော့ပေ။ သူက နှာမှုတ်လိုက်သည်။

 

“မင်းက သူမပြောသမျှ အကုန် ယုံကြည်တယ်ပေါ့၊ မင်းမှာ ဦးနှောက် မရှိဘူးလား။ လွန်ခဲ့တဲ့ နှစ်တွေ မင်းအိမ်က ထွက်သွားချိန်တုန်းက ငါ မင်းကို မြင်သမျှ ကြားသမျှတိုင်းဟာ အမှန်တရား မဖြစ်နိုင်ဘူးလို့ အကြိမ်ကြိမ် အခါခါ သတိပေးခဲ့တယ်။ မင်းကို ပြောသမျှ အကြောင်းရင်းကို ချက်ချင်း ယုံကြည် လိုက်ရမယ့်အစား မင်းကိုယ်တိုင် ဒါကို ခွဲခြားသိမြင်နိုင်ဖို့ နည်းလမ်း ရှာရမယ်။ အကြောင်းရင်းကို သေသေချာချာမသိပဲ တစ်ဖက်လူကို မစွပ်စွဲသင့်ဘူး”

 

နျဉ်ချီလွေ့သည် သူ့အစ်ကို၏ ဆူပူကြိမ်းမောင်းတာကို ခံရပြီးနောက် ခေါင်းလေးငုံကာ အတွန့်ထက် လိုက်သည်။

 

“အစ်ကိုကြီး၊ သူမပြောတာတွေက မမှန်ဘူးလို့ အစ်ကို ဘယ်လိုလုပ်ပြီး ပြောနိုင်တာလဲ”

   

 

“ငါ သိလို့ပေါ့ကွ”

 

 နျဉ်စစ်ယွမ်သည် သူ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

 

“စုမိန်းကလေးမှာ ဟောက်ရှောက်ဖုန်း အတွက် ခံစားချက် ရှိ မရှိ ဆိုတာကိုတော့ ငါ မပြောလိုဘူး။ မင်းပြောလိုက်တဲ့ ပထမဆုံး စာကြောင်းမှာတင် ချို့ယွင်းချက် ရှိနေတယ်။ မင်းပြောတဲ့ ဝမ်မိန်းကလေးက ဒီနှစ် အလုပ်သင်ဆင်းတဲ့ ကာလအတွင်း လွန်ခဲ့တဲ့ နှစ်လလောက်မှာမှ ဟောက်ရှောက်ဖုန်းနဲ့ တွေ့ဆုံခဲ့ပြီးတော့ သူတို့ရဲ့ ဆက်ဆံရေးကို အတည်ပြုခဲ့ကြတာ။ စုအိမ်တော်နဲ့ ဟောက်အိမ်တော်ရဲ့ စေ့စပ်ပွဲက လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က သတ်မှတ်ခဲ့ကြတယ်။ စေ့စပ်ပွဲ မလုပ်ခင် ကတည်းက သူတို့နှစ်ယောက် တွဲနေကြတယ်လို့ ပြောတာကို မင်း ယုံကြည်ခဲ့တာလား”

***