သေစေလောက်သည့်
အကြည့်စူးစူး
သူတို့နှင့်
သူတို့ချစ်ရသူတို့ အရမ်း ရင်းနှီးနွေးထွေးနေပုံ ရတယ်လို့ ပြောတာကို ကြားရသည့် အခါမှာ
ဘယ်သူမဆို စိတ်ချမ်းသာမိသလိုပင် စုယန်ယန်သည်လည်း ဒီစကားကို ကြားလိုက် ရသောကြောင့် ခြွင်းချက်မရှိ
စိတ်ပျော်ရွှင် သွားခဲ့သည်။ သူမက အပြုံးလေးဖြင့် ဟောက်ချန်ဟွမ်းကို ဂုဏ်ယူ ဝံ့ကြွားနေသော
အမူအရာဖြင့် ကြည့်ကာ သူမ အကြည့်ထဲတွင် ‘ရှင့်ကို ကျွန်မ မပြောဘူးလား’ ဆိုသည့် အဓိပ္ပါယ်များ
ပြည့်လျှမ်းနေခဲ့သည်။
ဟောက်ချန်ဟွမ်း၏
မျက်ဝန်းထဲက အေးစက်နေသည့် အရိပ်အယောင်များ ပျောက်ကွယ် သွားသည်ကို သတိပြုမိ လိုက်သည်။
ဟောက်ချန်ဟွမ်းသည် နျဉ်စစ်ယွမ်ကို ဆက်လက် လျစ်လျူရှုနေခဲ့ကာ “ကုသမှုကို စကြရအောင်”
လို့ ပြောလိုက်သည်။
ကုသမှု
မြန်မြန် ပြီးသွားလေ၊ မြန်မြန် ထွက်သွားလို့ ရလေပါပဲ။ ဒီအမျိုးသားတွေ သူ့ဇနီးလေးကို
ငမ်းနေတာကို သူ တကယ် သဘောမကျဘူး။
စုယန်ယန်က
သူ၏ စိတ်မရှည်မှုကို သတိပြုမိခဲ့ပြီး ကုသမှုကို တတ်နိုင်သမျှ မြန်မြန်ပြီးအောင် လုပ်ဖို့
စီစဉ်ခဲ့ပြီး ဖြစ်သည်။ သူမက ဟောက်ချန်ဟွမ်း၏ ပခုံးလေးကို စိတ်အေးစေရန် ခပ်သာသာလေး ပုတ်ပေးပြီးတော့
နျဉ်ချီလွေ့၏ ခုတင်ဘေးသို့ လျှောက်သွားခဲ့သည်။
“လွန်ခဲ့တဲ့
နှစ်ရက်အတွင်း ကျွန်မ ပို့ပေးခဲ့တဲ့ အစားအသောက် မှန်သမျှကို အကုန်စားခဲ့ရဲ့လား”
ဝမ်ကျင့်ဖျင၏
ဇာတိရုပ် အမှန်ကို သိရှိသွားပြီးနောက် နျဉ်ချီလွေ့သည် ဝမ်ကျင့်ဖျင်က သူ့အား အရူးလုပ်ခဲ့မှန်းကို
နားလည်သွားခဲ့ပြီး စုယန်ယန်အား မှားယွင်း အပြစ်တင်မိကြောင်းကို သူ ရှင်းရှင်းလင်းလင်း
သိလိုက်ရသည်။
ထိုအသိတရား
ခေါင်းထဲသို့ ဝင်ရောက် လာခဲ့ခြင်းကြောင့် သူ စုယန်ယန်ကို အားတောင့်အားနာ ဖြစ်နေခဲ့ပြီး
သူ စကားပြောရန် ကြိုးစားခဲ့သော်လည်း မည်သည့် စကားတစ်ခွန်းကိုမျှ ထွက်မလာနိုင်ခဲ့ပေ။
အချိန်အတော်ကြာ ပြီးနောက် နျဉ်စစ်ယွမ်က သူ့အစား ဝင်ရောက် ဖြေဆိုပေးခဲ့သည်။
“ဟုတ်ကဲ့၊
သူ အကုန်စားပါတယ်။ သူ စားနေတဲ့ အချိန်တိုင်း ကျွန်တော် သေသေချာချာ စောင့်ကြည့် နေခဲ့ပြီးတော့
ဘာတစ်ခုမှ မကျန်အောင် စားခိုင်းခဲ့တယ်”
“အိုး...”
စုယန်ယန်သည်
နျဉ်ချီလွေ့၏ အနေခက်နေမှုကို မြင်တွေ့လိုက်ရပြီး ယမန်နေ့က စနစ်ရဲ့ အသိပေးချက်ကို ပြန်သတိရ
မိသောအခါ သူ့ကို ပြက်ရယ်ပြုသည့် အသွင်ဖြင့် ကြည့်ကာ “အစားအသောက်တွေက အရသာရှိရဲ့လား”
လို့ စနောက်ခဲ့သည်။
နျဉ်ချီလွေ့ရဲ့
မျက်နှာ အမူအရာဟာ ပိုပိုပြီး ပျက်ယွင်းလာခဲ့သည့် အချိန်တွင် ယန်ကျင်းယို့က သူ့အား ကယ်တင်ပေးသည့်
အနေဖြင့် စကားဝိုင်းထဲသို့ ရုတ်တရက် ခုန်ဝင်လာခဲ့သည်။
“အရသာရှိတယ်၊
အရမ်း အရသာရှိတယ်။ ဟင်းလျာတွေ ရောက်လာတဲ့ အချိန်မှာ ကျွန်တော် သူ့ဘေးမှာ ရှိနေခဲ့တယ်၊
ဟင်းလျာတွေရဲ့ မွှေးရနံ့က... ကျွတ်စ်... ကျွတ်စ်... ကျွတ်စ်... သွားရည်ထွက်ကျလု နီးပါးဖြစ်အောင်
စွမ်းဆောင်နိုင်တယ်။ အထူးသဖြင့် အဲဒီငါးဟင်းလျာက...”
ယန်ကျင်းယို့သည်
ထိုငါးဟင်းလျာ၏ မွှေးရနံ့ကို ပြန်သတိရသည့် အချိန်တိုင်း သူ ရူးမိုက်သည့် အပြုံးမျိုးကို
မပြုံးပဲ မနေနိုင်တော့ပေ။
သူ၏
ကြားဖြတ် ပြောဆိုခြင်းကြောင့် နျဉ်ချီလွေ့ဟာ စိတ်မသက်မသာ ဖြစ်သွားခဲ့ရသည်။ “မင်းက ကိုယ်တိုင်
မစားရပဲ အဲဒီဟင်းလျာက အရသာရှိလား မရှိဘူးလား ဆိုတာကို ဘယ်လိုသိတာလဲ”
“မင်း
ဘယ်လိုလုပ်ပြီး ဒီလို ပြောရဲရတာလဲ။ ငါတို့တွေက ညီအစ်ကိုကောင်းတွေလို့ ငါ အမြဲတမ်း ထင်ထားခဲ့တာ၊
ငါ အစားကောင်း စားခဲ့အချိန်တိုင်း မင်းကို အမြဲသတိရတယ်။ မင်းကျတော့ရော... မင်း ငါ့ကို
စွပ်ပြုတ်လေး တစ်ဇွန်းလောက် ဒါမှမဟုတ် ငါးဟင်းလေး တစ်ဇွန်း လောက်တောင် မပေးချင်ခဲ့ဘူး။
မင်းလိုမျိုး ညီအစ်ကို ငါ့မှာ ဘာဖြစ်လို့ ရှိနေရတာလဲ”
“ငါက
လူမမာ တစ်ယောက်ဆိုတာ မင်း မမေ့နဲ့။ အဲဒီဟင်းလျာတွေက ငါ့အတွက် လုပ်ထားတာလေ။ လူနာရဲ့
အစားအသောက်ကို လုယူဖို့ ကြိုးစားတာကို မင်းက မှန်ကန်နေသလို ဘယ်လိုလုပ်ပြီး ပြောရဲရတာလဲ။
အရှက်ကင်းမဲ့လိုက်တာ... အရှက်ကင်းမဲ့လိုက်တာ...”
“မင်း!”
စုယန်ယန်
“...” အာ... နင်တို့၏ သူငယ်ချင်းကောင်း ဆက်ဆံရေးက အစားအသောက် တစ်လုတ်စာကြောင့် ပျက်စီး
သွားခဲ့တာလား။ နင်တို့က ပလတ်စတစ်လို ညီအစ်ကိုတွေလား။
ယန်ကျင်းယို့ကို
အော်ဟစ်ပြီးနောက် နျဉ်ချီလွေ့သည် သူ့ကျောရိုး တစ်လျှောက် အေးစက် သွားသလို ခံစားလိုက်ရသဖြင့်
သံသယစိတ်ဖြင့် ဘေးပတ်ဝန်းကျင်ကို စိတ်ရှုပ်ထွေးစွာ လှည့်ပတ် ကြည့်ရှုလိုက်မိရာ ဟောက်ချန်ဟွမ်း၏
ခံစားချက် ကင်းမဲ့နေသော အကြည့်စူးစူးတွေကို ချက်ချင်း တွေ့လိုက်ရသည်။
နျဉ်ချီလွေ့
“...” F*ck, ဒီလူ ဘာဖြစ်နေတာလဲ။ ဘာဖြစ်လို့ ဒီလူ့ကို ကြည့်ရတာ တစ်ယောက်ယောက်ကို အသက်ရှင်လျက်
စားသောက်ချင်နေတဲ့ပုံ ပေါ်နေရတာလဲ။
သူ
အထိတ်တလန့် ဖြစ်နေသည့် အချိန်မှာ စုယန်ယန်က “ဒါဆို... အဲဒီဟင်းလျာတွေက အရသာ မရှိဘူးလို့
ရှင်ထင်နေတာလား” လို့ ပွင့်ပွင့်လင်းလင်း မေးမြန်းခဲ့သည်။
နျဉ်ချီလွေ့
ကြက်သေ သေသွားခဲ့သည်။ သူ့မျက်နှာကို ချက်ချင်းပင် အငွေ့ပျံ သွားစေတော့ မတတ် ရှက်ရွံ့သွားခဲ့ကာ
“... အဲ့တာက အရသာရှိတယ်” လို့ ပြန်ဖြေလိုက်သည်။
“ရှင်က
ကုသမှုကို ပူးပေါင်း ဆောင်ရွက်ပေးတဲ့ အတွက်ကြောင့် ကျွန်မတို့ရဲ့ ကုသမှုကို ဆက်လုပ်ကြရအောင်။
စည်းမျဉ်းဟောင်း အတိုင်းပဲ ဒီနေရာမှာ လူအနည်းငယ်ကိုပဲ ခွင့်ပြုထားတယ်၊ ပြီးတော့ အနှောင့်အယှက်
ပေးတဲ့သူ တစ်ယောက်မှ မဝင်လာရဘူး”
“စိတ်မပူပါနဲ့။
ဒီအထပ် တစ်ခုလုံးမှာ ကျန်တဲ့လူတွေက ကျွန်တော်တို့ရဲ့ လူတွေပါပဲ၊ ဘယ်သူမှ အနှောင့်အယှက်
ပေးနိုင်မှာ မဟုတ်ပါဘူး”
“အဲ့တာဆို
ကောင်းပြီ”
ယန်ကျင်းယို့သည်
သူ မြင်တွေ့တော့မယ့် ကိစ္စတိုင်းကို လက်သင့်ခံနိုင်ဖို့ စိတ်ကို တည်ငြိမ်စွာ ထားခဲ့သော်လည်း
စုယန်ယန်က အပ်စိုက်အိတ်ထဲမှ အပ်ရှည် အတန်းလိုက်ကို ထုတ်ယူ လိုက်တာကို တွေ့မြင်လိုက်ရပြီး
ထိုအပ်ရှည်တွေဖြင့် နျဉ်ချီလွေ့ကို အပ်စိုက်ပြီး ကုသတော့မယ် ဆိုတာကို သိလိုက်ရတဲ့ အတွက်
သူ အသက်ရှူ မဝတော့သလို ခံစားလိုက်ရသည်။
မနေ့
တစ်နေ့ကလိုပင် စုယန်ယန် အပ်စိုက်ပေးရမည့် အမှတ်နေရာ အများစုက နျဉ်ချီလွေ့၏ နောက်ကျောပြင်မှာ
တည်ရှိနေတာပင်။ ကွာခြားချက်ကတော့ အခုတစ်ကြိမ်မှာတော့ သူမသည် ကုသမှုပုံစံကို အနည်းငယ်
ပြောင်းလဲထားပြီး သူမ၏ ဆေးကုသမှုကို ထိရောက်မှု ပိုမို ကောင်းမွန် လာစေရန် အိုက်ကျို့ကုသနည်းကိုပါ
ထပ်ပေါင်း ထည့်ထားခဲ့သည်။
ယန်ကျင်းယို့သည်
နျဉ်ချီလွေ့ကို အပ်စိုက် ကုထုံးဖြင့် ကုသနေတာကို မြင်တွေ့ခဲ့ရသည့် အပြင် လက်ချောင်းအရွယ်ရှိ
‘အမွှေးတိုင်” များကို တစ်တိုင်ပြီးတစ်တိုင် မီးရှို့ပြီးနောက် စုပ်ခွက်ဖြင့် အုပ်လိုက်တာကိုပါ
မြင်တွေ့ခဲ့ပြီးနောက် ကမ္ဘာလောကကြီးသည် လျှို့ဝှက် ဆန်းကြယ်မှုများ ပြည့်နှက်နေတယ်လို့
ရုတ်တရက် ခံစားလိုက်ရသည်။
သူမက
ငါ့ညီအစ်ကိုကို တကယ်ပဲ ဆေးကုသပေးနေတာ ဟုတ်ရဲ့လား၊ မဟုတ်ဘူးလား။
***