အပိုင်း ၁၇၃
Viewers 886

အခန်း (၁၇၃)

ငါ အခုမှ ဆေးကုသမှု ခံယူပြီးတုန်းပဲ ရှိသေးတယ်လေ

 

ဘဝရဲ့ အဓိပ္ပါယ်ကို တွေးတောနေတဲ့ ယန်ကျင်းယို့နဲ့ နှိုင်းစာရင် နျဉ်ချီလွေ့ဟာ နေမထိ ထိုင်မသာ ဖြစ်နေခဲ့သည်။

 

စုယန်ယန်သည် သူ့အား ရင်းနှီး ကျွမ်းဝင်နေသော အမွှေးနံ့ရှိသည့် “အ‌မွှေးတိုင်”များကို အသုံးပြုပြီး သူ့ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကို ကုသပေး နေပေမယ့် ဒါတွေက သူ့ကို တကယ့်ကို မနာကျင်စေခဲ့ပေ။

 

ယန်ကျင်းယို့၏ အတွေးထဲတွင် ထိုအဖြစ်အပျက်က ဆေးလိပ်သောက်သည့် ဖြစ်စဉ်တစ်ခုလို ခံစားခဲ့လိုက်မိသလို နျဉ်ချီလွေ့သည်လည်း သူ့တစ်ကိုယ်လုံးတွင် အမွှေးရနံ့များ ထုံသင်းကြိုင်နေပြီး ဆားအနည်းငယ်နှင့် အခြားဟင်းခတ် အမွှေးအကြိုင်အချို့ကို ထည့်သွင်း လိုက်သည်နှင့် သူ့ကို အဆင်သင့် တည်ခင်း စားသောက်လို့ ရပြီလို့ တွေးလိုက်မိသည်။

 

မကြာသေးမီက စုယန်ယန် ပေးပို့ခဲ့သည့် အရသာရှိသော ဟင်းလျာများကို နျဉ်ချီလွေ့ ပြန်အမှတ်ရရင်း စုယန်ယန်၏ မျက်လုံးထဲတွင် သူက လှီးဖြတ်ထားသည့် အသားများလားလို့ သံသယဖြစ်မိသည်။

 

 

သို့ရာတွင် ဒါတွေက အရေး အကြီးဆုံးတော့ မဟုတ်ပါဘူး။ အရေး အကြီးဆုံးကတော့ သူ့ခန္ဓာကိုယ်ပေါ်တွင် လောင်ကျွမ်းနေသည့် အရာများမှာ တကယ့်ကို အရမ်းပူနေတာပါပဲ။

 

စုယန်ယန်၏ လက်များက သူ့နောက်ကျောကို ထိတွေ့ လိုက်ချိန်တိုင်း မသိစိတ်၏ စေ့ဆော်မှုအရ တုန်ယင် သွားမိသည်။ ဒါက ကုသမှုကို ပိုမို တိုးတက် လာစေမှာရော ဟုတ်ပါရဲ့လား။

 

“စစ်ယွမ်၊ ဒီလိုကုသမှုမျိုးက နာမကျန်းမှု အတွက် တကယ်ပဲ ထိရောက်မှု ရှိရဲ့လား။ ချီလွေ့က ဖြူကောင် တစ်ကောင်လို ဖြစ်တော့မယ်လို့ ငါ ဘာဖြစ်လို့ ခံစားမိရတာလဲ”

 

နျဉ်စစ်ယွမ်သည် သူ့ညီ၏ နောက်ကျောရှိ ကြောက်မက်ဖွယ် ကောင်းသော အပ်ချောင်း ရှည်များကို ကြည့်ပြီး မျက်ခုံးတွန့် သွားခဲ့သည်။ “ဒီနေ့ ကုသတာက မနေ့ကထက် ကြောက်စရာ ပိုကောင်းတယ်”

 

“ငါပြောမယ်...”

 

“ဒါပေမယ့် အချက်အလက်တွေက လူတွေကို မလှည့်စားနိုင်ဘူး။ ဒါ့ကြောင့် သူ ရောဂါကို ကုသချင်ရင်တော့ ဝေဒနာကို အနည်းငယ်တော့ ခံစားရမှာပဲ။ ပိုအရေးကြီးတဲ့ အချက်က သူ နေပြန်ကောင်း လာဖို့ပဲလေ”

 

ယန်ကျင်းယို့ “...” သွေးရင်း ညီအစ်ကိုကတောင် သံသယ မဝင်တာ၊ ငါလည်း သံသယဝင်ဖို့ မလိုအပ်ဘူး။

 

နျဉ်စစ်ယွမ်၏ အကြည့်တွေက စုယန်ယန်နှင့် နျဉ်ချီလွေ့တို့ထံ အပြန်ပြန် အလှန်လှန် ကူးသန်း ရောက်ရှိ သွားပြီးနောက် မလှမ်းမကမ်းရှိ ဟောက်ချန်ဟွမ်းထံသို့ အကြည့်ရောက် သွားမိသည်။

 

ဒီအမျိုးသားက ကောလာဟလတွေထဲက ဟောက်မိသားစု၏ အေးစက်၊ အံ့သြစရာ ကောင်းလောက်အောင် ရက်စက် ကြမ်းကြုတ်သူ ဖြစ်သည်။ သူ့ကျန်းမာရေး အခြေအနေကြောင့် အပြင်လူတွေက သူ့ကို နှစ်ပေါင်းများစွာ မမြင်တွေ့ခဲ့ဖူးပေမယ့် ဒီနေ့ တွေ့ဆုံမှုအရ ပျံ့နှံ့နေသော ကောလာဟလတွေက မှန်တယ်လို့ အတည်ပြုနိုင်ခဲ့သည်။

 

 

ဟောက်ချန်ဟွမ်းဟာ စုယန်ယန်နှင့် အတူရှိချိန်မှသာ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ သူ့ရဲ့ ကြမ်းတမ်း ရိုင်းစိုင်းမှုတွေကို ဂရုတစိုက် ဖယ်ရှား ထားတတ်သည်။ သူက... သူမကို နာကျင်စေမှာကို ကြောက်ရွံ့ နေတာလား။

 

ဒီလို လေ့လာသိရှိမှုက နျဉ်စစ်ယွမ်အား အနည်းငယ် ထိတ်လန့် သွားစေခဲ့သော်လည်း သူ့ရှေ့မှ စုံတွဲဟာ မထင်မှတ်ပဲ လိုက်ဖက် ညီလှသည်။

 

အပြင်မှာ ထွက်ပေါ်နေတဲ့ ကောလာဟလ အချို့က ယုံကြည်ချင်စရာ ကောင်းသည့်ပုံ ပေါ်ပေမယ့် အချို့ကတော့ မယုံကြည်ကြဘူး။ ဒီစုံတွဲဟာ အတင်းအကြပ် ဖိအားပေးခံရ၍ စေ့စပ်တာလို့ ဆိုကြပေမယ့် အမှန်တရားကတော့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ခဏလောက် မမြင်မတွေ့ရရင် မနေနိုင်လောက်အောင် ချစ်မိနေတယ် ဆိုတဲ့ သတင်းတွေသာ ထွက်သွားခဲ့ရင် လူတိုင်း ပါးစပ် အဟောင်းသား ဖြစ်သွားကြလိမ့်မည်။

 

နျဉ်စစ်ယွမ်ရဲ့ အတွေးထဲတွင် အတွေးများစွာ လွှမ်းခြုံနေသည့် အချိန်တွင် စုယန်ယန်သည် သူမ၏ အပ်စိုက်ကုထုံးဖြင့် သတ်မှတ် နေရာများတွင် အပ်စိုက်တာ ပြီးသွားခဲ့ပြီး မိနစ်နှစ်ဆယ်မှ သုံးဆယ်ခန့် ဒီအတိုင်းထားဖို့ လိုအပ်ပြီး တစ်ခါတစ်ရံမှ အပ်တွေကို အနေအထား နည်းနည်းပါးပါး ပြင်ဆင်ဖို့ လိုအပ်ပါသည်။

 

စုယန်ယန်၏ လှုပ်ရှားမှု နှေးကွေး သွားတာကို မြင်လိုက်ရသဖြင့် ယန်ကျင်းယို့သည် သူမ၏ ဆေးကုသမှုက ပြီးဆုံးသွားတယ်လို့ ထင်ကာ နျဉ်ချီလွေ့၏ ဘေးနားသို့ တိတ်တဆိတ် ကပ်သွားခဲ့ပြီး အသံတီးတိုးဖြင့် “ညီအစ်ကို၊ မင်း အဆင်ပြေလား” လို့ မေးလိုက်သည်။

 

နျဉ်ချီလွေ့က သူ့ကို ကြည့်ပြီး ဖျော့တော့စွာ ပြောလိုက်သည်။

 

“ငါ... ငါ နည်းနည်းတော့ ရှင်သန် နိုင်သေးတယ်လို့ ငါထင်တယ်”

 

“ဖူး...” သူတို့အနားမှာ ရှိနေသည့် စုယန်ယန်သည် ဒါကို ကြားလိုက်ရသဖြင့် ဖူးခနဲ ရယ်မော လိုက်မိသည်။

 

 “ကောင်းပြီ၊ ငါ နင့်ကို နှိပ်စက်နေသလို မျက်နှာပေးမျိုး လုပ်မနေပါနဲ့။ မင်း အိပ်ပျော်လုနီးပါး သက်သောင့်သက်သာ ဖြစ်နေလိမ့်မယ်လို့ ငါထင်တယ်။ သေလုနီးပါး... ဟမ့်... ဘယ်နေရာက သေလုနီးပါး ဖြစ်နေလို့လဲ။ နင့် အိပ်မက်ထဲမှာလား”

 

နျဉ်ချီလွေ့သည် ထူးထူးခြားခြား ကုသမှု ခံယူနေရင်း အိပ်ပျော် သွားချိန်ကို ပြန်တွေးမိရင်း သူ့မျက်နှာဟာ နီရဲသွားခဲ့သည်။ ဘယ်လောက် ရှက်စရာ ကောင်းလိုက်သလဲ။

 

သူမမှာ သူ့ကို ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလို ဖြစ်အောင် လုပ်နိုင်စွမ်း ရှိနေတာပဲ ဖြစ်ရမည်။ အဲ့လိုပဲ ဖြစ်ရမည်။

 

 

နာရီဝက် ကြာပြီးနောက် စုယန်ယန်သည် သူ့ကို စိုက်ထားသော အပ်အားလုံးကို ဖယ်ရှား ပေးလိုက်ပြီး သူမနဖူးပေါ်တွင် ချွေးအလွှာတစ်ခု သီးခိုလာသည်။

 

သူမ အသက်ရှူ ထုတ်လိုက်သည်နှင့် လက်တစ်ဖက်က သူမနဖူးပေါ်ရှိ ချွေးများကို သုတ်ဖယ် ပေးလိုက်သည်။

 

“ပင်ပန်းသွားပြီလား”

 

“ကျွန်မ အဆင်ပြေပါတယ်”

 

 စုယန်ယန်သည် ဟောက်ချန်ဟွမ်း၏ ဂရုစိုက်မှုတွေကို စိတ်အေး သက်သာစွာ ခံစားရင်း သူမ မျက်လုံးတွေက တလက်လက် တောက်ပလာကာ ပြောလိုက်သည်။

 

“ရှင် အချိန်အကြာကြီး စောင့်နေရလို့ ပျင်းနေပြီလားဟင်”

 

ဟောက်ချန်ဟွမ်းက ခေါင်းခါ လိုက်သည်။

 

“မပျင်းပါဘူး။ ကိုယ်က မင်းနဲ့ အချိန်အကြာကြီး အတူရှိနေရလို့ ပျော်တောင် ပျော်နေရသေးတယ်။ ကိုယ့်အတွက် စိတ်ပူပေးစရာ မလိုပါဘူး”

 

စုယန်ယန်သည် ခေတ္တ ခဏလောက် ကြက်သေ သေသွားပြီးနောက် အရူးလေး တစ်ယောက်လို ရူးပေါပေါလေး ပြုံးလိုက်မိ သွားခဲ့သည်။

 

ယန်ကျင်းယို့နှင့် နျဉ်စစ်ယွမ်သည် ရုတ်တရက် အချစ်ငှက် မောင်နှံ၏ ခွေးစာ ကျွေးတာကို ခံစားလိုက်ရသည် “...”

 

ဆေးကုသမှု ပြီးဆုံး သွားပြီးနောက် မူးဝေနေဆဲ ဖြစ်နေသည့် နျဉ်ချီလွေ့သည် “...” လုံလောက်ပါပြီ၊ ဒီမှာ လူနာရှိနေသေးတယ် ဆိုတာ မင်းတို့ မမြင်ကြဘူးလား။

***