အပိုင်း ၁၈၀
Viewers 1k

အခန်း (၁၈၀)

ကိုယ် ဆုတစ်ခု လိုချင်တယ်

 

စုယန်ယန်သည် အနည်းငယ် ရင်ခုန်စိတ်လှုပ်ရှား သွားကာ သူမမျက်နှာဟာ ချက်ချင်း နီမြန်းသွားခဲ့သည်။

 

ဒီမတိုင်ခင် သူမကသာ ဟောက်ချန်ဟွမ်းကို အများအားဖြင့် စနောက်နေသူ ဖြစ်တာမို့ ဒီနေ့ကျမှ ဘာဖြစ်လို့ သူမဘက်သို့ ရုတ်တရတ် လှည့်လာရတာလဲ။

 

ဒီအမျိုးသားက သူ့လက်အောက် ငယ်သားတွေထံမှ အလွန်အကျုး ချီးကျူးမြှောက်ပင့် စကားများ အကြောင်းကို လေ့လာသင်ယူခဲ့ရုံ သာမက စိတ်နှလုံးကို အခုန်မြန်စေသည့် ချိုမြိန်သော ချစ်စကား ပြောဆိုနည်းတွေပါ ကျွမ်းကျင် လိမ္မာလာခဲ့သည်။

 

ချိုမြိန်တဲ့ ချစ်စကားလေးတွေကို မပြောတတ်ခင် အချိန်တုန်းကတောင် စုယန်ယန်က သူ့ကို ကြွေနေပြီးသားပင်။ ယခုတော့ သူမကို စကားလုံးများဖြင့် ချွေယူနည်းကို သင်ယူခဲ့တာကြောင့် စုယန်ယန်သည် သူမခေါင်းထဲမှ အငွေ့တလူလူ ထွက်လာတာကို မထိန်းနိုင်သည်အထိ စိတ်လှုပ်ရှား ရှက်ရွံ့မိသလို ခံစားခဲ့ရသည်။

 

‌ဟောက်ချန်ဟွမ်းက သူမကို ဒီအတိုင်း လွှတ်ထားဖို့ အစီအစဉ် ရှိပုံ မပေါ်ပေ။ သူမ တိတ်ဆိတ် နေတာကို မြင်တော့ “ကိုယ့်ချစ်ရသူက ဘယ်သူလဲလို့ မင်း ဘာဖြစ်လို့ မမေးတာလဲ” လို့ ထပ်မေးမြန်း ပြန်သည်။

 

စုယန်ယန်က သူမစိတ်ထဲမှာ ပြောလိုက်သည် ‘ငါကလွဲလို့ ဘယ်သူ ဖြစ်နိုင်မလဲ၊ ဒါပေမယ့် ဒါကို ထုတ်ဖော် ပြောဆိုဖို့က တော်တော်လေး ရှက်ဖို့ကောင်းလိမ့်မယ်’

 

စုယန်ယန်က သူမနှုတ်ကို ခဏလောက် ထိန်းသိမ်းထားပြီး နောက်ဆုံးတွင် လက်နက်ချကာ “ရှင့်ချစ်ရသူက ဘယ်သူလဲ” လို့ မေးမြန်းခဲ့သည်။

 

ဟောက်ချန်ဟွမ်းက ရုတ်တရက် သူမနဲ့ အကြည့်ချင်း ဆုံအောင် ကြည့်ကာ “မင်းပဲလေ” လို့ အပြုံးဖြင့် စကားဆို လိုက်သည်။

 

ထိုစကားလုံးလေးတွေက ဒီကမ္ဘာပေါ်ရှိ မည်သည့် စကားလုံးထက်မဆို ပိုရိုးရှင်းပြီး ချိုမြိန်လေသည်။

 

စုယန်ယန်၏ မျက်နှာလေး ရဲရဲနီစွေး သွားခဲ့သည်။

 

“ရှင် ဒီကျွန်းငယ်လေးကို ကျွန်မအတွက် သီးသန့် ထိန်းသိမ်းထားတာလို့ ဆိုလိုတာလားဟင်”

 

 

“ဟုတ်တယ်”

 

စုယန်ယန်သည် ကြောင်သူတော် မဟုတ်သဖြင့် သူ ပြောတာကို ရိုးရိုးရှင်းရှင်း လက်ခံလိုက်သည်။

 

“ကျေးဇူးပါ”

 

“ကိုယ် ဆုတစ်ခု လိုချင်တယ်”

 

“ဘာလိုချင်တာလဲ”

 

ဟောက်ချန်ဟွမ်းသည် သူမ၏မေးခွန်းကို တိုက်ရိုက် ပြန်မဖြေပဲ အပြုံးလေးဖြင့် “မင်း ဒီကျွန်းကို ကြိုက်လား” လို့ အမေးစကားဖြင့် ပြန်တုံ့ပြန်ခဲ့သည်။

 

“… အင်း၊ ကြိုက်တယ်”

 

“ကိုယ်က မင်း အရမ်း ကြိုက်နှစ်သက်တဲ့ ကျွန်းလှလှလေးကို လက်ဆောင် ပေးခဲ့တယ်။ ကိုယ် ဆုတစ်ခုလောက် တောင်းလို့ မရနိုင်ဘူးလား”

 

စုယန်ယန်က မျက်ခုံးပင့်ကြည့်ကာ အနည်းငယ် စူးစမ်းလိုက်မိသည်။

 

“ရှင်က ဘာဆုကို လိုချင်တာလဲ”

 

“မင်းခေါင်းကို ငုံပေးပါလား”

 

စုယန်ယန်သည် သူ့ကို မသင်္ကာဟန် တစ်ချက် စူးစိုက်ကြည့် လိုက်မိပေမယ့် သူမရဲ့ ဦးခေါင်းကိုတော့ သူ့အနား ရောက်အောင် သူတောင်းဆိုသည့်အတိုင်း ငုံ့ပေးလိုက်သည်။

 

“ရှင်...” ဟောက်ချန်ဟွမ်းသည် သူ့ခေါင်းကို လှည့်ကာ သူမပါးပြင်ထက် အနမ်း ခြွေလိုက်သည်။

 

စုယန်ယန်သည် အံ့အားသင့် သွားခဲ့ပြီး သူ့အပြုအမူအတွက် မေးခွန်း ထုတ်တော့မည့် အချိန်တွင် သူ့အကြည့်စူးစူးတွေက တလက်လက် တောက်ပနေတာကို တွေ့လိုက်ရသည်။

 

သူမ အရင်ဘဝတုန်းက ဟောက်ချန်ဟွမ်းအကြောင်း ပြောရရင် သူ၏ နက်ရှိုင်းစူးရှတဲ့ အကြည့်တစ်စုံက စကြဝဠာထဲမှ တွင်းနက်များလို ဖြစ်ကာ ရေခဲကဲ့သို့ အေးစက်ပြီး ဖုံးကွယ်ထားသော အန္တရာယ်များ ပြည့်နှက်နေသည့် အတိုင်းပင်။

 

ဒီအခိုက်အတန့်မှာတော့ ထိုမျက်ဝန်း တစ်စုံက စကြဝဠာ အတွင်းရှိ အဆုံးမရှိသော ကြယ်များကဲ့သို့ တလက်လက် တောက်ပနေပြီး အမှောင်ထုကို လုံးဝ ဖယ်ခွင်း လိုက်ပုံရသည်။ သူတို့က သူ့ကို နွေးထွေး ပျော့ပျောင်း သွားစေကာ ဒီမတိုင်ခင် တခြားသူများ၏ သူနှင့်ဆက်သွယ်ဖို့ ကြိုးပမ်းမှုကို ငြင်းပယ်ခဲ့သော လူနှင့် လုံးဝ မတူညီ ခြားနားသော ခံစားချက်ကို ပေးစွမ်းလေသည်။

 

“မင်း တုန်လှုပ် ချောက်ချား လွန်းလို့ စကားမပြောနိုင် ဖြစ်သွားတာလား”

 

“မဟုတ်ပါဘူး” စုယန်ယန်သည် အိပ်တစ်ဝက် နိုးတစ်ဝက် အခြေအနေမှ နိုးထလာခဲ့ပြီး အေးစက်စွာ ပြောလိုက်သည်။

 

“ငါ အပြင်မထွက်လာခင် ကျွန်မ မိဘတွေနဲ့ အစ်ကိုက ရှင်နဲ့ လက်ကိုင်ရုံက လွဲလို့ အဲ့ထက်ပိုပြီး အရမ်း ရင်းရင်းနှီးနှီး မနေရဘူးလို့ သတိပေးခဲ့တာကို ကျွန်မ သွားသတိရမိလို့။ အခု ရှင် ဘာလုပ်လိုက်တယ် ဆိုတာကို သူတို့ သိသွားရင် ကျွန်မအဖေနဲ့ အစ်ကိုက ရှင့်ကို လွယ်လွယ်လေး လွတ်ပေးမှာ မဟုတ်ဘူး”

 

ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ ခြိမ်းခြောက်မှုကို မကြောက်ရွံ့သည့်အပြင် သူမကို သဘောကျသည့် အပြုံးဖြင့် ပြုံးပြလိုက်သေးသည်။

 

“မင်းကရော...”

 

“ကျွန်မကရောဆိုတာ ဘာလဲ”

 

“ကိုယ် မင်းကို ဒီလိုပြုမူ လိုက်တာကြောင့် မင်းကရော ကိုယ့်ကို ဘာလုပ်ချင်လဲ”

 

“ဒီတစ်ခါတော့ ရှင့်ကို လွှတ်ပေးလိုက်မယ်၊ ဒါပေမယ့် နောက်တစ်ခါတော့ ရှိမှာ မဟုတ်ဘူး။ မဟုတ်ရင် နောက်တစ်ခါကျ ရှင့်ကို ငါးမန်းစာ ကျွေးဖို့ ကျွန်းပေါ်ကနေ ကျွန်မ ပစ်ချလိုက်မယ်”

 

ဟောက်ချန်ဟွမ်းက သူမကို ရွှင်မြူးစွာ စိုက်ကြည့်ရင်း အပြုံးလေးဖြင့် စကားဆိုလိုက်သည်။

 

“မင်း ကိုယ့်ကို လုပ်ရက်လို့လား”

 

စုယန်ယန်သည် ရှက်ကိုးရှက်ကန်းဖြင့် “ရှင် မယုံရင် စမ်းကြည့်လိုက်လေ” လို့ ပြောလိုက်သည်။

 

သူမတို့ နှစ်ဦးသား စကားများ ကျီစယ်နေရင်း စံအိမ် အစွန်ဘက်သို့ ဖြည်းညင်းစွာ ရောက်ရှိ လာခဲ့ကြသည်။

 

အပြင်ကနေ ကြည့်လိုက်တာနဲ့ ဒီသီးသန့်စံအိမ်ဟာ ခြံဝင်းကျယ်ကြီး တစ်ခုထဲမှာ တည်ဆောက် ထားကြောင်း သူမ ပြောနိုင်သည်။ ပင်မ အဆောက်အဦးကို ညအမှောင်တွင် မမြင်ရသော်လည်း အကျယ်အဝန်းသည် ကျယ်ပြော လှသဖြင့် မည်သည့် နေရာတွင် အဆုံးသတ်မှန်းကို သူမ မပြောနိုင်ပေ။

 

စံအိမ်ရှေ့တွင် မရေမတွက် နိုင်သော တောက်ပသည့် မီးလုံးများဖြင့် ဝန်းရံထားသည့် အိမ်ရှေ့မျက်နှာစာ အကျယ်ကြီးရှိပြီး မျက်နှာစာ တစ်ခုလုံးသည် နေ့ကဲ့သို့ အလင်းရောင်များ ထိန်ထိန် ညီးနေခဲ့သည်။ အိမ်ရှေ့ မျက်နှာစာ အလယ်တွင် စိုက်ပျိုးထားသော အပြာရောင် နှင်းဆီပန်းတို့က သူမ အကြည့်များကို ချက်ချင်း ဖမ်းစား သွားနိုင်ခဲ့သည်။

***