အပိုင်း ၁၈၁
Viewers 865

အခန်း (၁၈၁)

 

မင်းက ကိုယ့်ရဲ့အံ့ဖွယ်လေးပါပဲ

 

“မင်း အဲ့တာကို ကြိုက်လား”

 

စုယန်ယန် လန့်သွားပြီး ဒီစံအိမ်ကြီးကို ကြိုက်လားလို့ မေးနေတာလို့ တွေးလိုက်မိသည်။

 

“ကျွန်မ ဒါကို ကြိုက်တယ်။ ဒီစံအိမ်က... အရမ်းလှတာပဲ”

 

 

ဟောက်ချန်ဟွမ်းက တိုးသာဆုတ်သာ မလုပ်စေပဲ ဖိအားပေးခဲ့သည်။

 

 “အထဲက ပန်းတွေကိုရော ကြိုက်ရဲ့လား”

 

 

စုယန်ယန်သည် မျက်တောင် နှစ်ကြိမ် ခတ်လိုက်မိပြီး ဟောက်ချန်ဟွမ်းက ခြံဝန်းထဲက ပန်းတွေကို ရည်ညွှန်းမေးမြန်းကြောင်း နားလည် သွားခဲ့သည်။

 

“ကျွန်မ သူတို့ကို ကြိုက်တာပေါ့။ ဒါပေမယ့် ကျွန်မ နှင်းဆီပြာတွေကို ကြိုက်တယ် ဆိုတာ ရှင် ဘယ်လိုလုပ်ပြီး သိနေတာလဲ”

 

ဟောက်ချန်ဟွမ်းသည် သူမ၏ မေးခွန်းကို မသေချာ မရေရာသည့် အဖြေမျိုး ပြန်ဖြေပေးခဲ့သည်။

 

“ကိုယ်အလိုရှိတာနဲ့ ဒါကို အလွယ်လေး သိနိုင်ပါတယ်”

 

သူ့မှာ သူမအတွက် ချစ်မြတ်နိုးပေးသည့် စိတ်နှလုံးနှင့် စိတ်ဆန္ဒ ရှိသရွေ့တော့ ဒီကမ္ဘာကြီးပေါ်မှာ ဖုံးကွယ်ထားလို့ ရသည့်အရာ ဘာမှ ရှိမှာ မဟုတ်ဘူး။

 

သူချစ်ရသူက ဘယ်လိုပုံစံ ဒါမှမဟုတ် သူမ၏ အလေ့အထတွေနဲ့ အကြိုက်တွေက ဘာလဲ ဆိုတာကို မသိခဲ့ဘူးဆိုရင် သူက သူမကို လေးလေးနက်နက် မချစ်ခင်ဘူးလို့ ပြသနေတာပဲ ဖြစ်သည်။

 

စုယန်ယန်သည် ထိန်းမနိုင် သိမ်းမရ အပြုံးကို ချိုးဖျက်ပြီး ဟောက်ချန်ဟွမ်းကို စံအိမ်အတွင်းသို့ တွန်းပို့ခဲ့သည်။

 

စံအိမ်အတွင်းမှာ ဒီည သူမတို့ ရောက်လာမှာကို ကြိုတင်သိရှိနေပုံရပြီး စံအိမ်၏ ဂိတ်တံခါးက ပွင့်ဟသွားကာ သူမတို့ကို စံအိမ်ထဲ ဝင်ရောက်ဖို့ ကြိုဆိုလိုက်လေသည်။

 

စုယန်ယန်သည် အနားပတ်လည်ကို လှည့်ပတ်ကြည့် လိုက်သော်လည်း လူရိပ်လူယောင်မျှ မမြင်တွေ့ရပေ။

 

သူမ၏ သံသယတွေကို ဖြတ်မြင်နေသည့် ‌ဟောက်ချန်ဟွမ်းသည် သူမကို ကြင်နာစွာ သတိပေးလိုက်သည်။

 

“ဒီည၊ ဒီနေရာမှာ ကိုယ်တို့ကလွဲလို့ အခြားဘယ်သူမှ မရှိဘူး”

 

“ကျွန်မတို့နှစ်ယောက်ပဲ ရှိတာလား”

 

“ဟုတ်တယ်၊ မင်း ကိုယ်နဲ့သီးသန့်နေရတာ မကြိုက်ဘူးလား”

 

“မဟုတ်ပါဘူး၊ ကျွန်မတို့ နှစ်ယောက်ပဲရှိတာ ပိုကောင်းတယ်”

 

စုယန်ယန်သည် ဟောက်ချန်ဟွမ်း၏ ဘီးတပ်ကုလားထိုင်ကို ပန်းတွေဆီ တွန်းလာခဲ့ရင်း အပြုံးလေးဖြင့် မေးမြန်းလိုက်သည်။

 

“ကျွန်မ နှင်းဆီပြာတွေကို ကြိုက်တာ ရှင်သိတယ်မလား၊ ကျွန်မ သူတို့တွေကို ဘာဖြစ်လို့ ကြိုက်တာလဲ ဆိုတာကိုရော ရှင် သိရဲ့လား”

 

“မင်း ဘာဖြစ်လို့ သူတို့ကို ကြိုက်တာလဲ”

 

“အပြာရောင်က ကောင်းကင်နဲ့ ပင်လယ်တို့ရဲ့ အရောင်ဖြစ်ပြီးတော့ သန့်ရှင်းလှပတယ်။ နှင်းဆီပြာတွေရဲ့ ပန်းပွင့်ဘာသာ စကားက အံ့ဖွယ်အလို့ငှာ မဖြစ်နိုင်တဲ့ အရာတစ်ခုကို ရရှိစေတယ်တဲ့။ ကျွန်မက အံ့ဖွယ်အရာတွေကို ကြိုက်နှစ်သက်တယ်။ သူတို့တွေက ရှင့်လိုပဲ မတူညီကွဲပြားတဲ့ အံ့အားသင့်စရာတွေကို အမြဲတမ်း ဆောင်ကျဉ်းလာပေးတယ်”

 

စုယန်ယန်သည် သူမ၏ အတိတ်တွေကို လွှတ်ချထားနိုင်ပြီလို့ အမြဲတမ်း တွေးထားခဲ့သော်လည်း မမျှောင်လင့်ပဲ အတိတ်ဆီကို ပြန်သွားနေမိခဲ့သည်။ ဒီလိုကိစ္စရပ်မျိုးဟာ သူမ အရင်ဘဝတုန်းက လုံးဝ မဖြစ်နိုင်ဘူးလို့ တွေးထင်ထားခဲ့သော အရာဖြစ်ခဲ့သည်။ ဒါဟာ သူမ ကြိုတင် မမျှော်လင့်ထားခဲ့တဲ့ အံ့ဖွယ်တစ်ခုပင် ဖြစ်သည်။

 

“ရှင်က ကျွန်မအတွက် အံ့ဖွယ်တစ်ပါးပါပဲ”

 

ဟောက်ချန်ဟွမ်း၏ မျက်နှာအမူအရာဟာ အနည်းငယ် လှုပ်ရှားသွားပြီး စုယန်ယန်၏ လက်လေးကို ဆုပ်ကိုင်လိုက်ကာ “မင်းကလည်း ကိုယ့်ရဲ့ အံ့ဖွယ်လေးပါပဲ” လို့ ပြောလိုက်သည်။

 

စုယန်ယန်သည် သူမနှုတ်ခမ်းလေးများကို ကွေးညွှတ်ကာ ပြုံးလိုက်မိသည်။ သူမ တစ်ခုခု ပြန်ပြောခါနီးတွင် စံအိမ်အပြင်ဘက်မှ မီးရှုးမီးပန်းများ ပစ်ဖောက်နေသံကို ရုတ်တရက် ကြားလိုက်ရသည်။

 

“တစ်ယောက်ယောက်က မီးရှုးမီးပန်းတွေ ပစ်လွှတ်နေတာလား” စုယန်ယန်၏ အာရုံကို မီးရှုးမီးပန်းတွေက ချက်ချင်း စွဲဆောင်သွားခဲ့သည်။

 

ရောင်စုံမီးရှူးမီးပန်းတွေက စံအိမ်၏ တစ်ဖက်တစ်ချက်ဆီမှ လွှင့်ပျံတက်လာခဲ့ပြီး တစ်ခါတစ်ရံ ရေတံခွန်ကဲ့သို့ သွန်းလောင်းကြကာ တစ်ခါတစ်ရံ နှင်းပွင့်များ ကျဆင်း လာသကဲ့သို့ ကောင်းကင်ပေါ်တွင် ကပြနေကြသည်။

 

စုယန်ယန်သည် မီးရှုးမီးပန်းတွေက နှင်းဆီပြာပုံ သဏ္ဌာန် မဖြစ်ပေါ်ခင်အထိ အိမ်နီးနားချင်းတွေက မီးရှူးမီးပန်းတွေ ပစ်လွှတ်တယ်လို့ တွေးနေမိခဲ့သည်။

 

“ဒီမီးရှုးမီးပန်းတွေကို ရှင် ပြင်ဆင်ခဲ့တာလား”

 

 

စုယန်ယန် ထိုသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရင်းနှီးသော ပုံရိပ်လေး တစ်ခုဟာ စံအိမ်ဂိတ် တံခါးဝမှ ရုတ်တရက် အမြောက်ဆန်လေးလို ပြေးထွက်လာခဲ့သည်။

 

ထိုပုံရိပ်လေးဟာ ပန်းရောင် ဇာဂါဝန်ကို ဝတ်ဆင်ထားပြီး ပန်းရောင် ကလစ်လေးကို ပန်ဆင်ထားသည့် ခွေးဝတုတ်လေး သွမ်းသွမ်း ဖြစ်လေသည်။

 

သူလေးက သူမဆီသို့ အရှိန်ပြင်းပြင်းဖြင့် တိုး‌ဝှေ့လာသည်နှင့် သူလေး၏ အဆီဖြိုးဖြိုး ခန္ဓာကိုယ်လေးဟာ သူလေး၏ လှုပ်ရှားမှုကြောင့် တဆတ်ဆတ် တုန်ခါနေခဲ့သည်။ သူလေး၏ ပါးစပ်မှာ ကိုက်ချီထားသော နှင်းဆီပြာလေးမှာလည်း လေတိုက်ခတ်မှုကြောင့် အနည်းငယ် စုတ်ဖွာ သွားခဲ့သည်။

 

“သွမ်းသွမ်းလား” စုယန်ယန်သည် သူမ၏ အမွှေးပွပွ ကလေးလေးကို ပွေ့ဖက်ရန် ထိုင်ချတော့မည့်ဟန် ပြင်လိုက်သော်လည်း သူလေးက ရုတ်တရတ် လှည့်ထွက်သွားကာ သူမဘေးနားမှ ဟောက်ချန်ဟွမ်းထံသို့ ပြေးသွားခဲ့သည်။

 

‌ဟောက်ချန်ဟွမ်းသည် သွမ်းသွမ်း၏ ပါးစပ်မှ နှင်းဆီပွင့်ကို ဂရုတစိုက် ယူလိုက်ကာ သူလေး၏ ဦးခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်သည်။ သူက စုယန်ယန်ကို အပြုံးမျက်နှာဖြင့် တည်ကြည်စွာ ခေါ်လိုက်သည်။

 

“ယန်ယန်...”

 

“ဟုတ်...” စုယန်ယန်၏ နှလုံးသားသည် အရူးအမူး အခုန်မြန်သွားပြီး ရင်ခုန် စိတ်လှုပ်ရှားသလို ခံစားလိုက်ရသည်။

 

နောက်တစ်စက္ကန့်မှာပင် သူမရှေ့မှ အမျိုးသားထံမှ ဆွဲဆောင်မှု ပြင်းပြသည့် အသံမျိုးဖြင့် “မင်း ကိုယ့်ကို လက်ထပ်ချင်လား” လို့ မေးမြန်းလိုက်သံကို ကြားလိုက်ရသည်။

***