အပိုင်း ၁၈၂
Viewers 878

အခန်း (၁၈၂)

ရင်းနှီးနေသော စိန်လက်စွပ်

 

စုယန်ယန်၏ စိတ်သည် တစ်ခဏတာ ဗလာဖြစ်သွားခဲ့ပြီး သူမရှေ့မှ အပြာရောင် နှင်းဆီပွင့်လေးကို ငေးစိုက်ကြည့် နေမိသည်။

 

နောက်ဆုံး၌ သူမကို ပြန်ရှာမတွေ့ခင် ခဏလောက် ဆွံ့အနေမိခဲ့သည်။

 

 “ရှင်က ကျွန်မကို နှင်းဆီပြာလေး တစ်ပွင့်တည်းနဲ့ သဘောတူစေချင်တာလား။ ဒါက ဝတ်ကျေတမ်းကျေ ဆန်တယ်လို့ ရှင် မထင်ဘူးလား”

 

စုယန်ယန်သည် ထိုသို့ပြောပြီးနောက် အနည်းငယ် နောင်တရသလို ခံစားမိသည်။ ဒါက အပြာရောင် နှင်းဆီတစ်ပွင့် တင်မကပဲ နှင်းဆီပန်းဥယျာဉ် တစ်ခုအပြင် စံအိမ်တစ်လုံးနှင့် ကျွန်းတစ်ကျွန်းတို့ပါ ပါဝင်လေသည်။

 

သို့ရာတွင် သူက သူမကို နှင်းဆီ တစ်ပွင့်တည်းဖြင့်သာ လက်ထပ်ခွင့် တောင်းဆိုလျှင်ပင် သူမ သူနှင့် လက်ထပ်ရန် ဆန္ဒရှိနေဆဲ ဖြစ်လေသည်။ ဒါကို ဘာဖြစ်လို့ သူမ သူ့ကို ဒီလိုမျိုး ပြန်ဖြေလိုက်မိ ရတာလဲ။

 

“ကိုယ် ဒါလေးကိုပါ ထပ်ထည့်ရင်ရော ဘယ်လိုလဲ”

 

 ဟောက်ချန်ဟွမ်းသည် ဟိုးယခင်ကတည်းက သူ ပြင်ဆင် ထားခဲ့သော ဗူးလေးကို ထုတ်ယူပြီး စုယန်ယန်ကို ပေးလိုက်သည်။

 

ထိုဗူးလေးထဲမှ အရာဝတ္ထုကို မြင်လိုက်တာနဲ့ စုယန်ယန်၏ မျက်နှာအမူအရာဟာ ချက်ချင်း ပြောင်းလဲ သွားခဲ့သည်။

 

ထိုဗူးလေး အတွင်းတွင် လှပပြီး လက်ရာမြောက်သော ရွှေဖြူစိန်လက်စွပ် တစ်ကွင်း ရှိသည်။ ထိုစိန်လက်စွပ်၏ အလယ်က စိန်ပွင့်ကို စိန်ပွင့်သေးသေးလေးများဖြင့် ဘယ်ညာ စီခြယ်ထားသည်။

 

ထို့အပြင်၊ အနီးကပ် ကြည့်မယ်ဆိုရင် ထိုစက်ဝိုင်း ပုံသဏ္ဌာန်၏ အပြင်ဘက်တွင် ကောင်းမွန်စွာ ထွင်းထုထားသော သံလွင်ခက် ပုံသဏ္ဌာန်ကို တွေ့ရမည် ဖြစ်သည်။

 

 

တစ်ချက် ကြည့်လိုက်တာနဲ့ သံလွင်ခက် နှစ်ခက်က စိန်ကို ဝန်းရံထားပုံရပြီး အတော်လေး ထူးခြားပေမယ့် အရမ်းလှသည်။

 

သို့ရာတွင် စုယန်ယန်ကို အံ့အားသင့်စေသည့် အရာမှာ စိန်လက်စွပ်ဒီဇိုင်း မဟုတ်ပဲ သူမ အရင်ဘဝတုန်းက ဒီစိန်လက်စွပ်ကို မြင်ဖူးခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

 

သူမ ဟောက်ချန်ဟွမ်း အနားမှာ ဝိညာဉ် တစ်ကောင်အဖြစ် ရှိနေစဉ် နေ့ရက်များအတွင်း ဟောက်ချန်ဟွမ်းသည် ညတိုင်းလိုလို ဒီစိန်လက်စွပ်ကို စေ့စေ့စပ်စပ် စိုက်ကြည့်နေရင်း အတွေးများ နေတာကို သူမ မြင်တွေ့ဖူးသည်။

 

 

သူမ၏ အရင်ဘဝတုန်းကလည်း သူက သူမနှင့်အတူ ရှိဖို့ စိတ်ကူးယဉ်နေခဲ့တာ ဖြစ်နိုင်မလား။ အဲ့တာ ဖြစ်နိုင်တယ်၊ သူက သူမကို အရမ်းချစ်တယ်၊ ဒါ့ကြောင့် သူမအကြောင်းကို တွေးနေတာ မဖြစ်နိုင်ဘူးလား။

 

သို့ပေမယ့် သူက ဒီအကြောင်းကို စိတ်ကူးပဲ ယဉ်နေပြီးတော့ ဘာဖြစ်လို့ လက်တွေ့ မလုပ်ဆောင်ခဲ့ရတာလဲ။ အကယ်၍သာ...

 

စုယန်ယန်၏ စိတ်ထဲတွင် မရေမတွက် နိုင်သော မှန်းဆချက်များ တွေးနေခဲ့သော်လည်း ဟောက်ချန်ဟွမ်းသည် ဒီအကြောင်းကို မသိရှိခဲ့ပါ။ သူမ တိတ်ဆိတ်နေတာကို မြင်လိုက်ရတော့ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေမှာ ကျင့်သား ရနေခဲ့တဲ့ သူ့နှလုံးသားလေးဟာ အလွန်တုန်လှုပ် သွားခဲ့သည်။

 

“ယန်ယန်...”

 

သူ့ခေါ်သံက စုယန်ယန်ကို အတွေးများ နေရာမှ နိုးထလာစေပြီးနောက် စုယန်ယန်သည် သူမ လက်ထပ်ခွင့် တောင်းခံနေရသည့် နေရာ၌ပင် ရှိနေသေးပြီး သူမ ရင်းနှီးကျွမ်းဝင်နေသည့် လက်စွပ်ဖြင့် လက်ထပ်ခွင့် တောင်းခံနေရကြောင်းကို ပြန်အမှတ်ရသွားသည်။

 

“ရှင့်ရဲ့ ရိုးသားမှုကြောင့် ကျွန်မ ရှင့်ရဲ့ လက်ထပ်ခွင့် တောင်းခံတာကို လက်ခံလိုက်မယ်”

 

စုယန်ယန်က ထိုသို့ ပြောလိုက်ပေမယ့် သူမ၏ မျက်ဝန်းများထဲတွင် ရွှင်မြူးနေသော အရိပ်အယောင်တွေ ပြည့်နှက်နေပြီး လောလောဆယ်မှာ သူမ၏ ကောင်းမွန်နေသည့် စိတ်အခြေအနေကို တစ်ချက် ကြည့်လိုက်ရုံဖြင့် လူအများ မြင်နိုင်ကြပေသည်။

 

ဟောက်ချန်ဟွမ်း၏ တုန်ယင်နေသော နှလုံးသားသည် ငြိမ်သက် သွားခဲ့လေသည်။ သူက စိန်လက်စွပ်ကို သူမ လက်ချောင်းထက်ဝယ် မြတ်နိုးစွာ ဝတ်ဆင် ပေးလိုက်သည်။

 

စိန်လက်စွပ်ကို ဝတ်ဆင်ပြီးနောက် စုယန်ယန်သည် သူမလက်မှ လက်စွပ်ကို အကြိမ်ပေါင်း များစွာ အထပ်ထပ် အခါခါ ကြည့်နေမိခဲ့သည်။ လက်စွပ် အတိုင်းအတာဟာ သူမလက်နှင့် သင့်လျော်ပြီး ချောင်လွန်းတာ တင်းကျပ် လွန်းတာမျိုး မဖြစ်ပေ။ ဒါ့ကြောင့် သူမလက်ကို နာကျင်စေတာမျိုး ဒါမှမဟုတ် ထွက်ကျတာမျိုး ဖြစ်စေမှာ မဟုတ်ဘူး။

 

“ရှင် ကျွန်မရဲ့ လက်ချောင်းအတိုင်းအတာကို ဘယ်လိုသိတာလဲ”

 

“ကိုယ် တိုင်းတာထားလို့လေ”

 

“ရှင်က ကျွန်မလက်ချောင်းတွေကို တိုင်းတာ ထားတယ်လား။ ဘယ်လိုနည်းနဲ့လဲ”

 

ဟောက်ချန်ဟွမ်းသည် သူမလက်များကို ဆုပ်ကိုင်ရန် သူ့လက်တွေကို ဆန့်ထုတ်လိုက်ပြီး သူ့လက်ချောင်းများကို သူမ လက်ချောင်းများဖြင့် ယှယ်တွယ်ပြီး ဆုပ်ကိုင် ပြလိုက်သည်။

 

“ကိုယ်က ဒီနည်းနဲ့ တိုင်းတာလိုက်တာလေ”

 

စုယန်ယန် “...” ကျွန်မက ဒါကို ယုံလိမ့်မယ်လို့ ရှင်ထင်နေတာလား။ ဒီလိုနည်းမျိုးနဲ့ ဘယ်လိုလုပ်ပြီး တိုင်းတာနိုင်မှာလဲ။

 

ဒါပေမယ့် ဒီလိုနည်းဖြင့် လက်စွပ် အတိုင်းအတာကို တိုင်းတာတာ အဓိပ္ပါယ်မရှိဘူး ဆိုတာကို သူမ သိပေမယ့် သူမ ပိုသိချင်တဲ့ ခေါင်းစဥ်တစ်ခုကို အမြန်ပြောင်းလဲ မေးမြန်းလိုက်သည်။

 

“ဒီလက်စွပ်ဒီဇိုင်းက နည်းနည်းထူးခြားတယ်နော်။ အဲ့တာက ထူးခြားတဲ့ အဓိပ္ပါယ်ရှိလား”

 

‌ဟောက်ချန်ဟွမ်းသည် သူမ လက်ချောင်းပေါ်မှ လက်စွပ်ကို သူ့လက်ဖြင့် အသာပွတ်သပ် လိုက်သည်။

 

 “ကိုယ် ဒီလက်စွပ်ကို ဒီဇိုင်း အပ်တုန်းက အကြောင်းအရာကို ထာဝရလို့ ပြောခဲ့တယ်၊ သူက ကိုယ့်ကို ဒီလိုဒီဇိုင်းမျိုး ဖန်တီးပေးခဲ့တယ်။ လက်စွပ်ရဲ့ ကိုယ်ထည်က ထာဝရကို ကိုယ်စားပြုတဲ့ Mobius လက်စွပ် အသေးစား ဗားရှင်းပါ။ အပေါ်က သံလွင်ခက်တွေကတော့ ငြိမ်းချမ်းရေးကို ကိုယ်စားပြုပုံ ပေါ်ပေမယ့် တကယ်တော့ ဒါက အပင်တွေရဲ့ အဆုံးမရှိတဲ့ ထာဝရ အသက်ကို ကိုယ်စားပြုထားတာပါ”

 

စုယန်ယန်က သူ ရှင်းပြတာကို ကြားပြီး သူမမျက်ဝန်းတွေ စိုစွတ်လာသလို ခံစားရသည်။ အဆုံးမရှိ၊ အမြဲတမ်း ထာဝရ - ထိုစကားလုံးတွေက သူမ နှလုံးသားကို နွေးထွေးစေသည့် စကားလုံးများ ဖြစ်သည်။

 

သူမ၏ အတိတ်ဘဝတုန်းက ဒီလိုမျိုး လှပသော အိပ်မက်လေးကို ဖြည့်ဆည်းဖို့ ပျက်ကွက်ခဲ့ကြသည်။ ဒီဘဝမှာတော့ ဒီလက်စွပ် ရည်ညွှန်း နေသလိုမျိုး ဒီတစ်သက်တွင် သူမတို့ ရပ်တည် နိုင်ရမည် ဖြစ်သည်။

  ***