အပိုင်း ၁၈၄
Viewers 1k

 

အခန်း (၁၈၄)

ကျွန်းပေါ်တွင် ပိတ်မိနေခဲ့သည်

 

“အိုး... မဟုတ်ဘူး” စုယန်ယန်၏ မျက်နှာ အမူအရာဟာ ပျက်ယွင်း သွားခဲ့သည်။

 

“ဘယ်လိုလုပ်ပြီး ဒီလောက် နောက်ကျနေတာလဲ”

 

‌ဟောက်ချန်ဟွမ်းသည် သူမကို ညင်သာစွာ သတိပေး လိုက်သည်။

 

“မင်း အိပ်ရာက နိုးလာတဲ့အချိန်က ညရှစ်နာရီထိုးနေခဲ့ပြီ”

 

ညစာစားပြီး လမ်းလျှောက် ထွက်လာတာနဲ့ ညသန်းခေါင် ကျော်သွားခဲ့ပြီ။

 

စုယန်ယန်သည် မျက်ရည်များ ဝဲလျက် စကားဆိုလိုက်သည်။

 

“မဟုတ်ဘူး၊ ကျွန်မ အိမ်ပြန်ရမယ်။ ကျွန်မ မိသားစုက ဒီအချိန်အထိ ကျွန်မ အိမ်ပြန် မရောက်သေးတာ တွေ့ရင် သူတို့ ရူးသွားကြလိမ့်မယ်”

 

“ဒီလောက် နောက်ကျနေတဲ့ အချိန်မှာ ပင်လယ်ထဲ သွားလာရတာ မလုံခြုံဘူး”

 

စုယန်ယန်သည် ရုတ်တရတ် အေးခဲသွားသည်။ ဒါက အမှန်ပဲ၊ ဒီလို မိုးစုန်းစုန်း ချုပ်သည့် အချိန်မျိုးမှာ ပင်လယ်ထဲ ရွက်လွှင့်သွားဖို့ စိတ်ကူးတာက အလွန်အန္တရာယ် များလှသည်။

 

“ဒါဆို ကျွန်မမိဘတွေကို ဖုန်းဆက် အကြောင်းကြားရမယ်။ ကျွန်မဖုန်း ဘယ်မှာလဲ”

 

စုယန်ယန်သည် သူမ အဝတ်အစားများထဲ အချိန်အတော်ကြာအောင် ရှာလိုက်ရပြီး နောက်ဆုံးတွင် သူမ၏ အပေါ်ထပ် ကုတ်အင်္ကျီ အတွင်းမှ လက်ကိုင်ဖုန်းကို ရှာတွေ့ခဲ့သည်။

 

သူမ ဖုန်းကို ဖွင့်ကြည့်လိုက်တော့... လိုင်း မမိဘူး ဖြစ်နေတယ်...

 

“ဘာဖြစ်လို့ ဒီနေရာမှာ လိုင်းမမိရတာလဲ”

 

ဟောက်ချန်ဟွမ်းက မျက်နှာအနေအထား တစ်ချက်မှ မပြောင်းပဲ ပြောလိုက်သည်။

 

“ဒီနေရာက တော်တော်ခေါင်တော့ ကိုယ်တို့ ဒီနေရာမှာ လိုင်းလက်ခံစက် တပ်ဆင်ဖို့ မလုပ်ရသေးဘူး”

 

 

ထိုစာကြောင်းဖြင့် ဒီမနက် အစောပိုင်းမှာ ကျွန်းတစ်ခုလုံးတွင် လိုင်းဖြတ် စက်ကိရိယာကို တပ်ဆင်ခဲ့သော လက်ထောက်ကျိုး၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်ကို နက်နက်နဲနဲ ဖုံးကွယ် ထားလိုက်သည်။

 

“ဒါဆို ဘယ်လိုလုပ်ရမလဲ”

 

“ဒါက အဆင်ပြေပါတယ်” ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ လက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်သည်။

 

“ကိုယ်တို့ ဒီကို မလာခင် ကတည်းက ကိုယ်တို့ ဒီနေရာကို သွားတယ် ဆိုတဲ့အကြောင်း မင်းမိဘတွေဆီ ကိုယ် ရှောက်ယန်ကို သတင်း ပို့ခိုင်းခဲ့တယ်။ မင်း ဒီမှာ ရှိနေတယ် ဆိုတာ မင်းမိဘတွေ သိပါတယ်။ ဒါ့ကြောင့် စိုးရိမ်မနေပါနဲ့”

 

ဒီစကားက စုယန်ယန်အတွက် လုံးဝ စိတ်သက်သာရာ မရစေပေ။ ထိုအစား သူမက ဟောက်ချန်ဟွမ်းကို ဝမ်းနည်း ညှိုးငယ်နေသည့် ဟန်ဖြင့် ကြည့်လိုက်ရင်း “မဟုတ်ဘူး၊ ရှင် ရှောက်ယန်ကို သူတို့ဆီ အကြောင်းကြား ခိုင်းလိုက်တာက သူတို့ကို ပိုစိတ်ပူစေလိမ့်မယ်” လို့ ပြောလိုက်သည်။

 

ဟောက်ချန်ဟွမ်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

 

“ဘာစိတ်ပူစရာ ရှိလို့လဲ။ ကိုယ်က မင်းကို စားမှာကို စိုးရိမ်တာလား”

 

စုယန်ယန်က နှုတ်ခမ်း စူလိုက်သည်။ “အဲ့တာတော့ မဖြစ်နိုင်ဘူး။ ရှင်က လက်ထပ်ခွင့် တောင်းပြီးပြီ ဆိုတော့ ရှင် ဆုလာဘ်တချို့ ပြန်လိုချင်နေတာလား”

 

“အဲ့တာက သူတို့ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေအကြောင်း မသိသေးလို့ပါ”

 

စုယန်ယန်က ခေတ္တတုံ့ဆိုင်းသွားပြီး သူ့ကို နှစ်သိမ့်ပေးဖို့ လုပ်နေစဉ်တွင် သူပြောလိုက်သံကို ကြားလိုက်ရသည်။

 

 “ဒါပေမယ့် တခြားဆုလာဘ်တွေ တောင်းဖို့ ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူးပဲ။ ကိုယ်က အဲ့တာကို မေ့နေတာ၊ မင်း သတိပေးလိုက်လို့ ကျေးဇူးပဲ”

 

စုယန်ယန် “...” သူမက ကိုယ့်သေတွင်း ကိုယ်တူး လိုက်မိတာလား။

 

ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ အနည်းငယ် ထိုင်းမှိုင်းသော မျက်နှာအမူအရာကို မြင်လိုက်ရသဖြင့် သူမကို အရမ်း မစနောက်သင့်မှန်း နားလည် လိုက်တာကြောင့် သူ သူမကို စိတ်ချလက်ချ ရှိစေရန် ပြောလိုက်သည်။

 

“ကိုယ်တို့ ဒီမှာ တစ်ညပဲ တည်းမှာလေ၊ ကိစ္စမရှိပါဘူး။ နောက်ကျနေပြီမို့ အပေါ်ထပ်က အခန်းတွေကို သွားကြည့်ရအောင်။ မနက်ဖြန် မနက်ကျရင် ကိုယ် မင်းကို အရင်ပြန်ပို့ပေးပါ့မယ်”

 

စုယန်ယန် သက်ပြင်း ချလိုက်သည်။ “ဒါက တစ်ခုတည်းသော နည်းလမ်းပဲလေ”

 

သူတို့စုံတွဲနှင့် သူတို့၏ ခွေးလေးဟာ အိမ်အပေါ်ထပ်သို့ တက်သွားခဲ့ကြသည်။ စုယန်ယန်သည် ဟောက်ချန်ဟွမ်းက သူမတို့ တစ်ခန်းတည်း အိပ်စက်ကြရန် အဆိုပြုမည်ကို အစပိုင်းတွင် အနည်းငယ် စိုးရိမ်ခဲ့သော်လည်း ဟောက်ချန်ဟွမ်းက သူမကို မာစတာ အိပ်ခန်းသို့ တိုက်ရိုက် ပို့ဆောင် ပေးပြီးနောက် သူက သွမ်းသွမ်းကိုခေါ်ကာ ဧည့်သည် အိပ်ခန်းသို့ သွားရောက် အိပ်စက်ခဲ့သည်။

 

စုယန်ယန်သည် သက်ပြင်းတစ်ချက် ချလိုက်မိသော်လည်း သူမစိတ်ထဲတွင် ထူးထူးခြားခြား စိတ်ပျက်သလို ခံစားလိုက်ရသည်။

 

တစ်နေကုန် သွားလာလှုပ်ရှား နေခဲ့ရသဖြင့် စုယန်ယန်သည် ခေါင်းဦးနှင့် ခေါင်း ထိလိုက်တာနဲ့ ချက်ချင်း ဆိုသလို အိပ်ပျော်သွားမယ်လို့ တွေးထင်ခဲ့သည်။

 

ဒါပေမယ့် သူမ စောစောက တစ်ရေးတစ်မော အိပ်စက် လိုက်ခြင်းကြောင့်လား ဒါမှမဟုတ် ဒီညမှာ သူမ မမျှော်လင့်ထားတဲ့ အရာတွေ ကြုံတွေ့ခဲ့ရတာကြောင့်လား မသိပေမယ့် သူမ ခေါင်းဦးပေါ် မှေးစက်နေတာ တစ်နာရီကျော် လာသည်အထိ သူမ အိပ်စက်၍ မရသေးပေ။

 

ကျွန်းပေါ်ရှိ ရာသီဥတုသည် မှန်းဆ၍ မရနိုင်ပေ။ သူတို့ လမ်းလျှောက်စဉ် အချိန်တုန်းက ရာသီဥတုက သာယာနေပေယ့် အခု သန်းခေါင်ယံ ကျော်ချိန်တွင် လေပြင်းများ တိုက်ခိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်းတို့ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။

 

စုယန်ယန်သည် လေထုထဲ၌ အားပြင်းစွာ ကခုန်နေသော ကန့်လန့်ကာများကို ကြည့်ပြီး ယခုအခါမှာ အိပ်ပျော်ဖို့ ပိုမိုခက်ခဲ လာခဲ့သည်။

 

တစ်ခဏလောက် တုံ့ဆိုင်းပြီးနောက် သူမ မတ်တပ် ထရပ်လိုက်ကာ ပြတင်းပေါက်ကို ပိတ်လိုက်သည်။

 

ပြတင်းပေါက်ကို ပိတ်လိုက်ပေမယ့် အပြင်ဘက်မှာ တိုက်ခတ်နေသော လေပြင်းနှင့် မိုးခြိမ်းသံ၊ လျှပ်စီးကြောင်းနှင့် မိုးသံများကို တားဆီး၍ မရနိုင်စွမ်းပါ။

 

ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ် လာခဲ့သည်။

 

စုယန်ယန် အနည်းငယ် တောင့်တင်း သွားသည်။ ဟောက်ချန်ဟွမ်းက ဒီည ဒီစံအိမ်မှာ သူမတို့ နှစ်ယောက်ပဲ ရှိတယ်လို့ ပြောထားခဲ့တာ ဆိုတော့ ဟောက်ချန်ဟွမ်းက သူမ အခန်းတံခါးကို လာခေါက်တာလား ဒါမှမဟုတ်...

 

အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် စုယန်ယန်သည် တံခါးဝသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။

 

သူမ အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အနက်ရောင် အရိပ်လေး တစ်ခု သူမလက်မောင်း အတွင်းသို့ လျင်မြန်စွာ ပြေးဝင်လာခဲ့သည်။

***