အပိုင်း ၁၈၅
Viewers 903

အခန်း (၁၈၅)

 ကိုယ် မင်းကို စားမိမှာကို ကြောက်နေတာလား

 

စုယန်ယန်သည် ထိတ်လန့် တုန်လှုပ်သွားခဲ့ပြီး ထိုအရိပ်လေးကို အနီးကပ် ကြည့်ရှုလိုက်သော အခါမှ ဒါလေးဟာ သွမ်းသွမ်းဖြစ်ကြောင်း သူမ သဘောပေါက် လိုက်သည်။

 

သူမ အခန်းတံခါးဝမှ လှမ်းကြည့် လိုက်သောအခါတွင် ရင်းနှီး ကျွမ်းဝင်နေသော ဟောက်ချန်ဟွမ်း၏ ပုံရိပ်ကို မျက်လုံးထောင့်စွန်းမှ လှမ်းမြင်လိုက်ရသည်။

 

သူ့ကို ကြည့်ရတာ သူမတို့ လမ်းမခွဲလိုက်ခင်ကနှင့် နည်းနည်း ကွာခြားသွားပုံ ရသည်။ သူက အပြာဖျော့ဖျော့ ဝါဂွမ်းညအိပ်ဝတ်စုံ ဝတ်ဆင်ထားပြီး ပိုပြီးပေါ့ပေါ့ပါးပါးဖြင့် ဖော်ရွေပုံပေါ်သည်။

 

သူ့ကို ကြည့်ရတာ... ပို၍ ဆွဲဆောင်မှု ရှိနေသည်။

 

စုယန်ယန်သည် သူ့ထံမှ အကြည့်မလွဲနိုင် ဖြစ်နေတာကို မြင်လိုက်ရသည့် ဟောက်ချန်ဟွမ်းသည်  “မိုးရွာနေတယ်” ဟူသော စကားဖြင့် တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။

 

စုယန်ယန်သည် ချက်ချင်း အသိဝင်လာခဲ့ပြီး “အင်း... ဟုတ်ပါ့” ဟု ကိုးရိုးကားရားနိုင်စွာ ခပ်ဟဟရယ်ရင်း ထောက်ခံလိုက်သည်။

 

“မိုးခြိမ်းနေတယ်”

 

“အင်း... အင်း”

 

“သွမ်းသွမ်း ကြည့်ရတာ မိုးခြိမ်းသံကို ကြောက်နေပုံပဲ၊ သူက ကြောက်ပြီး မင်းဆီကို ပြေးထွက်သွားခဲ့တာ”

 

“သွမ်းသွမ်းက မိုးခြိမ်းသံကို ကြောက်တာလား”

 

စုယန်ယန်သည် သူမခြေရင်းရှိ အမွှေးပွလုံးလေးကို တစ်ချက်ကြည့်ရင်း စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ် လိုက်မိသည်။

 

သွမ်းသွမ်း “...” ဟုတ်... ဟုတ်၊ ကျွန်တော်ကြောက်တယ်၊ ဒီလိုအရာမျိုးတွေကို ကျွန်တော် အရမ်းကြောက်တယ်။

 

“ဝုဖ်...” သွမ်းသွမ်းသည် သနားစရာ ကောင်းစွာ ဟောင်လိုက်ပြီးနောက် သူလေးဟာ တုန်တုန်ယင်ယင်ဖြင့် စုယန်ယန်၏ အိမ်တွင်းစီး ဖိနပ်ပါးပေါ်သို့ တက်သွားခဲ့သည်။

 

ကုရှောက်ယန်တို့ လူတစ်စုသာ ဒီနေရာမှာ ရှိပြီး ဒီမြင်ကွင်းကို မြင်လိုက်ရရင် ‘ဒီခွေးက လူ့အသိ ရှိနေတာပဲ” လို့ တစ်ထစ်ချ သတ်မှတ်ကြလိမ့်မည်။

 

စုယန်ယန်သည် သွမ်းသွမ်းကိုကြည့်ရင်း သူမ နှလုံးသားထဲမှာ သူ့အတွက် သနားကြင်နာစိတ်များ ယိုဖိတ်နေခဲ့သည်။ သူမက အောက်သို့ ငုံ့ကိုင်းကာ သွမ်းသွမ်းလေးကို ပွေ့ချီလိုက်သည်။

 

“ဒါဆိုရင် သူ့ကို ကျွန်မအခန်းထဲမှာပဲ အတူခေါ်သိပ် ပေးလိုက်မယ်”

 

စုယန်ယန်သည် သူမ ထိုသို့ ပြောလိုက်ပြီး သော်လည်း ဟောက်ချန်ဟွမ်းသည် သူမအခန်း တံခါးဝ၌ မလှုပ်မယှက် ရှိနေဆဲ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ သူမက နားမလည်နိုင်သလို အသွင်ဖြင့် မေးမြန်း လိုက်မိသည်။

 

 “ရှင် ဒီနေရာမှာ ဘာလုပ်စရာ ကျန်သေးလို့လဲ”

 

“ကိုယ်လည်း မိုးခြိမ်းသံ ကြောက်တယ်”

 

စုယန်ယန် “...” ငါ့ခြေထောက်ကိုပဲ သွားကြောက်လိုက်၊ ကျွန်မ ရှင့်အနားမှာ ရှိနေတုန်းက မိုးခြိမ်းသံကြားရတဲ့ နေ့ရက်တွေ အများကြီး တွေ့ကြုံခဲ့ရပေမယ့် ရှင့်ကြောက်နေတာမျိုး ကျွန်မ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။

 

“ရှင် အခု အသက်ဘယ်လောက် ရှိနေပြီလဲ။ ရှင် အခုထိ မိုးခြိမ်းသံကို ကြောက်နေတုန်းလား”

 

“ဒါက အသက်အရွယ်နဲ့ မဆိုင်ဘူး”

 

စုယန်ယန်၏ နှုတ်ခမ်း ထောင့်စွန်းများမှာ အနည်းငယ် တုန်ယင်သွားပြီး သူမစိတ်ထဲတွင် မိုးခြိမ်းသံကို ကြောက်တာ အသက်အရွယ်နဲ့ မဆိုင်ဘူးလို့ တကယ် ပြောဆိုနေသော ဟောက်ချန်ဟွမ်း၏ မျက်နှာအရေပြားက ဘယ်လောက်ထူလဲလို့ တွေးနေမိသည်။

 

 

ထိုအခိုက်အတန့်တွင် ဟောက်ချန်ဟွမ်းသည် မျက်နှာပြောင်တိုက်ဖို့ ဆုံးဖြတ်ထားကြောင်း သိသာ ထင်ရှားနေခဲ့သည်။

 

“ဒီအိမ်မှာ ကိုယ်နဲ့ မင်းကလွဲလို့ အခြားဘယ်သူမှ မရှိဘူး”

 

 

တစ်နည်း ဆိုရသော် ‘ကိုယ်က မိုးခြိမ်းသံကို ကြောက်တယ်၊ ဒီအိမ်မှာ တခြားဘယ်သူမှ မရှိလို့ မင်းဆီကို မျက်နှာပြောင်တိုက် လာရတယ်’ လို့ ဆိုလိုချင်တာပင်။

 

 

“ဒီလိုဆိုရင်ရော... ကျွန်မ သွမ်းသွမ်းကို ရှင်နဲ့အတူ အိပ်ခိုင်းလိုက်မယ်လေ”

 

ဟန်ပန်မူရာ အများကြီး သရုပ်ဆောင်ပြီးသည့် သွမ်းသွမ်း “???”

 

 

“သူလည်း ကြောက်သလို ကိုယ်လည်း ကြောက်တယ်၊ ကိုယ်တို့ပဲ အတူရှိနေတဲ့အခါ ပိုကြောက်နေရလိမ့်မယ်”

 

သူက ဒီကိစ္စမှာ တကယ်ပဲ တစ်နဲ့ တစ်ပေါင်း နှစ်လို့ သတ်မှတ် ထားတာလား။ စုယန်ယန်သည် သူမ မျက်စောင်း ထိုးချင်စိတ်ကို ထိန်းသိမ်း ထားရုံသာ တတ်နိုင်သည်။ စုယန်ယန်သည် သူမ မျက်စိရှေ့ရှိ အမျိုးသားကို တကယ်တော့... သူမလည်း မိုးခြိမ်းသံကို ကြောက်တယ်လို့ ပြောလိုက်ချင်မိသည်။

 

သို့ရာတွင် ဒီစကားက ဒီလို အခြေအနေမျိုးတွင် သိသိသာသာ အလုပ်ဖြစ်မယ့်ပုံ မပေါ်ချေ။

 

“ဒါဆိုရင် ကျွန်မတို့ ဘာလုပ်သင့်လဲ ရှင်ပြောကြည့်လေ”

 

သူ လိုချင်သည့် အခြေအနေမျိုးကို ရရှိသွားသော ဟောက်ချန်ဟွမ်းသည် သူ့မျက်ဝန်းထဲတွင် ကျီစယ်လိုသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။

 

“မင်း သွမ်းသွမ်းကို မင်းအခန်းထဲမှာ နေခွင့်ပေးလိုက်တယ် ဆိုတော့ မင်း နောက်ထပ် လူတစ်ယောက် တိုးလာရင်လည်း စိတ်မရှိလောက်ဘူး ထင်တယ်၊ ဟုတ်တယ် မဟုတ်လား”

 

စုယန်ယန် “!!!” ကျွန်မ စိတ်မရှိဘူးလို့ ဘယ်သူပြောလဲ။ သွမ်းသွမ်းက သွမ်းသွမ်း၊ ရှင်က ရှင်လေ။ အဲ့နှစ်ခုက ဘယ်လိုလုပ်ပြီး တူမှာလဲ။

 

“ဒါက အကြံကောင်းလို့ ကျွန်မ မထင်ဘူး။ ကျွန်မမှာ အိပ်ရေးဆိုးတဲ့ အကျင့်ရှိတယ်”

 

စုယန်ယန် ပြောသည့် စကားကို ဟောက်ချန်ဟွမ်း ကြားလိုက်သည်နှင့် သူ့ရယ်ချင်စိတ်ကို မထိန်းထား နိုင်တော့ပေ။

 

“မင်း ဘာတွေ တွေးနေတာလဲ။ ကိုယ်က မင်းအခန်းထဲက ကြမ်းပြင်ပေါ်မှာ နေရာလွတ်လေး တစ်ခုလောက်ပဲ ငှားချင်တာပါ။ ကိုယ်က ကြမ်းပြင်ပေါ်မှာ အိပ်မှာပါကွာ”

 

စုယန်ယန်သည် အလွန်တရာ အံ့အားသင့်သွားကာ သူမ မျက်နှာဟာ လျင်မြန်စွာ နီမြန်းသွားခဲ့သည်။ အိုး... ဘုရားရေ၊ သူမ ဘာပြောလိုက်မိပါလိမ့်။

 

“အဟွတ်... ကျွန်မက အပိုတွေ လျှောက်တွေးနေတာ မဟုတ်ရပါဘူး။ ရှင်က ဘယ်လိုဖြစ်ပြီး ကျွန်မအခန်း ကြမ်းပြင်ပေါ်မှာ အိပ်ချင်နေရတာလဲ။ ဒီလို ရာသီဥတုမျိုးနဲ့ ရှင် ကြမ်းပြင်ပေါ်မှာ အိပ်ပြီး အေးခဲ သေသွားမှာကို မစိုးရိမ်ဘူးလား”

 

“ဒီအိမ်ထဲမှာ အပူပေးစနစ် ပါတယ်”

 

စုယန်ယန် ဆို့နင့်သွားသည်။ “အင်း၊ စောင်အပိုတွေ မရှိဘူးလေ”

 

“စောင်အပိုတွေက ဗီရိုအောက်ခြေ ညာဘက်ထောင့်နားမှာ ရှိတယ်၊ အိပ်ရာခင်းတွေရော စောင်အပိုတွေရော ရှိတယ်”

 

စုယန်ယန် “...” ကောင်းကောင်း ပြင်ဆင်ထားတာပဲ၊ ရှင် ဒီအစီအစဉ်ကို ဆွဲထားတာ တော်တော်ကြာပြီလို့ ကျွန်မ သံသယရှိတယ်။

 

“ရှင့်မှာ အဲ့တာတွေ အားလုံး ရှိနေရင်တောင်၊ ကျန်သေး...”

 

စုယန်ယန်၏ စကားမဆုံးခင်မှာပင် ဟောက်ချန်ဟွမ်းက “မင်း ကြောက်နေတာလား” လို့ ကြားဖြတ် မေးလိုက်သည်။

 

“ဘာကိုလဲ”

 

ဟောက်ချန်ဟွမ်းက သူ့ဘီးတပ် ကုလားထိုင်ကို စုယန်ယန် အနားသို့ တွန်းလာကာ သူမနှင့် အကြည့်ချင်းဆုံလျက် စိုက်ကြည့်ကာ အဓိပ္ပါယ် အပြည့်ပါသည့် စကားကို ပြောလိုက်သည်။

 

“မင်း ကြောက်နေတာလားလို့ မေးတာလေ၊ မင်းကို ကိုယ် စားမိမှာကို ကြောက်နေတာလား”

***