လက်ပူးလက်ကြပ် ဖမ်းဆီးမိခြင်း
စုယန်ယန်သည် ဟောက်ချန်ဟွမ်းနှင့် အကြည့်ချင်း
ဆုံရင်း ထူးထူးခြားခြား သူမစိတ်ထဲ အပြစ်ရှိသလို ခံစားရကာ နောက်သို့ သူ့အလိုလို ခြေလှမ်း
ဆုတ်မိပြီး တည်ငြိမ်ချင်ဟန် ဆောင်ကာ ထစ်ထစ်အအဖြင့် “မဟုတ်-မဟုတ်ပါဘူး” ဟု ပြောလိုက်သည်။
“ကောင်းပြီ၊ အဲ့လို မဟုတ်ဘူးဆိုရင်၊ မင်း
ဒီည ကိုယ့်ကို ကြမ်းပြင်ပေါ်မှာ အိပ်ခိုင်းရတာကို ပြဿနာ တစ်ခုလို့ မတွေးသင့်ဘူး”
စုယန်ယန်သည် သူမ ပါးစပ်ကိုဖွင့်၍ တစ်ခုခု
ပြောမည့်ဟန် ပြင်နေသည့် အချိန်တွင် ဟောက်ချန်ဟွမ်း ပြောလိုက်သည့် စကားကို ကြားလိုက်ရသည်။
“လက်ထပ်ခွင့် တောင်းတာ အောင်မြင်ရင် ကိုယ်
လိုချင်တဲ့ ဆုတောင်းလို့ ရတယ်လို့ မင်း အခုနတုန်းက ပြောခဲ့တယ်၊ ကိုယ် အဲ့ဆုကို မင်းအခန်းထဲက
ကြမ်းပြင်ပေါ်မှာ အိပ်ခွင့်ရဖို့ အသုံးပြုချင်တယ်။ ဒီတောင်းဆိုချက်က... သိပ်မများပါဘူး၊
ဟုတ်တယ်မလား”
စုယန်ယန် “...” ကျွန်မမှာ ဘာမှ ပြောစရာ
မရှိတော့ဘူး။
နောက်ဆုံးတော့ စုယန်ယန် သနားသွားသည်။
“ကောင်းပြီ... ဒါကို လက်ခံလိုက်မယ်။ ဒါပေမယ့်
ကျွန်မတို့ တစ်ခန်းတည်း အတူနေတယ် ဆိုရင်တောင် သာမန်ထက်ပိုတဲ့ အပြုအမူတွေ မလုပ်ရဘူးလို့
ကျွန်မ ကြိုပြော ထားရလိမ့်မယ်။ ကျွန်မတို့ လက်ထပ်တော့မယ့် လူတွေ ဆိုရင်တောင်မှ ကျွန်မတို့
လက်ထပ်ပြီးမှ လုပ်သင့်တဲ့ အရာတွေ ရှိတယ်”
စုယန်ယန်သည် သာမန်အားဖြင့်ဆိုလျှင် ပရောပရည်
ပြုလုပ်လေ့ရှိပြီး ဟောက်ချန်ဟွမ်းကို ပွေ့ဖက် အနမ်း ပေးတတ်တယ် ဆိုပေမယ့် သူမမှာ အစဉ်အလာတွေ
ထိန်းသိမ်းတတ်သည့် အလေ့အကျင့်လေးတော့ ကျန်ရှိသေးသည်၊ မဟုတ်ပါက ဟောက်ချန်ဟွမ်း သူမကို
ပြန်လည် ပရောပရည် လုပ်သည့် အခါတိုင်း ပျာယာခတ်နေမိမှာ မဟုတ်ပေ။
ဟောက်ချန်ဟွမ်း၏ မျက်ဝန်းထဲတွင် ရယ်မြူးရိပ်
တစ်ခု ဖြတ်ပြေး သွားခဲ့ပြီးတော့ နာခံမှုရှိစွာ ပြန်တုံ့ပြန်ခဲ့သည်။
“ကောင်းပြီ”
ထို့နောက် စုယန်ယန်သည် သွမ်းသွမ်းလေးကို
အောက်သို့ ချလိုက်ကာ ဟောက်ချန်ဟွမ်းကို စောင်အပို ရှာပေးဖို့ လုပ်ခဲ့သည်။
အိပ်စက်ဖို့ နေရာကို အမြန်ပြင်ဆင် ပေးပြီးနောက်
သူမသည် အပူပေးစနစ်ကို ဖွင့်လိုက်ရာ မိနစ်အနည်းငယ် အတွင်း အခန်းအပူချိန်က နွေးထွေးလာခဲ့သည်။
“ပြီးပြီ၊ အိပ်ကြရအောင်”
ဟောက်ချန်ဟွမ်း အိပ်စက်နိုင်ဖို့ ကူညီပေးပြီးသည်နှင့်
စုယန်ယန်သည် သူမအိပ်ရာပေါ်သို့ ချက်ချင်း ပြန်တက်သွားကာ စောင်ခေါင်းမြီးခြုံပြီး တုတ်တုတ်မျှ
မလှုပ်ရှားတော့ပေ။
မိနစ်အနည်းငယ် အကြာ စုယန်ယန်သည် သူမခေါင်းကို
စောင်ထဲမှ အသာထုတ်ကာ တီးတိုး မေးမြန်းလိုက်သည်။
“ရှင် နိုးနေသေးလား”
စုယန်ယန်သည် သူမမေးခွန်းကို ဟောက်ချန်ဟွမ်းက
ပြန်မဖြေနိုင် လောက်ဘူးလို့ ထင်လိုက်ပေမယ့် သူမ အောက်ခြေမှ “အင်း” လို့ ပြန်ဖြေတဲ့
အသံတိုးတိုးလေးကို ကြားလိုက်ရသည်။
စုယန်ယန်သည် ထိတ်လန့်သွားပြီး စောင်ခြုံထဲသို့
နောက်တစ်ဖန် ပြန်ဝင်ရောက် သွားခဲ့ကာ “မြန်မြန် အိပ်တော့နော်၊ ဟုတ်ပြီလား၊ ကောင်းသောညပါ”
လို့ ကသုတ်ကရိုက် တိုးတိုး ပြောလိုက်သည်။
တစ်စုံတစ်ယောက်က သူမနှင့်အတူ ရှိနေတာကြောင့်လည်း
ဖြစ်နိုင်သလို သူမ လုံခြုံစိတ်ချရတယ်လို့ ခံစားရတာကြောင့်လည်း ဖြစ်နိုင်သည်၊ ဒါမှမဟုတ်
ဟောက်ချန်ဟွမ်း၏ ကမောက်ကမ လုပ်ရပ်များကြောင့် သူမ ပင်ပန်းနေတာလည်း ဖြစ်ပေလိမ့်မည်။
ထို့အတွက်ကြောင့် သူမဟာ သိပ်မကြာခင်မှာပဲ အိပ်ပျော်သွားခဲ့သည်။
စုယန်ယန်သည် ယခုလို နေရခက်သည့် အခြေအနေကို
မည်သို့ ကိုင်တွယ်ရမည်ကို မသိသောကြောင့် ပုန်းအောင်း နေခဲ့မိသော်လည်း သူမ ပုန်းအောင်းနေရင်း
အိပ်ပျော် သွားခဲ့လေသည်။
ထို့အတွက်ကြောင့် သူမသည် အမှောင်ထုထဲတွင်
အံ့သြဖွယ် ကောင်းလောက်အောင် တောက်ပနေသော တစ်စုံတစ်ယောက်၏ အကြည့်များကို လွဲချော်ခဲ့ပြီး
ထိုမျက်ဝန်းများထဲတွင် နူးညံ့သိမ်မွေ့သော ချစ်ခြင်း မေတ္တာများနှင့် ပြည့်နှက်နေခဲ့ပြီး
နှလုံးသားကို အရည်ပျော် သွားစေနိုင်စေသည့် အသံဖြင့် “ကောင်းသောညပါ” လို့ ပြန်လည် ပြောကြားသံကိုပါ
လွဲချော် သွားခဲ့ရသည်။
ပြတင်းပေါက် အပြင်ဘက်တွင် မိုးများ ဆက်လက်
ရွာသွန်းနေကာ လေပြင်း တိုက်ခတ်သံနှင့် မိုးခြိမ်းသံများက အခန်းအတွင်းရှိ အေးဆေး တည်ငြိမ်နေမှုကို
မနှောင့်ယှက်နိုင်ခဲ့ပေ။
အခန်းထောင့်စွန်းက သူ့ခွေးအသိုက်လေးမှာ
ရှိနေသည့် သွမ်းသွမ်းသည် ဒီမြင်ကွင်းကို ကြည့်ပြီး ကြည့်နေရင်းနဲ့ အမြီးကုပ် သွားသည်။
သူတို့ နှစ်ယောက်သားက ဘာမှ မလုပ်ကြသော်လည်း သူ့မျက်နှာကို ခွေးစာ အများကြီးဖြင့် ပက်ဖြန်းလိုက်သလို
ခံစားလိုက်ရသည်။
ဒီလို ပိုင်ရှင်စုံတွဲမျိုးကို ပိုင်ဆိုင်ထားသည့်
သူ့ဘဝက တကယ့်ကို... ခက်ခဲကြမ်းတမ်း လွန်းလှသည်။
စုယန်ယန်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသဖြင့်
လေပြင်း ဒါမှမဟုတ် မုန်တိုင်းကပင် သူမကို လုံးဝ အနှောင့်အယှက် မပေးနိုင်ပေ။ သို့ရာတွင်
သူမ၏ အခန်းအပြင်ဘက်မှ ရုန်းရင်းဆန်ခတ် ဖြစ်နေသံက သူမကို အိပ်ရာ နိုးသွားစေသည်။
“စိတ်လျော့ပါ၊ မစ္စတာစု”
“စိတ်လျော့ရမယ်၊ ဟုတ်လား။ ငါ့ရဲ့ တစ်ဦးတည်းသော
ညီမလေးက ပြန်ပေးဆွဲ ခံထားရတာကို စိတ်အေးအေးထားဖို့ မင်း ဘယ်လိုလုပ်ပြီး မျှော်လင့်ရဲတာလဲ။
ငါ့ညီမလေး ဘယ်မှာလဲ။ ဟောက်ချန်ဟွမ်းကရော ဘယ်မှာလဲ။ အဲ့ခွေးကောင် ထွက်လာရင် ပိုကောင်းလိမ့်မယ်”
“အစ်ကိုကြီးလား” ထိုအသံကို ကြားလိုက်ရသည်နှင့်
စုယန်ယန်သည် ချက်ချင်းပင် လန့်နိုး သွားခဲ့သည်။ သူမ၏ ဦးနှောက်က အလုပ်မလုပ်ခင်မှာ သူမ၏
ခန္ဓာကိုယ်က သူ့အလိုလိုပင် သူမ အခန်းတံခါးကို ခုတင်ပေါ်မှ ခုန်ဆင်းပြီး ဖွင့်မိသွားခဲ့ပြီးပြီ
ဖြစ်သည်။
တိုက်ဆိုင်စွာပင် စုယုရွှမ်နှင့် လူအချို့က
သူမရှိရာသို့ ဦးတည် လျှောက်လှမ်း လာခဲ့ကြသည်။
ရုတ်တရက် အခန်းတံခါး ပွင့်လာတာကို မြင်တော့
ထိုလူအုပ်စုဟာ ထိတ်လန့် သွားခဲ့ကြသည်။ စုယုရွှမ်က အရင်ဆုံး အသိဝင်လာခဲ့ပြီး သူ့ညီမ
နောက်တွင် ရှိနေသည့် တစ်စုံတစ်ဦးကို တွေ့လိုက်ရသော အခါတွင် ဒေါသတကြီး ခုန်ပေါက် သွားခဲ့သည်။
သူ့မျက်နှာဟာ တင်းမာသွားပြီး ဒေါသအမျက်
ခြောင်းခြောင်း ထွက်ကာ စိတ်ဆိုးနေသော မျက်နှာအဖြစ်သို့ ပြောင်းသွားခဲ့သည်။
“ဟောက်... ချန်... ဟွမ်း...”
***