အပိုင်း ၁၈၇
Viewers 978

အခန်း (၁၈၇)

ဒေါသတကြီး ပြန်သွားခဲ့တယ်

 

ကမ္ဘာတုန်ခါ စေလောက်သော အော်ဟစ်သံက အိမ်ခေါင်မိုး လန်ထွက်လုနီးပါး ဖြစ်သွားခဲ့သည်။ စုယုရွှမ်သည် ဒေါသတကြီး ပေါက်ကွဲလုနီးပါး ဖြစ်နေကြောင်း သိသာ ထင်ရှားလှသည်။

 

စုယန်ယန်သည် ဤကဲ့သို့ အော်သံကြောင့် အိပ်တစ်ဝက် နိုးတစ်ဝက် အခြေအနေမှ နိုးထသွားကာ ဒီကိစ္စ၏ လေးနက်မှု အကြောင်းကို နားလည် သဘောပေါက် သွားခဲ့ပြီး သူမ ကိုးရိုးကားရား လှည့်ကြည့် လိုက်ချိန်တွင် မျှော်လင့်ထားသလိုပဲ အိပ်စက်ရာမှ နိုးလာသော ဟောက်ချန်ဟွမ်းကို တွေ့လိုက်ရသည်။

 

သူမ သက်ပြင်း ရှိုက်လိုက်မိပြီး စိတ်အား ထက်သန်စွာ ရှင်းပြဖို့ ကြိုးပမ်းလိုက်သည်။

 

“အစ်ကိုကြီး၊ အထင်မလွဲပါန့၊ ညီမလေးတို့ကြား ဘာမှ မဖြစ်ပါဘူး”

 

စုယုရွှမ်ဟာ ဒီအချိန်မှာ ဒေါသစိတ်ကြောင့် မျက်စိကွယ်လုနီးပါး ဖြစ်နေရတာက သနားစရာပါပဲ၊ သူက အကျိုးအကြောင်းသင့် မတွေးတောနိုင်တော့ပဲ ဟိန်းဟောက် လိုက်သည်။

 

 “မင်းတို့နှစ်ယောက် ဘာဖြစ်လို့ တစ်ခန်းတည်း အတူနေရတာလဲ”

 

“ဘာဖြစ်လို့လဲ... ဘာဖြစ်လို့လဲ ဆိုတော့ မနေ့ညက မိုးရွာပြီး မိုးအရမ်း ခြိမ်းတယ်၊ ညီမလေးက တစ်ယောက်တည်း ဖြစ်နေတော့ အရမ်း ကြောက်နေတာ၊ အဲ့တာကြောင့် သူက ညီမလေးနဲ့ အတူ လာနေပေးတာ။ ပြီးတော့ သူက ကြမ်းပြင်ပေါ်မှ အိပ်တာပါ၊ ညီမလေးက အိပ်ရာပေါ်မှာ အိပ်တာ၊ ညီမလေးတို့ကြား ဘာမှ မဖြစ်ခဲ့ပါဘူး”

 

စုယန်ယန် ထိုသို့ ပြောလိုက်သည်နှင့် လက်ရှိ လူပုဂ္ဂိုလ်အားလုံး ကြက်သေ သေသွားခဲ့ကြသည်၊ အထူးသဖြင့် ဟောက်ချန်ဟွမ်းက ပိုဆိုးသည်။

 

သို့သော်လည်း ဟောက်ချန်ဟွမ်းသည် စုယန်ယန်က သူ့ကို ကာကွယ် ပေးနေကြောင်း အလျင်အမြန် နားလည် သဘော‌ပေါက် သွားခဲ့ကာ သူ့နှုတ်ခမ်း‌ ထောင့်စွန်းတွေက ကွေးညွှတ်သွားခဲ့ကာ မသိစိတ်အရ ပြုံးမိသွားသည်။

 

“အစ်ကိုကြီး၊ ဘာဖြစ်လို့ ဒီကို ရောက်လာတာလဲ”

 

“အဓိပ္ပါယ် မရှိတာတွေ လာမပြောနဲ့။ ဘယ်သူက မင်းအစ်ကိုလဲ”

 

ဟောက်ချန်ဟွမ်းက သူ့ကို ရည်ညွှန်းခေါ်ဆိုသည့် နာမ်စားကို ကြားပြီး စုယုရွှမ် ပေါက်ကွဲသွားသည်။

 

 

သူက ဟောက်ချန်ဟွမ်းကို စိုက်ကြည့်ရင်း သူ့ညီမလေး၏ လက်ကို လှမ်းကိုင်ကာ အပြင်သို့ ဆွဲခေါ်လိုက်သည်။

 

“အစ်ကိုကြီး၊ ဘာလုပ်နေတာလဲ”

 

စုယန်ယန်က ဖြစ်ပျက်နေတာတွေကို သဘောမပေါက်ခင်မှာပင် ရုန်းရင်းဆန်ခတ် ဆွဲခေါ်ခံလိုက်ရကာ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။

 

ဟောက်ချန်ဟွမ်း၏ မျက်လုံးများက မည်းမှောင်သွားကာ ကုရှောက်ယန်တို့ လူစုကို အဓိပ္ပါယ်အပြည့် ပါဝင်သော အကြည့်တစ်ချက် ပစ်ခွင်းလိုက်သည်။

 

ထိုလူစုက သူ ပေးချင်သော မက်ဆေ့ချ်ကို ရရှိခဲ့ပြီး သူတို့နှစ်ယောက်ကို အမြန်လူစုခွဲဖို့ ကြိုးပမ်း လိုက်ကြသည်။

 

“ဘာလုပ်ရမှာလဲ။ မင်းကို ဒီနေရာကနေ ခေါ်ထုတ်သွားဖို့ လုပ်နေတာလေ”

 

 စုယုရွှမ် ထိုသို့ ပြောလိုက်သည်နှင့် ဘေးနှစ်ဖက်မှ လူတွေက သူ့ထံမှ သူ့ညီမကို အတင်းအကြပ် ဆွဲခေါ်ဖို့ လုပ်လိုက်သောကြောင့် သူ့ညီမနှင့် ရုတ်တရက် ကွဲကွာသွားခဲ့သည်။

 

“ရှင်တို့ ဘာလုပ်တာလဲ။ ကျွန်မကို လွှတ်”

 

“အစ်ကိုကြီး”

 

 စုယန်ယန်သည် အခြားအမျိုးသားများ၏ လုပ်ရပ်ကြောင့် ထိတ်လန့်တကြား ဖြစ်သွားခဲ့ပြီး သူမ ဘာမှ မတတ်နိုင်ခင်တွင် သူမလက်ကို ပတ်ဝန်းကျင်မှ လူများထံမှ လက်တစ်ဖက်က ရုတ်တရက် ဆွဲယူလိုက်ပြီး သူမလက်ကို အသာအယာ ပွတ်သပ် ပေးလိုက်သည်။

 

“မင်း သူမကို နာကျင်အောင် လုပ်နေတာလား”

 

ထိုအသံအနိမ့်အမြင့် အတက်အကျ မရှိသော အသံထဲမှာ ဒေါသ အငွေ့အသက်များကို ဖုံးလွှမ်းနေခဲ့သည်။

 

 

ထိုတွန်းလိုက် ဆွဲလိုက်လုပ်မှုကြောင့် သူမ လက်ကောက်ဝတ်တွင် စက်ဝိုင်းပုံသဏ္ဌာန် နီရဲနေပြီ ဖြစ်ကြောင်း ယခုမှ သတိပြုမိလိုက်သည်။ သူမ၏ အသားအရေက နဂိုက ဖြူဖွေးနူးညံ့နေတာ ဖြစ်သောကြောင့် ဒီလို နီရဲရောင်းရမ်း နေတာက အလွန် ဆိုးရွားနေပုံ ပေါ်သည်။

 

စုယုရွှမ်သည် သူ၏ လုပ်ရပ်များက မည်မျှ ရက်စက် ကြမ်းကြုတ်သွားလဲ ဆိုတာကို နားလည် သဘောပေါက် သွားခဲ့ပြီး သူ့မျက်နှာပေါ်တွင် နောင်တ ရသွားသည့် အရိပ်အယောင်များ ပြည့်နှက် သွားခဲ့သည်။ သူက သူ့ညီမကို မတော်တဆ ထိခိုက်သွားစေရုံ သာမက ဟောက်ချန်ဟွမ်း ရှေ့တွင် သူ့အခွင့်အရေးကို ဆုံးရှုံးသွားခဲ့သည်။

 

ဟောက်ချန်ဟွမ်းက စုယန်ယန်၏ လက်ကောက်ဝတ်ကို အချိန်အတော်ကြာ နှိပ်နယ်ပေးခဲ့ပြီး သူမ လက်ကောက်ဝတ် တစ်ဝိုက် နီရဲရောင်ရမ်း နေတာတွေ လျော့ပါးသွားမှ သူမလက်ကို လွှတ်ပေးလိုက်သည်။ ထိုအာရုံ စူးစိုက်ထားသော သူ့မျက်နှာသွင်ပြင်အရ သူ့လက်ထဲတွင် ဆုပ်ကိုင်ထားတာက လက်တစ်ဖက် မဟုတ်ပဲ အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးလို့ မသိသူများကို တွေးထင် သွားစေမည် ဖြစ်သည်။

 

 

စုယန်ယန်၏ မျက်နှာမှာ ရှက်သွေးဖြန်းသွားလျက် သူမနားရွက်များက ပူလောင် သွားခဲ့သည်။ ဟောက်ချန်ဟွမ်းမှ သူမလက်ကို လွှတ်ပေး လိုက်သည်နှင့် သူမလက်ကို အမြန်ပြန်ရုပ် လိုက်သည်။

 

“ကျွန်မအစ်ကိုကြီး ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ပါဘူး။ ရှင် သူ့ကို လွှတ်ပေးခိုင်းလိုက်ပါ”

 

အမှန်တော့၊ စုယန်ယန်၏ တောင်းဆိုချက် မရှိလျှင်ပင် ကုရှောက်ယန်တို့ လူစုဟာ သူတို့သခင်လေး၏ အနာဂတ် ယောက်ဖလောင်းကို အကြာကြီး မချုပ်နှောင်ထားဝံ့ပဲ ပြီးခဲ့သည့် အချိန်တော်တော်ကြာ ကတည်းက သူတို့လက်များမှ ခွန်အားတွေကို ဖြေလျော့ ပေးထားပြီးသား ဖြစ်လေသည်။

 

စုယုရွှမ် သူ့စိတ်ကို မထိန်းထားနိုင်ရသည့် အကြောင်းရင်းမှာ လူရှေ့သူရှေ့မှာ သူမတို့နှစ်ဦး၏ ဂရုစိုက် ကြင်နာမှုများကို မြင်တွေ့ လိုက်ရသောကြောင့် ဖြစ်သည်။

 

သူ့အသိစိတ် ပြန်ရောက် လာသည်နှင့် တစ်ပြိုင်နက် သူ့ကို ချုပ်နှောင်ထားသည့် လက်များကို ပခုံးတွန့်ပြီး ဖယ်ရှားလိုက်ကာ ခေါင်းကို ချာခနဲလှည့်၍ ထွက်သွားခဲ့သည်။

 

စုယန်ယန်က ဒါကို မြင်လိုက်သည်နှင့် ဟောက်ချန်ဟွမ်းကို ကမန်းကတန်း အမှာစကား ပါးခဲ့သည်။

 

 “ကျွန်မ အိမ်ကို ပြန်လိုက်သင့်တယ်၊ နောက်တစ်ခါ အခွင့်အရေးရရင် ရှင့်ဆီကို ကျွန်မ လာခဲ့ပါ့မယ်”

 

 

ဟောက်ချန်ဟွမ်းသည် သူ၏ အနာဂတ် ယောက်ဖလောင်း၏ တုံ့ပြန်မှုအရ ‘နောက်တစ်ကြိမ်’ ဆိုတာ မကြုံရခင် အချိန်အတော်ကြာ စောင့်ဆိုင်း ရဦးမှာလို့ ပြန်ပြောလိုက်ချင်မိသည်။

 

ထိုအတွေးဖြင့် ဟောက်ချန်ဟွမ်းသည် စုယန်ယန်ဘက်သို့ ရုတ်တရက် စောင်းငဲ့ကာ သူမပါးပြင်ပေါ်သို့ အနမ်းခြွေချ လိုက်သည်။

 

စုယန်ယန်သည် သူ နမ်းလိုက်သည့် နေရာကို အံ့အားတသင့် ထိတွေ့လိုက်ရင်း သူ့ကို မျက်တောင် ပုတ်ခတ်ပုတ်ခတ်ဖြင့် ထိတ်လန့်တကြား ကြည့်လိုက်မိသည်။ သူမ၏ ပထမဆုံး တုံ့ပြန်မှုကတော့...

 

သူမအစ်ကိုကြီး အရင်ဆုံး ထွက်သွားတာ ကံကောင်းတယ်၊ မဟုတ်ရင် သူ ဒီမြင်ကွင်းကို တွေ့လိုက်ရရင် ဒေါသတကြီး ပေါက်ကွဲသွားမှာကို ကြောက်လန့်မိသည်။

***