အပိုင်း ၁၈၈
Viewers 863

အခန်း (၁၈၈)

အိမ်ထောင်မပြုခင် ကြိုတင် အတူနေထိုင်ခြင်း

 

စုယုရွှမ်သည် ဒေါသ အရမ်းကြီးနေသော်လည်း သူ့ညီမလေးကို ‘ခြင်္သေ့ဂူ’ထဲတွင် ဂရုမစိုက်ပဲ မထားရစ်ခဲ့ချေ။

 

သူ အဝေးသို့ လျှောက်လှမ်း သွားနေသည်အား ရပ်လိုက်သည်။ သူက နောက်သို့ ပြန်လှည့်ပြီး ဟောက်ချန်ဟွမ်းနှင့် သူ့တပည့် တပန်းများကို အကြိမ် အနည်းငယ်ခန့် ပြန်တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေခဲ့ပြီ။

 

ကံကောင်းထောက်မစွာပင် သူ ဘာမှ မလုပ်ရသေးခင် စုယန်ယန်က သူ့နောက်သို့ အပြေးလေး လိုက်လာခဲ့သည်။

 

စုယုရွှမ် အနည်းငယ် ထိတ်လန့်သွားပြီး သူ့မျက်နှာ အမူအရာက အနည်းငယ် နူးညံ့ညင်သာ သွားခဲ့သည်။

 

“သူတို့ မင်းကို မတားဘူးလား”

 

“သူတို့က ညီမလေးကို ဘာဖြစ်လို့ တားရမှာလဲ။ အစ်ကိုကြီး၊ တကယ်တော့ မနေ့ညက ညီမလေးနဲ့ သူ့ကြား ဘာမှ မဖြစ်ခဲ့ပါဘူး”

 

“ဘာမှ မဖြစ်ဘူးဆိုရင်၊ နင် ဘာဖြစ်လို့ မနေ့ညက အိမ်မပြန် လာရတာလဲ”

 

စုယန်ယန်သည် အပြစ်ရှိတယ်လို့ ခံစားရကာ သူမ လည်ချောင်းထဲတွင် စကားလုံးများ ဆို့နင့်လာခဲ့သည်။

 

 “ညီမလေးတို့ မနေ့က ကျွန်းပေါ်မှာ ရှုခင်းတွေ လျှောက်ကြည့်ရင်း အချိန်ကုန် နေတာကို မေ့သွားခဲ့တယ်။ ညီမလေး အချိန်ကို သတိထားမိချိန်မှာ အရမ်း မှောင်နေခဲ့ပြီ၊ ညကြီးသန်းခေါင် ပင်လယ်ထဲ ခရီးသွားရတာ အန္တရာယ် အရမ်းများလို့ အိမ်မပြန်ခဲ့တာပါ”

 

သူမ၏ ရှင်းပြချက်က ကျိုးကြောင်း ညီညွတ်သော်လည်း စုယုရွှမ်မှာ သူမ ရှင်းပြချက်ထဲမှ ဟာကွက်များကို ထောက်ပြနိုင်သေးသည်။ သူက စိတ်တိုနေသော အသံဖြင့် အေးစက်စွာ မေးမြန်း လိုက်သည်။

 

“မင်းကို ဘယ်သူက အဲ့ဒီကျွန်းပေါ် ခေါ်သွားတာလဲ”

 

“... သူလေ”

 

“အခု၊ မင်းကို ဒီကျွန်းပေါ်မှာ လိုက်ပတ်ပြရင်း အချိန်တွေ ကုန်လို့ ကုန်သွားမှန်း မသိအောင် ဘယ်သူ လုပ်တာလဲ”

 

“... အဲ့တာလည်း သူပဲလေ”

 

မေးခွန်း နှစ်ခုတည်းဖြင့် စုယုရွှမ် တိုက်ရိုက် ကောက်ချက်ချ သွားခဲ့သည်။

 

 “ဟမ့်... အချိန်ကို မေ့သွားတာလား။ ငါကတော့ သူ ရည်ရွယ်ပြီး လုပ်ခဲ့တာလို့ ထင်တယ်။ သူက တမင်တကာ ‌ရည်ရွယ်ချက် ရှိရှိနဲ့ နင့်ကို ဒီကျွန်းပေါ် ခေါ်လာခဲ့ပြီး ညမိုးချုပ်သွားတော့ နင့်ကို ဒီကျွန်းပေါ်မှာပဲ နေခိုင်းခဲ့တယ်၊ ပြီးတော့ နင့်အခန်းထဲကိုပါ ရည်ရွယ်ချက်ရှိရှိနဲ့...”

 

သူမအစ်ကို ပြောတာ မှန်ပေမယ့် စုယန်ယန်သည် တတ်နိုင်သလောက် ဟောက်ချန်ဟွမ်းကို ကယ်တင်နိုင်ဖို့ ကြိုးစားနေတုန်းပင်။

 

“အစ်ကိုကြီး၊ မနေ့ညက မိုးအရမ်းရွာပြီး မိုးခြိမ်းသံတွေ အရမ်း ဆူညံနေခဲ့တယ်။ အခန်းထဲမှာ ညီမလေး တစ်ယောက်တည်းပဲ ဆိုတော့ အရမ်းကြောက်ပြီး သူ့ကို ညီမလေးနဲ့ အတူ လာနေခိုင်း လိုက်တာပါ။ ပြီးတော့ အစ်ကိုကြီး တွေ့တဲ့အတိုင်းပဲ သူက ကြမ်းပြင်ပေါ်မှာ အိပ်ပြီး ညီမလေးက အိပ်ရာပေါ်မှာ အိပ်တာပါ။ ဒီအချက် နှစ်ချက်ကို ဘေးဖယ် ထားလိုက်ပါဦး၊ သူက မိုးနဲ့ မိုးကြိုးကို ဆင့်ခေါ်နိုင်တယ်လို့ အစ်ကိုကြီး ထင်လို့လား”

 

ယခု တစ်ကြိမ်ကတော့ စုယုရွှမ် ဆွံ့အသွားရမည့် အလှည့်ပင် ဖြစ်သည်။ သူ့ညီမလေး ပြောသည့်အတိုင်း ဟောက်ချန်ဟွမ်းသည် ဘယ်လောက်ပဲ အင်အားကြီးပါစေ သူ့မှာ ရာသီဥတုကို ထိန်းချုပ်နိုင်စွမ်း မရှိသလို မိုးကြိုးမုန်တိုင်းတွေကိုလည်း အမိန့်ပေးနိုင်စွမ်း မရှိနိုင်ပါ။

 

ဒါဆိုရင် ဒါတွေ အားလုံးက တိုက်ဆိုင်မှု တစ်ခုလေလား။ ကောင်းကင်ဘုံကတောင် သူ့ဘက်ကနေ ကူညီပေးနေတာလား။

 

ဒီအတွေးက သူ့ခေါင်းထဲမှာ ပေါ်လာတာနဲ့ စုယုရွှမ်၏ မျက်နှာ အမူအရာမှာ မည်းမှောင် သွားခဲ့သည်။ ဟမ့်... ဘယ်လောက် ဒေါသထွက်ဖို့ ကောင်းလိုက်သလဲ။

 

စုယန်ယန်သည် သူ့အစ်ကိုကြီး၏ မျက်နှာက အကြိမ်ပေါင်းများစွာ ပြောင်းလဲ သွားသည်ကို မြင်တွေ့ လိုက်ရသည်။ သူ့မျက်နှာက ဘယ်လိုဖြစ်လို့ ပိုပိုပြီး မည်းမှောင် လာတာလဲ။ သူမစိတ်ထဲမှာပဲ ဒီအကြောင်းကို တိတ်တဆိတ် ပြောဆိုရဲပြီး အပြင်သို့ ထုတ်မပြောရဲပေ။ စုယန်ယန်သည် စကားခေါင်းစဉ်ကို အလျင်အမြန် ပြောင်းလဲ လိုက်သည်။

 

“အစ်ကိုကြီး၊ ဘယ်လိုဖြစ်လို့ ဒီကို ရောက်လာရတာလဲ။ ဒီအချိန်လောက်ဆို အစ်ကိုကြီး ကုမ္ပဏီမှာ ရှိနေရမှာ မဟုတ်ဘူးလား”

 

“ဘယ်လိုလုပ်ပြီး ကုမ္ပဏီအလုပ်က နင့်ထက် ပိုအရေးကြီးရမှာတုံး”

 

 စုယုရွှမ်၏ မျက်နှာမှာ ခက်ထန် တင်းမာနေခဲ့သည်။ သူက အေးစက်စွာ ဆူပူလိုက်သည်။

 

“နင် မနေ့ညက အိမ်မပြန်လာဘူး၊ နင့်ဖုန်းကိုလည်း ခေါ်မရဘူး၊ အဖေတို့ အမေတို့က နင့်ကို အရမ်း စိတ်ပူလွန်းလို့ ရဲတွေကို ခေါ်လုနီးပါး ဖြစ်နေခဲ့ကြတာ”

 

စုယန်ယန်၏ မျက်နှာတွင် ရှက်ရွံ့နေသည့် အမူအရာများ ဖုံးလွှမ်း သွားသည်။

 

 “ညီမလေး အိမ်မပြန်လာဖြစ်လို့ အစ်ကိုကြီးတို့ကို လူတစ်ယောက်က လာပြီး အကြောင်း မကြားဘူးလား”

 

စုယန်ယန် ဒီအကြောင်းကို ထုတ်မပြော လိုက်တာက ပိုကောင်းပါလိမ့်မည်၊ သူမ ဒါကို ထုတ်ပြောလိုက် ကတည်းက စုယုရွှမ်၏ မျက်နှာသည် ပိုမို တင်းမာ လာခဲ့ပြန်သည်။

 

“ဒါပေါ့၊ တစ်ယောက်ယောက်က လာအကြောင်း ကြားတယ်။ သူက ငါတို့အိမ်ကို လာပြီး နင် ဒီည အိမ်မပြန်လာနိုင်လို့ သူတို့သခင်လေးရဲ့ အိမ်မှာပဲ တည်းခို ဖြစ်လိမ့်မယ် ဆိုတော့ အဖေနဲ့ အမေတို့က ပိုပြီး စိုးရိမ်ပူပန် သွားခဲ့ကြတယ်။ နင်တို့က အိမ်ထောင် မပြုရသေးဘူး၊ နင်က သူ့အိမ်မှာတောင် နေခဲ့ပြီးပြီ။ ဒီသတင်း ပြန့်သွားတာနဲ့ လူတွေက နင့်ကို ဘယ်လောက်တောင် ပြောဆိုလိုက်ကြမလဲ”

 

စုယန်ယန်ကို သူတို့ ဖုန်းခေါ်လို့ မရသည့်အခါ သူမ တစ်ခုခု ဖြစ်သွားမှာကို သူတို့ စိုးရိမ်ပူပန် ရပေမယ့် သူမ အဆင်ပြေကြောင်း သိပြီးနောက်တွင်လည်း သူတို့ စိတ်သက်သာရာ ရသလို စိုးရိမ်ပူပန်မှု အသစ်တွေပါ ရရှိခဲ့ပြန်သည်။

 

စုမိသားစုနှင့် ဟောက်မိသားစု အကြား အဖြစ်အပျက်တွင် စုယန်ယန်သည် ဝေဖန်မှု များစွာကို ခံစားခဲ့ရသည်။ ဒီနေ့ အဖြစ်အပျက်ကို တစ်ကမ္ဘာလုံး ပျံ့နှံ့သွားသည်နှင့် သူမက သေချာပေါက် ဝေဖန်တိုက်ခိုက်မှု များစွာကို ရရှိခံစား ရပေဉီးမည်။

 

စုယန်ယန်သည် မျက်နှာကို ရှုံ့မဲ့ကာ ကိုးရိုးကားရားနိုင်စွာ ဖြည့်စွက် ပြောဆိုခဲ့သည်။

 

“ဒီနေရာက အရမ်းခေါင်တော့ ဘယ်သူမှ ဒါကို သိမှာ မဟုတ်ဘူး။ ဒါ့အပြင် ညီမလေးတို့က စေ့စပ်ပြီးသား သူတွေပဲ။ ညီမလေးတို့ အတူရှိနေတယ် ဆိုတာ ပုံမှန်ပါပဲ၊ ညီမလေးတို့ အိမ်ထောင်သည် ဘဝကို ကြိုတင် ပြင်ဆင်တယ်လို့ ဆိုနိုင်တာပဲ မဟုတ်ဘူးလား”

 

“နင်က အိမ်ထောင်သည် ဘဝအတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ သူနဲ့ အတူနေဖို့ တကယ် စဉ်းစားခဲ့တယ်ပေါ့လေ”

 

 စုယုရွှမ်ရဲ့ လေသံသည် ချက်ချင်း မြင့်တက်သွားခဲ့ပြီး သူ့ညီမကို ထိတ်လန့် တုန်လှုပ်စရာ ကောင်းသော အကြည့် စူးစူးများဖြင့် စိုက်ကြည့်ရင်း အော်ငေါက် လိုက်သည်။

***