အပိုင်း ၁၈၉
Viewers 940

အခန်း (၁၈၉)

သူတို့ ပြန်အဆင်ပြေ သွားကြပြီလား

 

စုယန်ယန်၏ မျက်နှာ အမူအရာဟာ အနည်းငယ် တောင့်တင်းသွားပြီး ကိုးရိုးကားရားနိုင်စွာ ပြောလိုက်သည်။

 

“ညီမလေးက ဥပမာအနေနဲ့ ပြောလိုက်တာလေ”

 

စုယုရွှမ်သည် သက်ပြင်းမော တစ်ချက်ကို ရှူထုတ်လိုက်သော်လည်း သူ့စိတ်ထဲတွင် အနည်းငယ် စိတ်မသက်မသာသလို ခံစားနေရဆဲ ဖြစ်သည်။ သူက အသံတိုးတိုးဖြင့် မကျေမနပ် ပြောလိုက်သည်။

 

“ဒါဆို ဒီနေရာက အရမ်း ဝေးလွန်းတယ် ဆိုတာ နင်လည်းသိတယ်။ နင်က သိရက်သားနဲ့ သူနဲ့ ဒီလို ဝေးလံခေါင်သီတဲ့ အရပ်ကို မိုက်မိုက်မဲမဲ လိုက်လာရဲတယ်ပေါ့။ မင်းကို သူက ကိုက်စားလိုက်မှာ မကြောက်ဘူးလား”

 

စုယန်ယန်က သူမစိတ်ထဲတွင် ပြောလိုက်သည်။ ‘ညီမလေးက ဒီကို အိပ်ပျော်ပြီး ရောက်လာတာ မဟုတ်ဘူးလား။ ဒီနေရာက အရမ်းဝေးလံ ခေါင်သီတယ် ဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ”

 

သို့သော်လည်း သူမသည် ဒီစကားကို ထုတ်ဖော် မပြောနိုင်ပေ။ သူမ ဒီလိုသာ တကယ် ပြောလိုက်ရင် ဟောက်ချန်ဟွမ်းကို သူမ အစ်ကိုကြီးက အကြံအစည်ရှိတဲ့ လူဆိုးတစ်ယောက်လို့ ထင်မြင်သွားစေမှာ ဖြစ်ပြီး သူတို့ ယောက်ျားချင်း ထိပ်တိုက် ရန်ပွဲဖြစ်မည်ဆိုတာ သံသယ ဖြစ်စရာပင် မလိုပေ။

 

“အခု ညီမလေး အဆင်ပြေနေတာပဲ မဟုတ်လား”

 

“သူ လုပ်ရဲလို့လား။ သူသာ လုပ်ရဲရင် အဖေနဲ့ငါ သူ့ရဲ့ခွေးခြေထောက်တွေ ကျိုးသွားအောင် ရိုက်ချိုး ပစ် မပစ်ဆိုတာ စောင့်ကြည့်လိုက်စမ်း”

 

စုယန်ယန် “...” သူ့ခြေထောက်တွေက ကျိုးနေတာပဲကို၊ အစ်ကိုကြီး ရိုက်နေဖို့တောင် မလိုအပ်ဘူး။

 

စုယုရွှမ်သည် အော်ငေါက် ပြီးနောက်မှ ဒါကို သဘောပေါက် သွားပုံရပြီး သူ့မျက်နှာဟာ မည်းမှောင်သွားပြီး ဒေါသပိုကြီး လာခဲ့သည်။

 

“ကောင်းပြီ၊ ဒါတွေကလည်း ဖြစ်ပြီးသွားပြီ။ အဲ့ဒီကောင်က ငါတို့အိမ်ကို သတင်း ပေးပို့ပြီးနောက် ငါတို့မိဘတွေ တစ်ညလုံး အိပ်မပျော်ကြဘူး၊ ငါလည်း အဲ့ဒီလိုပဲ။ မိုးလင်းတာနဲ့ ငါ ဒီကို ချက်ချင်း လိုက်လာခဲ့တာ”

 

စုယုရွှမ် မနေ့ညက သူ ဒီသတင်းကို ရရချင်းမှာပင် သူ့ရဲ့ ပထမဆုံး တုံ့ပြန်မှုက စုယန်ယန်ကို လိုက်ရှာဖို့ ပင်လယ်ပြင်သို့ ခရီးထွက်ချင်ပေမယ့် ကုရှောက်ယန်နှင့် တခြားသူများက တူညီတဲ့ အကြောင်းပြချက်များဖြင့် ငြင်းပယ်ခဲ့ကြသည်။

 

သူ့ဒေါသတွေကို မျိုသိပ်ထားရင်း နောက်ဆုံး၌ မနက်မိုးသောက် အလင်း ရောက်တဲ့အထိ စောင့်ဆိုင်းခဲ့ပြီး ကုရှောက်ယန်နှင့် တခြားသူတွေကို ခေါ်သွားပေးဖို့ တိုက်တွန်း ပြောဆိုခဲ့သည်။

 

လမ်းတစ်လျှောက်လုံးမှာ သူ့ညီမလေးကို ပြန်ပေးဆွဲခဲ့တဲ့ ခွေးကောင်ကို သူ့စိတ်ထဲကနေ ဓားဖြင့် မရေမတွက်နိုင်အောင် ထိုးနေခဲ့မိသည်။

 

“ညီမလေး မှားတာပါ၊ ညီမလေး ဒီလိုကြီးမားတဲ့ အမှားမျိုး နောက်ထပ် ဘယ်တော့မှ မကျူးလွန်တော့ပါဘူးလို့ ကတိပေးပါတယ်”

 

စုယုရွှမ်က အေးစက်စက် နှာခေါင်းရှုံ့ လိုက်သည်။

 

“နင်က ထပ်ပြီး ကျူးလွန်ချင်ရင်တောင် နင့်မှာ အဲ့လို အခွင့်မရှိမှာ ငါကြောက်တယ်”

 

စုယန်ယန်လည်း ဒါကို ကောင်းကောင်း သိသည်။ ဒီတစ်ခါ အိမ်ပြန်ရောက်ရင် သူမ မိဘတွေက သူမကို အိမ်ထောင် မပြုမချင်း သူတို့မျက်ကွယ်ကို ဘယ်တော့မှ မလွှတ်လောက်တော့ဘူး။

 

နှစ်ယောက်သား လှေဖြင့် အဓိက မြို့တော်သို့ ပြန်လာခဲ့ကြသည်။ စုယန်ယန်၏ လက်ကိုင်ဖုန်းတွင် နောက်ဆုံး၌ ဖုန်းလိုင်း မိသွားခဲ့ပြီး သူမသည် အိမ်ကို ချက်ချင်း ဖုန်းခေါ်ဆိုခဲ့ကြသည်။

 

သူမမိခင်က ဖုန်းပြန် ဖြေခဲ့သည်။ အံ့သြစရာ ကောင်းတာက သူမ မနေ့ညက အိမ်မပြန် လာမိတဲ့အတွက် သူမကို ဆူပူမာန်မဲခြင်း အလျင်းမရှိခဲ့ပါဘူး။ စုယန်ယန်ကို “သမီး နောက်တစ်ခါ ဒီလိုမလုပ်နဲ့” ဟုသာ ပြောဆိုခဲ့သည်။

 

စုယုရွှမ်၏ ဒေါသတကြီး ပေါက်ကွဲမှုနှင့် နှိုင်းယှဉ်လျှင် သူမ မိခင်ဖြစ်သူ၏ တုံ့ပြန်မှုက အလွန် တိတ်ဆိတ် ငြိမ်သက်နေသဖြင့် စုယန်ယန်သည် မုန်တိုင်း မတိုင်ခင် ငြိမ်သက်နေခြင်း ဖြစ်သည်ဟု သံသယ ရှိမိသည်။

 

သို့ရာတွင် စုယန်ယန် မသိသော အချက်မှာ သူမကို ကျွန်းပေါ်မှ ပြန်မခေါ်လာခင် စုယုရွှမ်သည် ကျွန်းပေါ်တွင် ဖြစ်ပျက်ခဲ့သမျှ အလုံးစုံကို ပြန်ပြောထားပြီးပြီ ဖြစ်လေသည်။

 

ချိန်ရှုချင်နှင့် အခြားသူတွေက သူတို့နှစ်ယောက် အကြားတွင် သာမန် မဟုတ်သည့် အကြောင်းကိစ္စ တစ်ခုမျှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်းကို သိသွားသောကြောင့်သာ ငြိမ်သက် နေကြခြင်း ဖြစ်သည်။ မဟုတ်ရင် သူတို့ရဲ့ လူသတ်ချင်စိတ်က စုယုရွှမ်၏ တုံ့ပြန်မှုထက် ပိုကြောက်စရာ ကောင်းလိမ့်မည်။

 

စုယန်ယန် အိမ်ပြန်ရောက် သောအခါ ချိန်ရှုချင်နှင့် တခြားသူတွေက သူမ ဦးငယ်လေးချိန်ကို သွားကြိုဆိုဖို့ ထွက်သွားခဲ့ကြသည်။ သူမ မိသားစုဝင် တစ်ယောက်မျှ အိမ်မှာ မရှိသောကြောင့် သူမ အလွန်စိတ်သက်သာရာ ရသွားမိသည်။

 

ဒါပေမယ့် သူမ ဦးငယ်လေးချိန်က ဒီကို ရောက်လာပြီ ဆိုကတည်းက ဦးလေးနဲ့ အန်တီချင်တို့ကို ဆေးဖက်ဝင် ဟင်းလျာတွေ ကျွေးမွေးဖို့ အချိန်ရောက်ပြီ၊ သူတို့သာ ကြိုးစားလျှင် လူသား တစ်ယောက်ကို ဖန်တီးနိုင်ဖို့ လုပ်နိုင်လောက်တယ် မလား၊ အဟမ်း... အဟမ်း...

 

ထို့အပြင် ဆိုရိုးစကားအတိုင်း - သင်သည် တစ်စုံတစ်ဦးထံမှ အကျိုးကျေးဇူး ရရှိပြီးနောက် ထိုပုဂ္ဂိုလ်ကို ကျေးဇူး ပြန်ဆပ်သင့်သည်။ လူကြီးများကို ရွှင်လန်းစေမည့် ထမင်းဟင်း ကောင်းကောင်း ချက်ကျွေးသင့်သည်။ ဒါဆိုရင် မနေ့က အဖြစ်အပျက်အတွက် သူမကို အပြစ်တင်စကား မဆိုဖို့ ဖြစ်ကောင်း ဖြစ်နိုင်လိမ့်မည် မဟုတ်ပါလား။

 

စုယန်ယန်သည် သူမစိတ်ထဲမှာ ရည်ရွယ်ချက်လေးတွေနဲ့ မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။ သူမသည် အင်တာနက်ဖြင့် ချိတ်ဆက်ပြီး နောက်တွင် နာမည်ကြီးအောင် လုပ်ထားသည့် ပို့စ်အနည်းငယ်ကို မြင်တွေ့လိုက်ရသည်။

 

တခြား အချိန်တွေဆိုရင် သူမသည် ဒီလို နာမည်ကြီးအောင် လုပ်ကြံထားသည့် ဖျော်ဖြေရေး သတင်းတွေကို ဖတ်ရှုခဲပါသည်။ သူမ ဒါကို ကြည့်လိုက်သည်နှင့် ထိပ်မှာ ဓာတ်ပုံတစ်ပုံကို မြင်တွေ့ လိုက်ရသည်။

 

ထိုဓာတ်ပုံသည် မိန်းကလေးအဖွဲ့ တစ်ခုအတွက် ပရိုမိုးရှင်း ဓာတ်ပုံတစ်ပုံဖြစ်ပြီး တလက်လက် တောက်ပနေသော အပြုံးတွေကို ပန်ဆင်ထားသည့် ရင်းနှီး ကျွမ်းဝင်နေသော ပုံရိပ်တစ်ခုဟာ အုပ်စု အလယ်ခေါင်မှာ မတ်တပ် ရပ်နေခဲ့သည်။ သူမကို မသိတဲ့သူတိုင်းက သူမ၏ ကျော်ကြားမှုက အရှိန်ပြင်းပြင်း မြင့်တက် လာလိမ့်မယ်လို့ တွေးထင်ကြပေမည်။ သူမသည် ရှေ့လမ်းခရီး တစ်လျှောက်တွင် တောက်ပသော အနာဂတ်ကို ပိုင်ဆိုင်ထားပုံ ရသည်။

 

စုယန်ယန်၏ မျက်ဝန်းများသည် အန္တရာယ်ကြီးမားစွာ မှေးကျဉ်းသွားပြီး နှာခေါင်းရှုံ့ လိုက်သည်။

 

“သူမက ဟောက်ရှောက်ဖုန်းနဲ့ ပြန်အဆင်ပြေ သွားတာလား”

***