အပိုင်း ၁၉၉
Viewers 1k

အခန်း (၁၉၉)

ခေါင်းပြောင်နေသော ပရိုဂရမ်မာ

 

လျှို့ကြီးသည် ချန်ယွမ် နည်းပညာဌာန၏ စီနီယာ ပရိုဂရမ်မာ တစ်ယောက်ဖြစ်သည်။ သူသည် ဒီနှစ်တွင် အသက်သုံးဆယ်ပြည့်ကာ နည်းပညာဌာနတွင် အလုပ် လုပ်ကိုင်နေသည်မှာ ငါးနှစ်ဝန်းကျင်ခန့် ရှိနေပြီ ဖြစ်သည်။

 

ဒီအသက်အရွယ်က သာမန် အမျိုးသားများ အတွက် အထွတ်အထိပ် အချိန်အခါဟု ဆိုနိုင်သည်။

 

 

လျှို့ကြီးသည် သူ့ကိုယ်သူလည်း အလားတူပင် ထင်မှတ် နေသော်လည်း နေရောင်အောက်တွင် စိန်ပွင့်ကဲ့သို့ တလက်လက် တောက်ပနေသော သူ့ခေါင်းပြောင်က သူ့အား ရှိရင်းစွဲ အသက်အရွယ်ထက် ဆယ်နှစ်ခန့် ပိုကြီး သွားစေသည်။

 

သူ့ပုံစံကို ကြည့်လျှင် သမီးဖြစ်သူ မူကြိုစတက်နေသော ဦးလေးအရွယ်ဟု မထင်ရပဲ သနားစရာ ကောင်းသော လူလတ်ပိုင်း အရွယ်ဟု ထင်ရသည်။

 

လျှို့ကြီးသည် ဇနီးဖြစ်သူအား စောစောစီးစီး လက်ထပ် လိုက်ရသည့်အတွက် အလွန် ကျေးဇူးတင်သင့်ကြောင်း၊ မဟုတ်ရင် ယခုအချိန်တွင် သူမကဲ့သို့ ဇနီးမယားမျိုးကိုပင် ရနိုင်မည် မဟုတ်ကြောင်း စသည်ဖြင့် မထီမဲ့မြင်ပြုသော မှတ်ချက်များကို မကြာခဏ လက်ခံရရှိ‌လေ့ ရှိသည်။

 

လွန်ခဲ့သည့် နှစ်ရက်က သူ အလုပ်မဆင်းခင် ကုမ္ပဏီက အရေးပေါ် လုပ်ငန်းတာဝန် တစ်ရပ်ကို ရုတ်တရတ် ထုတ်ပြန်ခဲ့ပြီး သူတို့သူဌေးရဲ့ အနာဂတ် ဇနီးသည်ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုတွင် ပြဿနာ ရှာသူများကို ဘလော့ခ်ပြီး နာမည်ပျက်စာရင်း သွင်းရန်၊ သူတို့ရဲ့ အိုင်ပီလိပ်စာများကို ရှာဖွေပြီး သူတို့ကို အလုပ်အပ်သည့် အလုပ်ရှင်နှင့် သူတို့အကြား ငွေလွှဲပြေစာများနှင့် အခြား ဆက်စပ်မှုရှိသည့် စကားပြော မတ်ဆေ့ချ်များကို ရှာဖွေစေခဲ့သည်။

 

လျှို့ကြီးသည် သူ၏ တောက်ပြောင်နေသော ထိပ်ပြောင်ပြောင်ကို ပွတ်သပ်ကာ အချိန်ပိုဆင်းရန် စေခိုင်းမှုအပေါ် အနည်းငယ် တွန့်ဆုတ် သွားမိသော်လည်း အချိန်ပိုကြေး ပမာဏကို တွေးလိုက်မိသောအခါ အနည်းငယ် စိတ်လှုပ်ရှား သွားသည်။

 

သူ့အဖိုးတန် မင်းသမီးလေးက မူကြိုစတက်နေပြီး ကုန်ကျစရိတ်တွေ များလာမယ် ဆိုတော့ တတ်နိုင်သလောက် ပိုက်ဆံ ရှာထားရမည် ထင်သည်။ သူ့မှာ မိန်းမနှင့် ကလေး ရှိနေပြီ ဆိုတော့ ထိပ်ပြောင်သည်မှာ အရေးမကြီးတော့ပေ။

 

ထိုကဲ့သို့သော အတွေးမျိုးဖြင့် လျှို့ကြီးသည် သူ၏ အစွမ်းကို သုံးကာ အကောင့်များစွာကို နာမည်ပျက်စာရင်း သွင်းခဲ့ရုံသာမက အလုပ်ရှင်၏ စေခိုင်းမှုကို တုံ့ပြန်ခဲ့ပြီး သူ့ဇနီး၊ သူတို့၏ ဆွေမျိုးတို့၏ နာမည်များဖြင့် မှတ်ပုံတင်ခဲ့ကာ သူ့သူဌေး၏ အနာဂတ်ဇနီးသည် တိုက်ရိုက် ထုတ်လွှင့်မှု ပလက်ဖောင်းတွင် စာရင်းပေးသွင်းကာ တိုက်ရိုက် ကြည့်ရှု အားပေးသည့် ပရိသတ်တစ်ဦး ဖြစ်လာခဲ့သည်။

 

လျှို့ကြီးသည် ငယ်ရွယ်စဉ် ကတည်းက ထိပ်ပြောင် နေခြင်းအတွက် ကောင်းကင်ဘုံက သနားကရုဏာ သက်ပုံပေါ်သည်။ တင်ဆက်သူက ကံထူးရှင်နှင့် လိုက်ဖက်ညီမည့် စိတ်ကြိုက် ပြုလုပ်ထားသည့် ဆေးဖက်ဝင် ဟင်းလျာကို တိုက်ရိုက် ထုတ်လွှင့်မှု အခန်းမှ ကံထူးရှင် ပရိသတ် တစ်ဦးကို ရွေးချယ်မည် ဖြစ်ကြောင်း ကြော်ငြာခဲ့သည်။

 

ဖြစ်ချင်တော့ သူ့အကောင့်က ကံစမ်းမဲ မပေါက်ခဲ့သော်လည်း သူ့ဇနီးသည်၏ အကောင့်က ရွေးချယ်ခံခဲ့ရသည်။

 

လျှို့ကြီးသည် သူ့မျက်လုံးကိုပင် မယုံနိုင် ဖြစ်ခဲ့ရသည်။ လွန်ခဲ့သည့် နှစ်ပေါင်း သုံးဆယ်လုံးလုံး မည်သည့် ကံစမ်းမဲ မည်သည့်ဆုကိုမျှ မဆွတ်ခူး နိုင်ခဲ့သော်လည်း နောက်ဆုံးတွင် ဒီတိုက်ရိုက် ထုတ်လွှင့်မှုမှာ ကံထူးရှင် ဖြစ်လာခဲ့သည်။

 

ဘယ်လောက် ကံကောင်း လိုက်သလဲ ...

 

အဟွတ်... အဟွတ်...

 

သူ့ဇနီးသည်၏ အကောင့်က သူနှင့် သက်ဆိုင်သည်မို့ ဒီကံစမ်းမဲ ပေါက်ခြင်းကလည်း သူနှင့် သက်ဆိုင်သည်။ ဒီလောဂျစ်က ဘာမှ မမှားပေ။

 

ရွှင်မြူး တက်ကြွပြီးနောက် လျှို့ကြီးသည် အနည်းငယ် ရှုပ်ယှက်ခတ်ကာ သူ၏ ခေါင်းပြောင်နေသော ဓာတ်ပုံတစ်ပုံကို ပေးပို့ကာ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့သည်။

 

လျှို့ကြီးသည် သူ့ စိတ်ကြိုက် ပြုလုပ်ထားသည့် ဆေးဖက်ဝင် ဟင်းလျာကို တင်ဆက်သူမှ ပြင်ဆင် ချက်ပြုတ်နေသည့် တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုရန် အားခဲထားခဲ့သည်။

 

“လျှို့ကြီး၊ ညစာ စားချိန်ရောက်ပြီ။ မင်း အာဟာရ‌ ပျော်ရည် တစ်ခုခု သောက်ပြီး အစည်းအဝေးခန်း ဒါမှမဟုတ် တစ်နေရာရာမှာ ခဏတစ်ဖြုတ်လောက် ခဏ မမှေးချင်ဘူးလား။ နေ့လယ်ခင်းတုန်းက ပရောဂျက် အသစ်တစ်ခု လက်ခံ ရရှိခဲ့သေးတယ်၊ ငါတို့ ဒီညလည်း အချိန်ပို ထပ်ဆင်းရဦးမယ်လို့ ငါ ထင်တယ်”

 

 လျှို့ကြီး၏ ဘေးဖက်တွင် ထိုင်နေသော လုပ်ဖော်ကိုင်ဖက်က အနားယူချိန် ရောက်နေသော်လည်း လျှို့ကြီးက သူ့ထိုင်ခုံတွင် မလှုပ်မယှက် ထိုင်နေသည်ကို မြင်လိုက်ရချိန်တွင် စေတနာဖြင့် အကြံဉာဏ်အချို့ ပေးလိုက်သည်။

 

လျှို့ကြီးက အားတင်း ပြုံးပြလိုက်သည်။

 

“မင်း အရင်သွားနှင့်လိုက်၊ ငါ့မှ လုပ်စရာအချို့ ကျန်သေးတယ်၊ ဒါ့ကြောင့် ငါ ခဏနေရင် လိုက်လာခဲ့မယ်”

 

“ဒါဆို ငါ အရင် သွားနှင့်လိုက်မယ်”

 

အဆိုပါ သူ့လုပ်ဖော်ကိုင်ဖက် ထွက်ခွာ သွားပြီးနောက် အခြား လုပ်ဖော်ကိုင်ဖက်တွေကလည်း အလီလီ ထွက်ခွာသွားခဲ့ကာ လျှို့ကြီး တစ်ဦးတည်း ရုံးခန်းထဲမှ ကျန်ခဲ့သည်။

 

ထိုအချိန်မှာပင် တက်ကြွ လန်းဆန်းသော အသံတစ်သံကို ကြားလိုက်ရသည်။

 

“ခွင့်ပြုပါဦး၊ ခင်ဗျားက မစ်စတာလျှို့ကြီးလား။ ခင်ဗျားရဲ့ အမှာစာကို လာပို့တာပါ”

 

လျှို့ကြီး၏ မျက်လုံးများ တောက်ပသွားပြီး လေအလျင်လို အမြန်ပြေးထွက် လာခဲ့သည်။

 

သူက ယန်းမောင်ဝ်ဟွားကဲ စွပ်ပြုတ် ပန်းကန်လုံး သေးသေးလေးကို ရတနာတစ်ပါးလို ဆုပ်ကိုင်ထားပြီး ပါးစပ်အပြည့် မော့သောက်လိုက်ရာ ခဏလေး အတွင်းမှာပင် စွပ်ပြုတ် အကုန်လုံး ကုန်သွားခဲ့သည်။

 

လျှို့ကြီးသည် စွပ်ပြုတ် သောက်ပြီးတာနဲ့ သူ့နှုတ်ခမ်းကို သပ်လိုက်ပြီး သူ ဒီထက် ပိုသောက် ချင်နေသေးတယ်လို့ ခံစားလိုက်ရသည်။

 

စွပ်ပြုတ်အရသာကို မြည်းစမ်း ကြည့်ပြီးနောက် သူ့ခေါင်းပြောင်ပြောင်ကို ထိတွေ့ကြည့်လိုက်ပြီး ချောမွေ့နေသော ခံစားချက်က သူ့ကို မိတ်ဆက်လိုက်သည်။ သူ အနည်းငယ် စိတ်ပျက်သွားသလို ခံစား လိုက်ရသော်လည်း သူလည်း ဒါကို မျှော်လင့်ထားသည်။

 

“စွပ်ပြုတ်သောက်ပြီး ဆံပင်ပေါက်ဖို့ ဘယ်လောက် ကြာနိုင်မလဲ။ ဟင်း... ငါ အရမ်း တွေးနေမိတာပဲ။ ဒါပေမယ့် ဒီစွပ်ပြုတ်က တော်တော်လေး သောက်ကောင်းတယ်၊ ဒါ့ကြောင့် ဒါက ငါ့အတွက် အပိုဆုတစ်ခုလို့ ယူဆလို့ရနိုင်တယ်”

***