သေအောင် ရိုက်နှက် ခံရလိမ့်မည်
သူ့စိတ်အခြေအနေကို ချိန်ညှိပြီးနောက် လျှို့ကြီးသည်
ဒီကိစ္စကို သူ့ခေါင်းထဲမှ ထုတ်ထားလိုက်ပြီး ဒါကို မေ့လျော့ သွားခဲ့သည်။ သူက ဒါကို နည်းနည်းမှ
သတိမထားမိပေမယ့် နောက်နေ့တွေမှာ ပြောင်းလဲမှုတွေ စတင် ဖြစ်ပေါ်လာခဲ့သည်။
“အဲ့တာ ဘာလဲ”
လျှို့ကြီးသည် သူ့ခေါင်းကို မော့ကြည့်လိုက်တော့
သူ့ဇနီးသည်၏ အံ့သြ တုန်လှုပ်နေသော အကြည့်တွေကို တွေ့လိုက်ရသည်။
“ရှင့်ခေါင်းက...”
“ကိုယ့်ခေါင်းလား”
လျှို့ကြီးဟာ စိတ်ရှုပ်ထွေး သွားသည်။ မနေ့က သူ သောက်သုံးခဲ့တဲ့
စွပ်ပြုတ် အကြောင်းကို တွေးပြီး ညတွင်းချင်း ဆံပင်တွေ ပြန်ပေါက် လာတယ်လို့ ထင်ခဲ့သည်။
သူ့ခေါင်းကို စိတ်လှုပ်ရှားစွာနဲ့ ထိတွေ့ကြည့်တော့ ဘာမှ မပြောင်းလဲပဲ ယခင်အတိုင်း ရှိနေဆဲပင်။
လျှို့ကြီး “...”
လျှို့ကြီး၏ ဇနီးသည်က မျက်တောင် ပုတ်ခတ်ပုတ်ခတ်
လုပ်လိုက်မိသော်လည်း ထိုအရာက မဖြစ်နိုင်ဟု တွေးလိုက်မိသည်။ သူမက ကိုးရိုးကားရား ချောင်းဆိုးလိုက်ပြီး
ပြောလိုက်သည်။
“ကျွန်မ စိတ်ထင်တာ ဖြစ်နိုင်ပေမယ့် ရှင့်ရဲ့
ဦးခေါင်းပေါ်က ပြောင်နေတဲ့ နေရာတွေက နည်းနည်း နက်မှောင် သွားသလိုပဲ ခံစားလိုက်ရတယ်”
လျှို့ကြီး၏ စိတ်ခံစားချက်များသည် ရိုလာကိုစတာ
စီးနေသကဲ့သို့ တက်လိုက် ကျလိုက် ခံစားလိုက်ရသည်။ သူ ဒီကိစ္စကို စိတ်မဝင်စားတော့ပဲ စိတ်ပျက်လက်ပျက်ဖြင့်
ကုမ္ပဏီသို့ အလုပ်တက်ခဲ့သည်။
ဒီကိစ္စတွေက ပြီးသွားပြီလို့ သူ ထင်ခဲ့ပေမယ့်
လာမယ့်ရက် အနည်းငယ် အတွင်းမှာတော့ သူ၏ ပြောင်နေသော ခေါင်းရဲ့ အနေအထားက တဖြည်းဖြည်း
ပြောင်းလဲ လာလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။
ငါးရက်မြောက်နေ့ မနက်ခင်းမှာတော့ သူ၏ ပြောင်လက်နေသော
ဦးခေါင်းပေါ်မှ ဧရိယာက ဆံပင်တွေ စပေါက် လာခဲ့သည်။
“သေစမ်း... ငါ့ခေါင်းမှာ ဆံပင်တွေ စပေါက်လာပြီ၊
ဒါက တကယ့်ကို ဆံပင်ပြန်ပေါက် လာတာပဲ”
လျှို့ကြီးသည် မှန်ကြည့်ကာ သူ့ခေါင်းပေါ်ရှိ
အပြောင်းအလဲကို မြင်လိုက်သည်နှင့် မျက်ရည်များ ပြည့်နှက် လာကာ အနီးအနားရှိ တံခါးအပြင်ဘက်သို့
ပြေးထွက်ကာ ကမ္ဘာလုံး ကြားသိအောင် ကြေညာလိုက်သည်... နောက်ဆုံး၌ သူ့မှာ ဆံပင်တွေ ပြန်ပေါက်လာခဲ့ပြီ။
သို့သော် မျက်စိမြင်သည့်သူတိုင်း သူ့ခေါင်းပေါ်က
အပြောင်းအလဲကို ရှင်းရှင်းလင်းလင်း မြင်တွေ့ လိုက်ရသောကြောင့် ဒီကြေညာချက်ကို ကမ္ဘာသိအောင်
ထုတ်ပြန် ကြော်ငြာဖို့ပင် မလိုအပ်ပေ။
လျှို့ကြီးသည် ဒါနှင့် ပတ်သက်၍ ဘာမှ မပြောခဲ့ပေမယ့်
သူ့စိတ်ထဲမှာ ထိပ်ပြောင် နေသဖြင့် အားငယ်စိတ် အများကြီး ဝင်ခဲ့သည်။ ပုံမှန်အားဖြင့်
သူ အပြင်မထွက်ခင်မှာ ဆံပင်တုကို ဝတ်ဆင်ခဲ့ရသည်။
ဒီနေ့မှာတော့ သူက ဆံပင်တု မဝတ်ဆင်ပဲ သူ၏
ထိပ်ပြောင်ပြောင်ကို လူအများမြင်အောင် ပွင့်ပွင့်လင်းလင်း ချပြခဲ့သည်။
မဟုတ်ဘူး၊ အဲ့ဒီနေရာက မပြောင်တော့ဘူး။ သိပ်မကြာခင်
အချိန်အတွင်းမှာပင် ထိုပြောင်နေသည့် နေရာက ပေါက်ကာစ ဆံပင်တွေ ပြည့်နှက်နေခဲ့ပြီ။
နည်းပညာဌာန၏ ‘ခေါင်းပြောင်ဘော့စ်’ နာမည်ကို
ပိုင်ဆိုင်ထားသော လျှို့ကြီးသည် ဆံပင် ပြန်ပေါက်လာခဲ့ပြီ။
ဒီသတင်းဟာ နည်းပညာဌာန တစ်ခုလုံးနှင့် ကုမ္ပဏီတစ်ခုလုံးကို
ပွက်လောရိုက် သွားခဲ့ကာ တစ်ကုမ္ပဏီလုံး သိရှိသွားခဲ့ကြသည်။
ဒီနေ့ခေတ် ပရိုဂရမ်မာတွေ အကြောက်ဆုံးက ဘာလဲ။
ထိပ်ပြောင်တာပဲ မဟုတ်လား။
ဦးခေါင်းပေါ်ရှိ ပြောင်နေသည့် ဧရိယာသည်
သူတို့အတွက် အရှက်ရဆုံးဖြစ်ပြီး အထူးသဖြင့် သူ့ပတ်ပတ်လည်ရှိ ဆံပင်တွေက နဂိုအတိုင်း
ရှိနေကာ အလယ်နေရာက ဥတစ်လုံးလို ပြောင်နေတာပဲ ဖြစ်သည်။ ဒီအရာက တစ်ခေါင်းလုံး ပြောင်နေတာထက်
ပိုရှက်စရာ ကောင်းသည်။
အရင်ကတော့ ဒါကို လက်ခံပြီး အတူတူ ထိပ်ပြောင်နေသည့်
အတိုင်းပဲ ရှိနေကြရန် ကတိထားခဲ့ကြသော်လည်း တစ်ဖက်ကတော့ ဒါကို ဘေးဖယ်ပြီး ဆံပင် ပြန်ပေါက်ဖို့
တိတ်တိတ်လေး ကြိုးပမ်းခဲ့သည်။
လျှို့ကြီးသည် နည်းပညာဌာနရှိ အခြားသော ပရိုဂရမ်မာများ၏
အာရုံစူးစိုက်မှုကို မလွှဲမရှောင်သာ လက်ခံ ရရှိခဲ့သည်။ သူ အလုပ်ရောက်သည်နှင့် ဒီကိစ္စနဲ့
ပတ်သက်ပြီး မေးခွန်းတွေနဲ့ မှတ်ချက် များစွာကို လက်ခံရရှိခဲ့သည်။
လျှို့ကြီးသည် ကုမ္ပဏီမှာ အလုပ်စဝင်ချိန်မှစ၍
ကြယ်ပွင့်တစ်ပွင့်နှင့် တူသော အာရုံစူးစိုက်မှုကို ပထမဆုံးအကြိမ် လက်ခံရရှိခဲ့ပြီး
သူက ဒီအကြောင်းရဲ့ လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားခြင်း မရှိပေ။
သူက သူတို့သူဌေးရဲ့ အနာဂတ် ဇနီးသည်ရဲ့ တိုက်ရိုက်
ထုတ်လွှင့်မှုမှ ကံစမ်းမဲ အစီအစဉ်တွင် ကံထူးရှင် ဖြစ်လာခဲ့ပြီး ကံစမ်းမဲပေါက်သည့် ဆေးဖက်ဝင်
စွပ်ပြုတ်တစ်ခွက်ကို သောက်သုံးပြီးနောက် ရက်အနည်းငယ် အကြာတွင် ဆံပင်တွေ ပြန်ပေါက်လာပုံကို
သေသေချာချာ ရှင်းပြပြောဆိုခဲ့သည်။
ဒီဇာတ်လမ်းကို နားဆင်လိုက်ရသည့် လူတွေက
တစ်ယောက်ကို တစ်ယောက် မယုံကြည်နိုင်သလို ကြည့်ရှုမိပြီးနောက် တစ်ယောက်က ရုတ်တရက် ထပြောလိုက်သည်။
“ဥက္ကဌယုက ငါတို့ကို သူဌေးကတော်ရဲ့ ဆေးဖက်ဝင်
ဟင်းလျာတွေကို ရရှိအောင် ကူညီပေးနိုင်တယ်လို့ ငါတို့ကို သိပ်မကြာသေးခင်က ပြောခဲ့သေးတယ်
မဟုတ်လား... ဝန်ထမ်းတွေအတွက် အကျိုးခံစားခွင့်ဆိုပြီး ပြောခဲ့တာ မဟုတ်လား”
ဒီစကားကို ပြောလိုက်သည်နှင့် နည်းပညာဌာန
တစ်ခုလုံး ပေါက်ကွဲ သွားခဲ့ကြသည်။
ထို့ကြောင့် ထိုနေ့ မွန်းလွဲပိုင်းတွင်
ယုကျစ်ယန်သည် ကျိုးယန်ပိုင်သို့ လုပ်ငန်းတာဝန် လွှဲပြောင်းပေးရန် ချန်းယွမ်သို့ သွားသော
အခါတွင် ဂရိုဂရမ်မာ တော်တော်များများ၏ ပြင်းပြစွာ စိုက်ကြည့်နေသော အကြည့်များဖြင့်
ထိပ်တိုက် ရင်ဆိုင်တွေ့ကြုံခဲ့ရသည်။
“ဥက္ကဌယု၊ ဝန်ထမ်း အကျိုးခံစားခွင့်အဖြစ်
ဆေးကုသမှု ခံယူနိုင်ဖို့ သူဌေးကတော်ဆီ တင်ပြခွင့်ရအောင် ကူညီပေးနိုင်တယ်လို့ ဥက္ကဌယု
ပြောခဲ့တယ် မဟုတ်လား။ အဲ့ဒီစကားက အခုထိ အကျုံးဝင်သေးရဲ့လား”
ယုကျစ်ယန်က ခဏတာမျှ အံ့အားသင့် သွားပြီး
အားတောင့်အားနာ ဖြစ်သွားသည့်ဟန် ပေါ်သည်။
အခု နာမည်ကြီးနေသည့် အစားအသောက်ကဏ္ဍမှ တင်ဆက်သူက
သူတို့ရဲ့ အနာဂတ် သူဌေးကတော် ဖြစ်တယ် ဆိုတာကို သူ့သူဌေးက လျှို့ဝှက်ထားဆဲ ဖြစ်တာကို
သူက မသိလိုက်ပဲ ပြောလိုက်မိခြင်း ဖြစ်သည်။ ထို့ကြောင့် ဒီကိစ္စကို အောင်မြင်ရန် စွမ်းဆောင်နိုင်ဖို့ဆိုတာ
အခက်အခဲတစ်ခု ဖြစ်နိုင်သည်။
သို့သော် သူ့ပတ်ဝန်းကျင်ရှိ လူများ၏ စူးစူးဝါးဝါး
အကြည့်တွေကို ရင်ဆိုင် လိုက်ရသော အခါတွင် ယုကျစ်ယန်က သူသာ မရဘူးလို့ ပြောလိုက်ရင် သူ့ကို
နေရာ၌ပင် ဝိုင်းရိုက်လိမ့်မည်ဟု ခံစားလိုက်ရသည်။
***