အပိုင်း ၂၀၆
Viewers 1k

အခန်း (၂၀၆)

 ယို့ညီအစ်မများ

 

ရှားကျွင်းရှန့်၏ အမေးကို စုယန်ယန်က ချက်ချင်း ပြန်မဖြေခဲ့ပဲ ဗီဒီယိုကိုသာ အရင်ကြည့်ရန် လှုံ့ဆော်ခဲ့သည်။

 

ဗီဒီယိုအစတွင် မိန်းကလေး တစ်ဦးက အခြားမိန်းကလေး တစ်ဦးဆီသို့ ပြေးသွားကာ နှစ်ယောက်သား စကားအနည်းငယ ်ပြောပြီးနောက် တစ်ယောက်ကို တစ်ယောက်ကို တွန်းထုတ် လိုက်ကြသည်။

 

သူတို့၏ လှုပ်ရှားမှုက သိပ်မကြီးပဲ နှစ်ယောက်သား စကားများ ရန်ဖြစ်နေရုံသာ ဖြစ်ပြီး အနည်းငယ် စိုးရိမ်ကြောင့်ကြလျက် ရှိနေပုံရသည်။

 

အဲ့ဒီ နောက်မှာတော့ ဘေးဘက်မှာ ရပ်ကြည့်နေသည့် မိန်းကလေး အချို့က သူတို့ကို ဝင်ရောက် ဖျန်ဖြေပေးရန် ကြိုးစားကြသည်။ အဲ့ဒီအချိန်မှာ စင်မြင့်ပေါ်မှာ နောက်ကျောပေး ရှိနေသည့် မိန်းကလေး တစ်ယောက်မှာ ရုတ်တရက် စင်မြင့်ပေါ်မှ ပြုတ်ကျသွားခဲ့သည်။

 

ထို့နောက် စောစောက သူမဆီသို့ ပြေးလွှား စကားများနေသော မိန်းကလေးပါ ခြေလှမ်း ကတိမ်းကပါး ဖြစ်ကာ သူမနှင့်အတူ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။

 

ကံကောင်း ထောက်မစွာဖြင့် သူမသည် အလွန် အရေးကြီးသည့် အခိုက်အတန့်တွင် သူမကိုယ်သူမ အရှိန် ထိန်းလိုက်နိုင်ပြီး သူမ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မလုပ်နိုင်မီ ရှေ့နောက် ယိမ်းထိုး နေခဲ့သည်။

 

“သူမရဲ့ လှုပ်ရှားမှုကို ကြည့်ရင် သူမက တစ်ယောက်ယောက်ကို တွန်းလိုက်သလို မဟုတ်ပေမယ့် သူမက ယိုယွီရှစ်နဲ့ တွန်းလိုက်မိသလို ဖြစ်သွားပုံ ရတယ်”

 

ရှားကျွင်းရှန့်က ခေါင်းညိတ်သည်။ “ဒါရဲ့ နောက်မှာ အပိုင်းတိုတစ်ခု ထပ်ရှိသေးတယ်၊ အဲ့တာကို တခြားကင်မရာနဲ့ ရိုက်မိထားတာ”

 

စုယန်ယန်သည် သူ့စကားကို ကြားပြီးနောက် ဗီဒီယိုကို ဆက်လက် ကြည့်ရှုခဲ့သည်။ သေချာတာပေါ့၊ တခြား ရှုထောင့်ကနေ၊ ကောင်မလေးတွေက သူတို့နှစ်ယောက်ကို ဆွဲခွာဖို့ ပြေးလာတဲ့အခါမှာ စစ်မုန့်ယွီရဲ့ အနောက်မှ ရပ်နေတဲ့ ဝမ်ကျင့်ဖျင်ကို သူမ မြင်တွေ့လိုက်ရသည်။

 

“ဒီရှုထောင့်က ကင်မရာက ပုံရိပ်အများကြီး မဖမ်းယူနိုင်တာ သနားစရာပဲ။ အဲ့ဒီအချိန် အနီးအနားမှာ လူတွေ အများကြီး ရှိနေခဲ့ပြီး အခြေခံအားဖြင့် သူမကို အဲ့ဒီမြင်ကွင်းမှ ပိတ်ဆို့ထားသလို ဖြစ်နေတယ်။ ဒီဗီဒီယိုကို ထုတ်လွှင့် လိုက်ရင်တောင် လူတွေက သူမကို တွန်းထုတ်တယ်လို့ပဲ ပြောကြလိမ့်မယ်။ ငါတို့ သူမအတွက် ဘာမှ လုပ်မပေးနိုင်ဘူး”

 

“ညီမတို့ သူမကို ပြဿနာရှာဖို့ ဘာဖြစ်လို့ ဒီလောက် အင်အားစိုက်ထုတ် နေရမှာလဲ။ အရေးကြီးတာက ဒီကိစ္စနဲ့ သက်ဆိုင်သူက သူမကို အပြစ်ရှာဖို့ ဆန္ဒရှိ မရှိပဲလေ”

 

“ဒီကိစ္စနဲ့ သက်ဆိုင်သူလား”

 

စုယန်ယန်က သူ့ကို ထပ်ပြီး ရှင်းပြမနေတော့ဘူး။ သူမက ပရိုဂျက်တာကို ဘေးဖယ်ပြီး မေးမြန်းသည်။

 

“ယိုယွီရှစ်က ဘယ်မှာလဲ။ သူမက ဘယ်နေရာမှာ ဆေးရုံတက်နေတာလဲ”

 

“သူမက အပေါ်ထပ်မှာ” ရှားကျွင်းရှန့်သည် စုယန်ယန်အနားသို့ ကပ်လာပြီး အသံတိုးတိုးဖြင့် သတိပေးသည်။

 

“အခုပဲ ယိုယွီရှစ်ရဲ့ အေးဂျင့်က အစ်ကို့ကို ဖုန်းဆက်တယ်၊ အပေါ်မှာ ယိုယွီရှစ်တို့ မိသားစု ရောက်နေတယ်တဲ့။ အပေါ်ထပ်မှာ လူတွေ အများကြီး ရှိနေလိမ့်မယ်...”

 

“ဒါက ပိုမကောင်းဘူးလား။ အထွေထွေ မန်နေဂျာယို့ကို အတူတူ သွားတွေ့ရအောင်”

 

စုယန်ယန်က လုံးဝ မကြောက်တာကို မြင်တော့ ရှားကျွင်းရှန့်ဟာ သက်သောင့်သက်သာနှင့် အပေါ်ထပ်သို့ သူမ အနောက်မှ လိုက်ပါသွားခဲ့သည်။

 

ရှားကျွင်းရှန့် ပြောသည့်အတိုင်း ယို့ကျင်းယွီ ရောက်နေခဲ့သည်။ တတိယထပ်နှင့် စတုတ္ထထပ်ရှိ လှေကားတစ်လျှောက် အနက်ရောင်ဝတ် သက်တော်စောင့် အများအပြား စောင့်ကြပ်နေပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချဉ်းကပ်ခွင့်မပြုခဲ့ပေ။

 

စုယန်ယန်က သူတို့က သူမကို တားမြစ်လိုက်သည့် အခါမှာ အထိတ်တလန့် မဖြစ်ပဲ သူမကို လမ်းဖယ်ပေးဖို့ကိုသာ ပြောခဲ့သည်။

 

“ကျွန်မက စုယန်ယန်ပါ၊ တုန်ချမ်း အင်တာတိန်းမန့်ရဲ့ လက်ရှိ အထွေထွေ မန်နေဂျာပါ။ ကျွန်မတို့ ကုမ္ပဏီရဲ့ အနုပညာရှင် ယို့ယွီရှစ်က ဒဏ်ရာရပြီး ဆေးရုံတက် နေရတယ် ဆိုတော့ ကျွန်မ သူမကို ကိုယ်တိုင်ကိုယ်ကျ သတင်းမေးဖို့ ရောက်လာတာပါ”

 

အနက်ရောင်ဝတ် သက်တော်စောင့်များ တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း စကားပြော လိုက်ကြပြီး သူတို့ထဲမှ တစ်ယောက် တတိယထပ်ရှိ ဆေးရုံခန်း တစ်ခုထဲသို့ အပြေးအလွှား ဝင်သွားပြန်သည်။

 

“စုမိန်းကလေးကို ကျွန်တော်တို့ရဲ့ အကြီးဆုံး သခင်မလေးက ဖိတ်ခေါ် လိုက်ပါတယ်”

 

“ကျေးဇူးပါ” သက်တော်စောင့်တွေ လမ်းဖယ် ပေးလိုက်သည်နှင့် စုယန်ယန်ကို ရှားကျွင်းရှန့်ကို ခေါ်ပြီး ဆေးရုံ သီးသန့်ခန်းထဲသို့ ဝင်သွားခဲ့ပြီး နောက်ဆုံး၌ နာမည် ကျော်ကြားသည့် အကြီးဆုံး သခင်မလေးယို့ကို ထိုဆေးရုံခန်းထဲမှာ မြင်တွေ့လိုက်ရသည်။

 

ယိုကျင်းယွီသည် ပရော်ဖက်ရှင်နယ် နေဗီပြာရောင် ရုံးဝတ်စုံကို ဝတ်ဆင်ထားပြီး အရည်အချင်းရှိပြီး လေးနက်ပုံ ပေါက်သည်။ လူတွေက သူမကို မြင်လိုက်တာနဲ့ နက်နက်ရှိုင်းရှိုင်း စွဲမှတ်သွားကြပြီး မေ့ပစ်ချင်သော်လည်း မေ့မရနိုင်မည့်ပုံ ပေါ်သည်။

 

ဒီအချိန် ယိုကျင်းယွီရဲ့ စိတ်မကြည်မသာ ဖြစ်နေသော အမူအရာဟာ သူမ ညီမလေး ထိခိုက်ဒဏ်ရာ ရရှိသွားတာကြောင့် ဖြစ်နိုင်သည်။

 

တံခါးဖွင့်သံကို ကြားလိုက်သည်နှင့် သူမသည် အေးစက်နေသော အကြည့်စူးစူးဖြင့် ပစ်ခွင်းလိုက်ရာ စုယန်ယန်နှင့် ရှားကျွင်းရှန့်တို့ကို အေးခဲလုနီးပါး ဖြစ်သွားစေသည်။

 

စုယန်ယန်က အနည်းငယ် ထိတ်လန့်သွားပြီး ခြေထောက်တစ်ဖက် ထိခိုက်ဒဏ်ရာ ရနေသော ခုတင်ပေါ်မှ ကောင်မလေးကို အာရုံမစိုက်မီ သူမကို အပေါ် အောက် လေ့လာကြည့်မိသည်။

 

သူမတို့သည် သွေးရင်းညီအစ်မများ ဖြစ်ကြသော်လည်း ယိုယွီရှစ်သည် သူမအစ်မ ဖြစ်သူနှင့် အသွင်အပြင်၊ အရှိန်အဝါတို့က လုံးဝ ကွဲပြားခြားနားသည်။

 

အကယ်၍ ယိုကျင်းယွီက ချောက်ကမ်းပါးပေါ်တွင် ပေါက်ရောက်ပြီး လှပသော်လည်း ချဉ်းကပ် မရနိုင်သည့် ဆောင်းရာသီ ဇီးပန်းပွင့်လေး ဆိုရင် ယိုယွီရှစ်ကတော့ ဆူးနှင်းဆီလို လှပပြီး ရင်ခုန်စေလောက်ပေမယ့် ဆူးများဖြင့် ဖုံးလွှမ်းထားသည်။

***