ယုန်ဖြူလေးနှင့် ရဲရဲတောက် ခြင်္သေ့မ
ညီအစ်မ နှစ်ယောက်အပြင် ကုတင်၏ တစ်ဖက်ခြမ်းတွင်
ယိုယွီရှစ်ထက် ငယ်သော မိန်းကလေးတစ်ဦး ရပ်နေခဲ့သည်။ သူမ၏ မျက်ဝန်းများက နီရဲနေပြီး ယုန်ဖြူလေး
တစ်ကောင်နှင့် တူသည်။
စုယန်ယန်သည် သူမ ဒီကို မလာမီ ကုမ္ပဏီမှ
ပြုစုထားသော အနုပညာရှင်များ၏ အချက်အလက်တွေကို ဖတ်ရှုခဲ့ပြီး ဒီကောင်မလေးဟာ ဝမ်ကျင့်ဖျင်
အစီအစဉ်သို့ ဖြတ်လမ်းနည်းဖြင့် ပြန်လည် ဝင်ရောက် လာသောကြောင့် ထုတ်ပယ် ခံလိုက်ရသည့်
ကံဆိုးသူမလေး ယွင်လောင်ရှန်း ဖြစ်မှန်း မြင်လိုက်သည်နှင့် သိရှိခဲ့သည်။
အချက်အလက်တွေအရ ဒီကောင်မလေးဟာ ဒီအစီအစဉ်တွင်
အသက်အငယ်ဆုံး ပြိုင်ပွဲဝင်ဖြစ်ပြီး သူမသည် တခြားပြိုင်ပွဲဝင်တွေထက် နုပျိုပြီး သိမ်မွေ့သည့်
စိတ်နေစိတ်ထားကြောင့် သူမမှာ အနိုင်ကျင့်ဖို့ လွယ်ကူတဲ့ ပစ်မှတ်လေး ဖြစ်လာစေခဲ့သည်။
စုယန်ယန်သည် သူမတို့ သုံးဦးကို တစ်ဦးချင်း
သေချာ ကြည့်ရှုပြီးနောက် နောက်ဆုံး၌ သူမ အကြည့်တွေကို ယို့ကျင်းယွီထံမှ ကျောက်ချလိုက်သည်။
“မင်္ဂလာပါ ဥက္ကဌယို့၊ ကျွန်မက တုန်ချမ်းအင်တာတိန်းမန့်ရဲ့
လက်ရှိ တာဝန်ခံပါ။ ကျွန်မရဲ့ မျိုးရိုးနာမည်က စုပါ”
ယိုကျင်းယွီက သူမကို လက်ဆွဲနှုတ်ဆက်ဖို့
ကမ်းလာသည့် စုယန်ယန် လက်ကို တစ်ချက်ကြည့်ပြီး မငြင်းဆန်ခဲ့ပေ။ ယိုကျင်းယွီက သူမလက်ကို
မြှောက်ပြီး စုယန်ယန်နှင့် လက်ဆွဲ နှုတ်ဆက်ခဲ့သည်။
“ဥက္ကဌစု၊ ကျွန်မ ရှင့်အကြောင်းကို ကြားဖူးပါတယ်”
“ယွီရှစ် အလုပ်မှာ ထိခိုက်ဒဏ်ရာ ရသွားတဲ့အတွက်
ကျွန်မ စိတ်မကောင်းပါဘူး”
ယိုကျင်းယွီသည် စုယန်ယန်နှင့် စကားအလှ တန်ဆာဆင်ပြီး
ပြောဖို့ စိတ်ဝင်စားပုံ မပေါ်ပဲ လိုရင်းကိုသာ တည့်တည့် သွားခဲ့သည်။
“စိတ်မကောင်းဘူးဆိုတော့ ဥက္ကဌစုက ဒီကိစ္စကို
ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်း ရှိလို့လား”
“ဒီကိစ္စအပေါ် ဥက္ကဌယို့ ဘယ်လို သဘောထားလဲ
ဆိုတဲ့ အပေါ်မှာ မူတည်တယ်။ ဒီကိစ္စကို ဥက္ကဌယို့က ဘယ်လိုဖြေရှင်းဖို့ ရည်ရွယ်ထားလဲ”
“ထုံးစံအတိုင်း ဒီလို ပြုလုပ်တဲ့သူကို သင်ခန်းစာ
ပေးရမှာပေါ့။ ဥက္ကဌစုမှာ တခြား အကြံပေးစရာများ ရှိသေးလို့လား”
“ဘယ်ရှိပါ့မလဲ။ ကျွန်မ စိတ်ကူးကလည်း ဥက္ကဌယို့နဲ့
အတူတူပါပဲ။ ဒါပေမယ့် ဒီလို မလုပ်ခင် ကျွန်မ ယိုယွီရှစ်ကို မေးခွန်း အနည်းငယ် မေးဖို့
လိုအပ်တယ်”
“ဘာမေးခွန်းတွေလဲ” ယိုယွီရှစ်က စုယန်ယန်ကို
စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့် လိုက်သည်။ သူမ အေးဂျင့်ထံမှ မကြာသေးမီက သူမတို့ ကုမ္ပဏီရဲ့
သူဌေး ပြောင်းသွားမှန်း ကြားသိခဲ့ရပြီး သူဌေးအသစ်မှာ အမျိုးသမီးတစ်ဦး ဖြစ်နေသေးသည်
ယိုယွီရှစ်က အဲ့ဒီ အကြောင်းကို ကြားတော့
ထိုသူဌေးမ အသစ်မှာ သူမအစ်မနှင့် သက်တူရွယ်တူ ဖြစ်ပြီး စွမ်းအားကြီးသည့် အမျိုးသမီး
ဖြစ်လိမ့်မယ်လို့ ထင်ခဲ့ပေမယ့် သူမ စိတ်ကူးထဲကအတိုင်း မဟုတ်ပဲ... သူမက အရမ်းငယ်နေသည်။
“အဲ့ဒီအချိန်တုန်းက ရှိနေတဲ့ လူတွေဆီကနေ
မင်းက တခြားသူတွေကို ဒုက္ခပေးဖို့ စင်ပေါ်ကို ပထမဆုံး တက်သွားတာလို့ ငါကြားတယ်”
ယိုယွီရှစ်ဟာ အနည်းငယ် အံ့သြသွားပြီး သူမကို
စိုက်ကြည့်နေသော သူမ အစ်မဖြစ်သူနှင့် သူဌေးကို ကြည့်လိုက်မိသည်။ သူမသည် အနည်းငယ် အပြစ်ရှိသလို
ခံစားလာရသောကြောင့် အံတင်းတင်းကြိတ်ပြီး ပြောပြခဲ့သည်။
“ဟုတ်တယ်၊ ပထမဆုံး ကျွန်မက သူမကို ဆူပူကြိမ်းမောင်းဖို့
သွားခဲ့တာပါ”
ယုယွီရှစ်က ထိုသို့ ပြောလိုက်သည်နှင့် စုယန်ယန်နှင့်
တခြားသူတွေက စကားပြောဖို့ အခွင့်အရေး မရလိုက်ပဲ ယွင်လောင်ရှန်း၏ ကြားဖြတ်ပြောတာကို
ခံလိုက်ရသည်။
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲ့တာ ကျွန်မ ကြောင့်ပါ။
အစ်မယွီရှစ် အပေါ်ကို ပြေးတက်သွားတာ ကျွန်မကြောင့်ပါ။ သူမက ကျွန်မကြောင့် ဒဏ်ရာ ရသွားတာပါ။
ရှင် တစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ် ဆိုရင် ကျွန်မကိုပဲ အပြစ်တင်လိုက်ပါ၊ ဒါပေမယ့်
ကျေးဇူးပြုပြီး အစ်မယွီရှစ်ကို အပြစ်မတင်လိုက်ပါနဲ့”
ယွင်လောင်ရှန်းက နောင်တ တကယ်ရသည်။ အကယ်၍
အဲ့ဒီ အချိန်ကသာ သူမ ယိုယွီရှစ်ကို ဆွဲထားနိုင်ရင် ဘာပြဿနာမှ ဖြစ်လာလိမ့်မည် မဟုတ်ပေ။
ယိုယွီရှစ်သည် သူမ၏ မျက်ရည် ပြည့်နေသည့်
မျက်နှာလေးကို ကြည့်ပြီး အံ့သြသွားမိသည်။ သူမက ကမန်းကတန်း ပြောလိုက်သည်။
“ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ။ ဒါက အစီအစဉ်
ရှိုးအဖွဲ့က လူတွေရဲ့ အမှားပဲ။ သူတို့က အနိုင်ကျင့် လွန်းတယ်။ မင်းက သူတို့ထက် အဆင့်သာ
နေတာကို မင်းကို သူတို့က ဆက်မနေစေပဲ ဘာဖြစ်လို့ ထုတ်ပယ်ဖို့ လုပ်ရတာလဲ”
“တကယ်လို့ ဆက်ရှိနေတဲ့ လူက မင်းနဲ့ အရည်အချင်းတူရင်
ငါ ဘာမှ မပြောဘူး။ ဒါပေမယ့် ဝမ်ကျင့်ဖျင်က မင်းလောက် မလှသလို သီချင်းဆိုတာလည်း မကောင်းဘူး။
သူမက ကြိုးကြိုးစားစား လုပ်ကိုင်နေတာကို ငါ မမြင်ဖူးဘူး။ သူမက သူမရဲ့ စွမ်းအင်တွေကို
ကောက်ကျစ်တဲ့ နည်းလမ်းတွေ အပေါ်မှာပဲ အားလုံး ဖြန်းတီး ပစ်လိုက်တယ်။၊ ဒီလိုလူမျိုးက
မင်းနေရာကို ဘယ်လိုလုပ်ပြီး သိမ်းပိုက် လိုက်နိုင်တာလဲ။ ဒါက မင်းနဲ့ မဆိုင်ဘူး။ ငါကိုယ်တိုင်က
မတရားတာကို လက်ပိုက်ကြည့် မနေနိုင်ဘူး”
ယွင်လောင်ရှန်းသည် သူမ၏ ပေါက်ကွဲသံကြောင့်
ထိတ်လန့်သွားပြီး ခဏအကြာမှာတော့ တုန်တုန်ယင်ယင်ဖြင့် သူမကို သတိပေးလိုက်သည်။
“အစ်မယွီရှစ်၊ အရမ်းစိတ်မဆိုးပါနဲ့။ မင်းဒဏ်ရာတွေကို
သတိထားပါဦး။ အခုနလေးကတင် မင်းကို ကြောက်စရာ ကောင်းတဲ့ ဆရာဝန်က မလှုပ်ရှားဖို့ ပြောခဲ့တယ်လေ၊
မင်း ဒီလိုသာ ဆက်လှုပ်ရှားနေရင် သူ မင်းကို ထပ်ကုသပေးတော့မှာ မဟုတ်ဘူး”
ယိုယွီရှစ် “…”
ဒီမြင်ကွင်းကို မြင်လိုက်ရသည့် စုယန်ယန်သည်
ဟက်ဟက်ပက်ပက် ရယ်မောလုနီးပါး ဖြစ်သွားခဲ့သည်။ ဒီကောင်မလေး နှစ်ယောက် ဘယ်လိုလုပ်ပြီး
ပေါင်းသင်း ဆက်ဆံမိကြတာလဲ။
တစ်ယောက်က သူမ သားပေါက်လေးကို စောင့်ကြပ်နေသော
ရဲရင့်သည့် ခြင်္သေ့မ တစ်ကောင်ဖြစ်ပြီး တစ်စုံတစ်ယောက်ကို မအော်ငေါက်ရဲဘူး။
နောက်တစ်ယောက်ကတော့ ယုန်ငယ်လေးလို ကိစ္စသေးသေးလေးကို
အရမ်း ကြောက်တတ်ပေမယ့် သူမဟာ ကြီးကျယ်ခမ်းနားတဲ့ ခြင်္သေ့ကို အနိုင်ပိုင်း နိုင်ခဲ့တယ်။
***