သူမက တကယ်ပဲ ငါ့အစ်မမှ ဟုတ်ရဲ့လား
ယိုယွီရှစ်၏ မျက်နှာ အမူအရာမှာ တင်းမာသွားသည်။
စုယန်ယန်သည် သူမစိတ်ကို နောက်တစ်ခါ ထပ်ဖတ်မိပြန်သည်။
ကြည့်ရတာ စုယန်ယန်မှာ သူမ၏ ရည်ရွယ်ချက်များအား ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ခဲ့တာကြောင့်
သူမ စိတ်မကောင်း ဖြစ်သွားပုံရသည်။
“ဖြစ်ကောင်း ဖြစ်နိုင်တာက၊ နင် ဒါကို လူတစ်ယောက်နဲ့
စကားစမြည် ပြောဆိုကြည့်ဖို့ ကြိုးစားနိုင်တယ်”
“ဘယ်သူလဲ”
စုယန်ယန်က ပရိုဂျက်တာကို ထုတ်ယူပြီး ဆေးရုံခန်းထဲရှိ
လူတွေကို အစောပိုင်းက ရှားကျွင်းရှန့် ပြင်ဆင်ထားသည့် စောင့်ကြည့် ဗီဒီယို မှတ်တမ်းကို
ပြသခဲ့သည်။
ယိုယွီရှစ် စင်ပေါ်မှ တွန်းချခံရသည့် မြင်ကွင်းကို
ပြန်လည် ကြည့်ရှုခဲ့ရပြီး အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရသည်။
ယိုကျင်းယွီသည် လူသတ်ချင်နေသည့် ပုံပေါ်သည်။
သူမက ဒေါသထွက် နေသော်လည်း တစ်ခုခု မှားယွင်းနေတယ် ဆိုတာကို ပထမဆုံး သတိပြုမိသည့် လူပင်။
“ဒီကောင်မလေး...” ယိုကျင်းယွီက ယိုယွီရှစ်
နှင့်အတူ တုန်ယင်နေပြီး ထွက်ကျနီးပါး ဖြစ်နေသည့် စစ်မုန့်ယွီကို ညွှန်ပြလိုက်သည်။
“အစ်မ၊ သူမက ညီမလေးကို စင်ပေါ်ကနေ တွန်းချလိုက်တဲ့
သူပဲ”
“ဒီလောက် လူတွေ အများကြီး ရှိနေတာ သူမမှန်း
နင်က ဘယ်လိုလုပ်ပြီး သေချာ သိနေရတာလဲ”
ယိုယွီရှစ်သည် အနည်းငယ် စိတ်မချမ်းသာစွာ
စူပုပ်သွားသည်။
“တခြား ဘယ်သူ ဖြစ်နိုင်လို့လဲ။ ငါ မပြုတ်ကျခင်တုန်းက
သူမက ငါနဲ့ စကားများ ရန်ဖြစ်နေတာလေ။ ငါ လဲကျသွားတော့ သူမ တစ်ယောက်တည်း ထွက်သွားခဲ့တာ။
ဒီလို တိုက်ဆိုင်မှုမျိုးက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
“သူမ နင့်နောက်မှာ ရပ်နေတာက တိုက်ဆိုင်မှုပဲ။
ဒါပေမယ့် သူမနောက်မှာ နောက်ထပ် ကောင်မလေး တစ်ယောက် ရပ်နေခဲ့တယ်”
ယိုယွီရှစ် ရင်နာသွားသည်။ သူမကို စင်ပေါ်မှ
ထွက်ကျ သွားစေတဲ့ အဓိက တရားခံက စစ်မုန့်ယွီနောက်မှာ ရပ်နေတဲ့... ဝမ်ကျင့်ဖျင်မှန်း
အခုမှ နားလည် သဘောပေါက် သွားခဲ့သည်။
စုယန်ယန်သည် ယန်ကျင်းယွီ မည်မျှ အမြင်စူးရှမှန်းကို
သိလိုက်ရသဖြင့် တိတ်တိတ်လေး သက်ပြင်း ခိုးချလိုက်သည်။ ဒီလို ဗီဒီယိုတိုလေးကို တစ်ကြိမ်
ကြည့်လိုက်ရုံဖြင့် အဲ့ဒီထဲမှာ မှားယွင်းနေသည့် သဲလွန်စလေးများကို ရှာတွေ့သွားခဲ့သည်။
“ဒါက တိုက်ဆိုင်မှု ဖြစ်ဖြစ် မဖြစ်ဖြစ်၊
နင် တစ်စုံတစ်ဦးကို လှမ်းခေါ်ပြီး သူမအကြောင်းကို မေးလိုက်ရင် အဲ့ဒီအဖြေကို သိရလိမ့်မယ်”
“ငါ ဘယ်သူ့ကို ခေါ်ရမှာလဲ”
စုယန်ယန်က သူမကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်ရင်း
ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။
“သူတို့နှစ်ဦးထဲက တစ်ယောက်ကို ရွေးပြီး
လှမ်းခေါ်ဖို့ဆိုရင် နင် ဘယ်သူ့ကို ခေါ်ချင်လဲ”
“ငါ...” ယိုယွီရှစ်က သူတို့နှစ်ယောက်ထဲမှ
တစ်ယောက်ကိုမျှ မတွေ့ချင်ဘူးလို့ ပြောချင်သည်။ သို့သော်၊ သူ သေချာစဉ်းစား ကြည့်ပြီးနောက်
သူမ အဖြေဟာ စိတ်မြန်လက်မြန် ရှိလွန်းတယ်လို့ ခံစားလိုက်ရသည်။
ခဏလောက် တွေးကြည့်ပြီးနောက် သူမသည် မကျေမနပ်ဖြင့်
အမှန်တရားကို ပြောလိုက်သည်။
“စစ်မုန့်ယွီ”
“ဒါက စိတ်ဝင်စားဖို့ ကောင်းတဲ့ ရွေးချယ်မှုပဲ၊
စစ်မုန့်ယွီက မင်းကို ဆေးရုံတက်ရအောင် လုပ်ထားပေမယ့် အခု မင်းကို ပိုယုံကြည်လို့ ရမယ့်သူကို
ရွေးချယ်ခိုင်းတော့ မင်းက သူမကို ရွေးချယ်လိုက်တယ်”
“အမှန်တိုင်း ပြောရရင်၊ ငါ့စိတ်ထင် သူမမှာ
မကောင်းတဲ့စိတ် သိပ်မရှိဘူး။ ဝမ်ကျင့်ဖျင် ကြောင့်သာ မဟုတ်ရင်...”
စုယန်ယန် ပြုံးလိုက်မိသည်။ ဒီကောင်မလေးက
စိတ်မြန်လက်မြန် ရှိပေမယ့် မမိုက်မဲဘူး။
ယိုကျင်းယွီက သူမတို့ နှစ်ယောက်ကြားက စကားဝိုင်းကို
နားထောင်ပြီး စုယန်ယန်၏ ရည်ရွယ်ချက်တွေကို လျင်မြန်စွာ နားလည် သဘောပေါက် သွားခဲ့သည်။
“နင် ငါတို့ကို အသုံးချနေတာလား”
“ဒါကို အသုံးချတယ်လို့ ပြောလို့မရဘူး။ ယိုယွီရှစ်က
တို့ကုမ္ပဏီက အနုပညာရှင် တစ်ဦးဖြစ်ပြီး သူမအတွက် တရားမျှတမှုကို ရှာဖွေပေးပိုင်ခွင့်
ရှိတယ်။ တစ်ချိန်တည်းမှာပင်၊ ငါတို့အတွက် ဘုံရန်သူ တူနေတာ ဖြစ်သွားရုံပဲ ရှိတာပါ”
စုယန်ယန်က ယန်ကျင်းယွီကို ရွှတ်နောက်နောက်
မျက်လုံး မှိတ်ပြလိုက်သည်။
“ဒီကိစ္စမှာ သူမက နစ်နာသူ ဖြစ်တာကြောင့်
နင်လည်း ဒီကိစ္စကို ကျိုးကြောင်း ဆီလျော်မှုရှိစွာ ကိုင်တွယ် နိုင်လိမ့်မယ်လို့ ငါထင်တယ်။
ဒီလိုမှ မဟုတ်ရင် ငါတို့လည်း ဒါကို ကိုင်တွယ် ဖြေရှင်း ပေးနိုင်ပေမယ့် ရလဒ်က နင် စိတ်ကူးထားသလောက်
မကောင်းနိုင်ဘူး”
ယန်ကျင်းယွီက စုယန်ယန်ကို အဓိပ္ပါယ်ပါပါ
ကြည့်လိုက်ပြီး ဘာမှ မပြောပေ။
ယန်ယွီရှစ်သည် သူမတို့ နှစ်ယောက်ကို ထုံထုံထိုင်းထိုင်းကြည့်ပြီး
စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
“နင်တို့နှစ်ယောက် ဘာဖြစ်လို့ စကားကို ရှင်းရှင်းလင်းလင်း
နားလည်အောင် မပြောကြတာလဲ”
စုယန်ယန်က ဘာမှ ပြန်မပြောခင် ယန်ကျင်းယွီက
သူမလက်ထဲက ပရိုဂျက်တာကို ဆွဲထုတ်လိုက်သည်။
“ငါ ဒီကိစ္စကို ကိုယ်တွယ်လိုက်မယ်”
“နောက်ဆက်တွဲ ကိစ္စတွေအတွက် တို့ကုမ္ပဏီက
ကူညီဖြေရှင်း ပေးပါ့မယ်”
“ကျေးဇူးပါ”
“ဒါက ပြဿနာမရှိပါဘူး။ တခြား ကိစ္စမရှိတော့ဘူးဆိုရင်
ငါ အရင်ပြန်နှင့် လိုက်မယ်။ ယွီရှစ်၊ ကျေးဇူးပြုပြီး ကောင်းကောင်း အနားယူပြီး ဒီအတောအတွင်းမှာ
မြန်မြန် သက်သာလာပါစေ။ ငါတို့ ထပ်လည်ပါဦးမယ်”
စုယန်ယန်က ယိုယွီရှစ်ကို နောက်ဆုံး တစ်ချက်
လှမ်းကြည့်လိုက်ပြီး ရှားကျွင်းရှန့် နှင့်အတူ ပြန်သွားခဲ့သည်။
ယန်ကျင်းယွီသည် သူမလက်ထဲတွင် ရှိသော ပရိုဂျက်တာအား
စေ့စေ့ကြည့်ရင်း သူမတို့ နှစ်ယောက်သား ထွက်သွားရာ လှမ်းဆီသို့ မျှော်ကြည့်ကာ အတွေးပွားနေခဲ့သည်။
ယိုယွီရှစ်သည် စကားမပြောပဲ ထိုနေရာတွင်
အကြာကြီး ရပ်နေသော ယိုကျင်းယွီကို ကြည့်ကာ မဝံ့မရဲ လှမ်းခေါ်လိုက်သည်။
“အစ်မ...”
“နင့်ဘော့စ်က နင့်ထက် အများကြီး ဉာဏ်ပိုကောင်းတယ်”
ယိုယွီရှစ် “...” ဒါက ဒုတိယအကြိမ် ဖြစ်သည်။
သူမက တကယ်ပဲ ငါ့အစ်မမှ ဟုတ်ရဲ့လား။
***