အပိုင်း ၂၁၁
Viewers 1k

အခန်း (၂၁၁)

မျက်မှောက်မြင်ကွင်း

 

“အစ်မ” ယိုယွီရှစ်တစ်ယောက် ဒေါသထွက်သွားသည်။ သူမ ဒီလောက် အသုံးမကျတာ မဟုတ်ပါဘူး။

 

ယိုကျင်းယွီက သူမကို အများ ရှင်းပြချင်စိတ် မရှိပေ။

 

“သူမကို ဒီကို လွှတ်လိုက်ပါ”

 

ငါးမိနစ်ကြာပြီးနောက် ဝမ်ကျင့်ဖျင်သည် အနက်ရောင်ဝတ် သက်တော်စောင့်များ နောက်မှ လိုက်ပါလာခဲ့သည်။ သူမ နောက်တွင် သတင်း‌ထောက် အုပ်စုကြီးသည် ကင်မရာ၊ မိုက်အပြည့်အစုံဖြင့် လိုက်ပါလာခဲ့သည်။

 

အောက်ထပ်ရှိ သက်တော်စောင့်တွေကို တွေ့လိုက်ရသောအခါ ဝမ်ကျင့်ဖျင် တစ်ယောက် နှလုံးခုန် မြန်သွားသည်။ ယခု အခန်းထဲတွင် အမည်မသိ အမျိုးသမီး တစ်ဦးကိုပါ မြင်တွေ့လိုက်ရပြီး အရေးကိစ္စ အားလုံးမှာ သူမထိန်းချုပ်မှုအောက်မှ လွတ်ကင်းတော့မလို ခံစားချက်မျိုးကို ခံစားလိုက်ရသည်။

 

ကံမကောင်းစွာဖြင့်၊ သူမသည် ဓားကို အသုံးပြုရန်မှ လွဲပြီး အခြားရွေးစရာ မရှိပေ။ သူမသည် “ဒီပုဂ္ဂိုလ်က...” ဟုသာ မေးလိုက်နိုင်သည်။

 

ယို့ကျင်းယွီ၏ မျက်လုံး တလက်လက်ဖြင့် တိုက်ရိုက် တန်းပြောလိုက်သည်။

 

“ငါက ယွီရှစ်ရဲ့ အစ်မကြီးပဲ။ နင်ကရော...”

 

“ကျွန်မက...”

 

ဝမ်ကျင့်ဖျင်၏ ပြောစကား မဆုံးခင်မှာပင်၊ ယိုယွီရှစ်က စိတ်မရှည်စွာ ကြားဖြတ်ပြောခဲ့သည်။ “နင် ဒီကို ဘာလာလုပ်တာလဲ”

 

ဝမ်ကျင့်ဖျင်၏ မျက်နှာမှာ ဖြူဖျော့သွားပြီး၊ ချက်ချင်းပင် နာကျင်သွားသည့် အသွင်လေး ဖြစ်သွားခဲ့သော်လည်း သူမသည် ယိုယွီရှစ်၏ ရိုးသားမှုအပေါ် အနည်းငယ် စိတ်ကျေနပ် သွားသည်။

 

သတင်းထောက် များစွာနှင့် ကင်မရာများစွာကို ရင်ဆိုင်သည့် အခါ၌ သူမသည် အခါတိုင်းလို ပြုမူနေထိုင်ပါက ပြဿနာများစွာကို သက်သာ စေလိမ့်မည် ဖြစ်သည်။

 

ယိုယွီရှစ်သည် သူမရဲ့ အပြုအမူကြောင့် စိတ်ဆိုးသွားသည်။ သူမကို စကားပြောသည့်အချိန်တိုင်း၊ တစ်စုံတစ်ယောက်က သူမကို အနိုင်ကျင့်နေပြီး သူမသည် ကြီးမားသော နစ်နာမှုများကို ခံစားနေရသည့်ဟန်လေး ပြုမူလေ့ရှိသည်။

 

သူမကိုယ်သူမ မင်းသမီးလေးလို့ တကယ်ပဲ ထင်နေတာလား။ ကမ္ဘာပေါ်ရှိ လူတိုင်းက သူမကို နုနယ်သော အရာလေးတစ်ခုလို့ ချီးမွမ်းပြီး သူမနှင့် လိုက်လျောညီထွေဖြစ်အောင် နေပေးရမယ်ပေါ့။ သူမက ရူးနေတာပဲ။

 

“ငါ နင့်ကို မုန့်ယွီကိုယ်စား တောင်းပန်ဖို့ ဒီကို လာခဲ့တာပါ”

 

ယိုယွီရှစ်က သူမမျက်ခုံးကို ပင့်လိုက်သည်။

 

“ငါ့ကို စစ်မုန့်ယွီကိုယ်စား လာတောင်းပန် ပေးတာလဲ။ ဘာဖြစ်လို့ သူမကိုယ်တိုင် မလာရတာလဲ”

 

“သူမ... သူမ ဒီကိုလာဖို့ အရမ်းရှက်နေလို့ပါ”

 

ဝမ်ကျင့်ဖျင်သည် ယိုယွီရှစ်က သူမ စကားနောက်သို့ လိုက်ပါ စကားပြောလိမ့်မယ်လို့ ထင်ထားခဲ့သော်လည်း ယိုယွီရှစ်က အေးစက်စက် စိတ်မဝင်စားဟန်ဖြင့် “အိုး...” ဟုသာ တုံ့ပြန်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

 

ဝမ်ကျင့်ဖျင်က ကြက်သေ သေသွားကာ နေရာ၌ပင် အေးခဲလုနီးပါး ဖြစ်သွားခဲ့သည်။

 

တစ်ခဏမျှ တိတ်ဆိတ် သွားပြီးနောက် သူမ ဆက်ပြောသည်၊ “တကယ်တော့၊ မုန့်ယွီက အခုကိစ္စအတွက် နောင်တ ရနေပါပြီ။ နင့်ကို ဆေးရုံတက်ရတဲ့ အထိ ဖြစ်သွားအောင် လုပ်မိလိမ့်မယ်လို့ သူမ မမျှော်လင့်ထားဘူး။ ပရိုဂရမ် အဖွဲ့သားတွေက သူမနဲ့ စကားပြောဖို့ လုပ်နေပါပြီ။ မုန့်ယွီက သူမအမှားတွေကို နားလည်သွားပေမယ့် သူမကို နင်မြင်တဲ့အခါ နင့်ခံစားချက်တွေ ပိုဆိုးဝါး သွားမှာကို စိုးရိမ်တဲ့အတွက် သူမ ဒီကို လိုက်မလာခဲ့တာပါ”

 

ယိုယွီရှစ်က သူမ၏ စိတ်လှုပ်ရှားဖွယ် သရုပ်ဆောင်နေတာကို နားထောင်နေပြီး ဘာမှ ပြန်မပြောခဲ့ပေ။

 

ဝမ်ကျင့်ဖျင်သည် သူမ တစ်ဦးတည်း သရုပ်ဖော်ပြပွဲကို ‌ရွေးချယ်စရာမရှိ ဆက်လက် လုပ်ဆောင်ရန်မှ လွဲ၍ အခြားရွေးချယ်မရှိပေ။

 

“နောက်ဆုံးတော့ သူမက အရမ်း စိတ်မြန်လွန်းတယ်။ အစကတော့ ဒီလိုကိစ္စ အကြီးအကျယ် ဖြစ်သွားလိမ့်မယ်လို့ မထင်မိဘူး၊ အခုတော့ လူတိုင်း မလိုချင်တဲ့ ဒီလိုကိစ္စမျိုး ဖြစ်သွားခဲ့ရပြီ။ ယွီရှစ်၊ ဒီတစ်ကြိမ်တော့ နင် သူမကို စိတ်သဘောထားကြီးပြီး ခွင့်လွှတ်ပေးလို့ ရမလား။ ရှိုးအဖွဲ့သားတွေက သူမကို ဒီကိစ္စအတွက် တာဝန်ခံခိုင်းဖို့ မလုပ်ပါစေနဲ့လား။ ငါ သူမကိုယ်စား တောင်းပန်ပြီး ငါ သူမကိုယ်စား ကျေးဇူးတင်ပေးပါ့မယ်”

 

ဝမ်ကျင့်ဖျင်သည် သူမ၏ စကားပြောတွင် သူမအကြောင်း လုံးဝ ထည့်သွင်း မပြောသွားခဲ့ပေ။ အဲ့ဒီအစား၊ သူမက စစ်မုန့်ယွီကို ပြစ်တင်ပြောဆိုခဲ့ပြီး သူမကိုယ်သူမ သစ္စာရှိပြီး ရိုးသား ဖြောင့်မတ်သူအဖြစ် သူငယ်ချင်း ဖြစ်သူအတွက် ခွင့်လွှတ်မှုကို တောင်းခံပေးနေသည့် သူအဖြစ် ပုံဖော်ခဲ့သည်။

 

ယိုယွီရှစ်က လှောင်ရယ် ရယ်ရင်း ရုတ်တရက် ထမေးသည်။

 

“အဲ့ဒီအချိန် စင်ပေါ်မှာ လူတွေ အများကြီး ရှိနေတယ်။ သူမက ငါ့ကို စင်ပေါ်ကနေ ပြုတ်ကျအောင် လုပ်လိုက်တယ်လို့ နင် ဘယ်လိုလုပ်ပြီး သိနေရတာလဲ”

 

ဝမ်ကျင့်ဖျင် ကြက်သေ သေသွားပြီး သူမ ပြင်ဆင်ထားသော စကားစုကို မပြောခင် တစ်စက္ကန့်မျှ ရပ်တန့်သွားသည်။

 

“အဲ့ဒီအချိန်က... လူတိုင်း ဒါကို မြင်လိုက်တယ်လေ”

 

“လူတိုင်း ဒါကို မြင်လိုက်တာလား”

 

“ဒါဆိုရင် သူမက ငါ့ကို တွန်းထုတ် လိုက်တယ်လို့ နင့်မျက်စိနဲ့ တပ်အပ် မြင်လိုက်တာလား”

 

ယိုယွီရှစ်က ‘ငါ့ကို တွန်းလိုက်တယ်’ နှင့် ‘နင့်မျက်စိနဲ့ တပ်အပ် မြင်တာလား’ ဆိုသည့် စကားလုံးများကို အသားပေး မေးမြန်းခဲ့သဖြင့် ဝမ်ကျင့်ဖျင်၏ နှလုံးခုန်နှုန်းက တစ်ဖန် မြန်ဆန်သွားကာ မာဆတ်ဆတ် ပြောလိုက်မိသည်။

 

“ငါ ဒါကို မမြင်လိုက်ရပေမယ့် အဲ့ဒီအချိန်တုန်းက လူတိုင်းက နင်တို့နှစ်ယောက်ကို ခွဲဖို့ အလုပ်ရှုပ်နေကြပြီး၊ သူတို့က နင့်ကို ဆွဲနိုင်ဖို့ ကြိုးစားနေခဲ့ကြတယ်။ မုန့်ယွီ တစ်ယောက်တည်းကသာ နင့်နဲ့ ရန်ဖြစ်ဖို့ အပြင်းအထန် ကြိုးစားနေတာလေ”

 

သဲလွန်စ ပေးချင်သည့် စကား အနည်းငယ် ပြောပြီးသည်နှင့် သူမက အလျင်အမြန် သနားခံလိုက်သည်။

 

 “သူမက အဲ့ဒီအချိန်တုန်းက အရမ်း ဒေါသထွက်နေလို့ ဖြစ်ပါလိမ့်မယ်...”

 

ယိုယွီရှစ်က သူမကို အပြုံးမပျက် ကြည့်နေပြီး ဘာမှ မပြောပေ။

 

ထိုအခိုက်အတန့်မှာပင်၊ သူမဘေးဘက်မှ ရင်းနှီးကျွမ်းဝင်နေသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

 

“ဝမ်ကျင့်ဖျင်၊ နင် မကောင်းတဲ့မိန်းမ”

***