အခန်း (၂၁၃)
‘ညီအစ်မလို ဆက်ဆံရေး’ ပျက်စီးသွားပြီ
စစ်မုန့်ယွီက ခေါင်းခါလိုက်သည်။ သူမ အမြဲယုံကြည်ပြီး
ကာကွယ်ပေးနေတဲ့သူက ဒီလောက် အရုပ်ဆိုးသော နှလုံးသား ရှိကြောင်းကို သူမ မယုံချင်ဘူး။
သူမသည် အမြင်ကွယ်ပြီး သူမ၏ ထင်မြင်ယူဆချက် မှားယွင်းကြောင်းကို ပို၍ပင် မယုံချင်ပေ။
ယိုယွီရှစ်နှင့် တခြားသူတွေက သူမကို ဖိအားမပေးပဲ
သူမစိတ်အာရုံတွေ ပြန်လည် စုစည်းနိုင်ဖို့ အချိန်အချို့ ပေးခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင်၊ ဝမ်ကျင့်ဖျင်က ယိုယွီရှစ်ကို
လူနာသတင်း မေးရန် ရောက်လာခဲ့သည်။
သူတို့သည် သူမ ဒီကို ဘာဖြစ်လို့ လာရောက်သည်ကို
သိကြသည့်အတွက် စစ်မုန့်ယွီအား အရင် ပုန်းအောင်း နေစေခဲ့သည်။ ဒီမိန်းကလေးက သူမအနားမှာ
မရှိသည့်အချိန် ဘယ်လိုပုံစံလဲ ဆိုတာကို သူမကို သူတို့ မျက်မြင်ကိုယ်တွေ့ မြင်စေချင်သည်။
ဝမ်ကျင့်ဖျင်သည် စက္ကန့် အနည်းငယ်မျှ တုန်လှုပ်သွားပြီးနောက်
သူမ၏ အာရုံတွေကို ပြန်လည် စုစည်းနိုင်ခဲ့သည်။ သူမသည် ဖော်ထုတ် ခံရလုနီးပါး ဖြစ်သွားခဲ့သောကြောင့်
အနည်းငယ် ရှက်ရွံ့သွားသလို ခံစားရသည်။ သူမသည် သူငယ်ချင်း ကိုယ်စား ခွင့်လွှတ်ပေးဖို့
တောင်းပန်ခဲ့သော်လည်း ဤကဲ့သို့ တုံ့ပြန်ခံရသောကြောင့် ဝမ်းနည်း နာကျင်သွားသလို ဟန်ဆောင်လိုက်သည်။
“မုန့်ယွီ၊ နင် ဒီကို ရောက်နေမှန်း ငါ မသိလို့ပါ။
ငါထင်တာက...”
“နင်ထင်တာက ဘာလဲ။ နင်က ငါ အိပ်ဆောင်မှာ
ရှိနေတုန်း၊ ဘာမှ မသိဘူးလို့ ထင်နေတယ်၊ ဒါ့ကြောင့် နင်က ငါ့အပေါ် အရာအားလုံး ပုံချပြီး
နင်က ငါ့ကို ချနင်းပြီး အမြင့်ပေါ်တက်ဖို့ လုပ်နေခဲ့တာလား”
အကယ်၍ ထိုဗီဒီယို နှစ်ခုကြောင့်ပဲ ဆိုပါက
စစ်မုန့်ယွီသည် ၎င်းကို မယုံကြည်နိုင်ဖြစ်ပြီး ဝမ်ကျင့်ဖျင်အပေါ် ဒီလောက် စိတ်ပျက်မိမှာ
မဟုတ်ပေ။
အဓိက အကြောင်းရင်းကတော့ သူမဟာ ဝမ်ကျင့်ဖျင်ကို
မေးခွန်းတစ်ခု မေးခဲ့သည်။
ယိုယွီရှစ် လဲကျသွားသည့် အခါက မြင်ကွင်းတစ်ခုလုံး
ပရမ်းပတာ ဖြစ်သွားခဲ့သည်။ စစ်မုန့်ယွီ အပါအဝင် လူတိုင်း၏ အာရုံက သူမအပေါ်မှာသာ တည်ရှိခဲ့သည်။
ပတ်ဝန်းကျင်မှ အော်သံတွေကြောင့် သူမ အသိပြန်မဝင်ခင်
အချိန်အတော်ကြာ ထိတ်လန့်နေခဲ့သည်။ ထိုအချိန်တွင် စင်မြင့်ပေါ်မှ လူများအားလုံး ဒရောသောပါး
ပြေးလွှားနေခဲ့ကြသည်။ သူမကို ဘယ်သူက တွန်းထုတ်ခဲ့တယ် ဆိုတာကို ဘယ်သူမှ မပြောနိုင်ခဲ့ပေ။
စစ်မုန့်ယွီသည် ဝန်ထမ်းတွေက ယိုယွီရှစ်ကို
လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးရန် စီစဉ်နေသည်ကို ကြည့်ရှုနေစဉ် သူတို့ပြိုင်ပွဲဝင်တွေကို
အိပ်ဆောင်သို့ ပြန်ပို့ပေးခဲ့ကြသည်။
အိပ်ဆောင်ကို ပြန်ရောက် လာသည့်အချိန်တွင်
ပထမဆုံး လုပ်ခဲ့သည့် အရာမှာ အခင်းဖြစ်ပွားတုန်းက သူမနောက်မှာ ရပ်နေတဲ့သူ ရှိ မရှိကို
ဝမ်ကျင့်ဖျင်ကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်က ဝမ်ကျင့်ဖျင် မည်သို့ ပြန်ဖြေခဲ့သနည်း။
သူမ ပြောတာက “အဲ့ဒီ အချိန်တုန်းက၊ မြင်ကွင်း
တစ်ခုလုံး ပရမ်းပတာ ဖြစ်နေပြီး လူတွေလည်း များတယ်။ ငါ နင့်ကို ဆွဲခေါ်ဖို့ကိုပဲ အာရုံစိုက်ထားတော့
နင့်နောက်မှာ ဘယ်သူရပ်နေလဲ ဆိုတာကို သတိမထားမိလိုက်ဘူး”
အဲ့ဒီနောက်မှာတော့ သူမက ဘာ့ကြောင့် ဒီမေးခွန်းကို
မေးတာလဲ၊ တစ်ခုခု ဖြစ်လို့လား ဆိုတဲ့ အမေးစကားများကိုပင် သူမကို အပြစ်ကင်းစင်စွာ မေးမြန်းခဲ့သေးသည်။
သူမနောက်မှာ ရပ်နေသည့် သူက အခြားသူ မဟုတ်တဲ့
ဝမ်ကျင့်ဖျင်ဆိုသည့် သူမကိုယ်တိုင်ပင်၊ ဒီကိစ္စရပ်တွေ အားလုံးကို ဖြစ်ပေါ်စေခဲ့ သူပင်၊
ဒါပေမယ့် သူမက ဘာမှ မသိသလို ဟန်ဆောင်ကာ အရာအားလုံးကို သူမခေါင်းပေါ် ပုံချလိုက်ပြီး
သူမကိုယ်သူမ အပြစ်ကင်းစင်သည့် သူလို ပြုမူခဲ့သည်။
ဝမ်ကျင့်ဖျင်၏ မျက်ဝန်းထဲ ထိတ်လန့်သွားသည့်
အရိပ်အယောင်တစ်ခု ဖြတ်ပြေး သွားသော်လည်း သူမ လျင်မြန်စွာ ထိန်းချုပ် သွားနိုင်သည်။
“မုန့်ယွီ၊ နင် ဘာလို့ အဓိပ္ပါယ် မရှိတာတွေ
ပြောနေရတာလဲ။ ငါ ဒီနေ့ ဒီကို လာရတာက နင့်ကိုယ်စား ယို့မိန်းကလေးနဲ့ တခြားသူတွေကို တောင်းပန်ပေးဖို့ပဲ။
နောက်ဆုံးတော့၊ နင်က အရင် အမှားလုပ်ခဲ့သူပဲ။ ယို့မိန်းကလေးက အခုဆေးရုံတက် နေရတုန်းပဲ...”
“ဟုတ်တယ်၊ ငါက အရင်ဆုံး ပြဿနာ ရှာခဲ့တဲ့သူပဲ၊
ဒါပေမယ့် ဒီကိစ္စဖြစ်ရတဲ့ နောက်ကွယ်က အကြောင်းအရင်းကိုကျ နင် ဘာဖြစ်လို့ မပြောရတာလဲ။
ငါ ယိုယွီရှစ်ကို ထွက်ကျအောင် လုပ်မိတာက ငါ့နောက်ကျောက တစ်စုံတစ်ယောက်က ငါ့ကို တွန်းလိုက်တာကြောင့်လို့ နင် ဘာဖြစ်လို့ မပြောတာလဲ”
ဝမ်ကျင့်ဖျင်၏ နှလုံးခုန်နှုန်း မြန်သွားသည်။
“ငါသိတာ၊ နင် ငါ့အတွက် ဒီလို လုပ်ခဲ့တယ် ဆိုတာကို ငါ သိပါတယ်၊ နင့်ရဲ့ ကာကွယ်ပေးမှု
အတွက် ငါ နင့်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မုန့်ယွီ၊ ဘာပဲဖြစ်ဖြစ်၊ ဒီလို လုပ်တာ
မမှန်ဘူး၊ အထူးသဖြင့် တစ်စုံတစ်ယောက် ဒဏ်ရာ ရသွားတဲ့အခါမျိုးမှာပေါ့”
စစ်မုန့်ယွီက ဝမ်ကျင့်ဖျင်၏ သရုပ်ဆောင်နေတာကို
ကြည့်ရင်း အရင်က သူမကို ဘယ်လောက်တောင် ကြင်နာသနားမိလဲ ဆိုတာကို တွေးမိနေပြီး အခုတော့
သူမ အရမ်း မုန်းတီးနေမိပြီ။
“အခုတော့ နင် ငါ့အတွက် ဘယ်လို စကားကောင်းတွေ
ပြောပေးလဲ ဆိုတာကို ငါ သိသွားပြီ။ အရင်တုန်းက နင် ငါ့ကို ဘာပြောခဲ့လဲ။ ယိုယွီရှစ်က
ချမ်းသာကြွယ်ဝတဲ့ မိသားစုက ဆင်းသက်လာတဲ့ မင်းသမီးလေးလို့ နင်ပဲ ပြောခဲ့တာလေ။ သူမက နင့်လို
ဆင်းရဲတဲ့ မိသားစုကနေ လာတဲ့ သူမျိုးကို နှိမ်နှိမ်ချချ ဆက်ဆံတယ်လို့ နင် ပြောတယ်။ နင်
အစီအစဉ်ထဲ စဝင်ကတည်းက သူမက နင့်ကို အမြဲဒုက္ခပေးတယ်။ သူမက နင့်ကို တခြားသူတွေနဲ့ ခွဲခြားပြီး
အနိုင်ကျင့်ခဲ့တယ်”
“ဒီအပိုင်း မရိုက်ကူးခင်က ယိုယွီရှစ်က နင့်ကို
ဒီအစီအစဉ်မှာ ဆက်ရှိနေတာကို သဘောမကျဘူးလို့ နင်ကိုယ်တိုင် ငါ့ကို လာပြောခဲ့တယ်။ သူမက
ပရိုဂရမ်အဖွဲ့နဲ့ လက်ဝါးချင်း ရိုက်ပြီး နင့်ကို အစီအစဉ်ကနေ ထုတ်ပယ်လို့ လုပ်တယ်၊ နင့်ကို
လူရယ်ချင်စရာ ဖြစ်အောင် လုပ်ခဲ့တယ်လို့ နင်ပဲ ငါ့ကို လာပြောခဲ့တာ၊ အခု နင်က ကိုယ့်ကိုယ်ကို
လူကောင်း တစ်ယောက်လို ပြုမူပြီး လူရှေ့ထွက် လာခဲ့တယ်ပေါ့လေ။ နင် အရင်တုန်းက ပြောခဲ့တဲ့
စကားလုံးတွေကို နင်ကိုယ်တိုင် ပြန်စားလိုက်တာလား”
***