အပိုင်း ၂၁၄
Viewers 1k

အခန်း (၂၁၄)

အမျိုးသမီး သုံးယောက်၊ ကစားပွဲ တစ်ခု

 

စစ်မုန့်ယွီ စကားတစ်ခွန်း ပြောတိုင်း၊ ဝမ်ကျင့်ဖျင်၏ မျက်နှာမှာ ဖြူဖျော့လာသည်။

 

ယိုယွီရှစ်က စကားတစ်ခွန်းမှ ဝင်မပြောပဲ မနေနိုင်တော့ပေ။

 

“နင် ဘာလို့ အရေးမပါတဲ့ စကားတွေကို လျှောက်ပြောနေတာလဲ။ ငါ သူမကို ဘယ်တုန်းက ပြဿနာ ရှာခဲ့ဖူးလို့လဲ။ ငါ သူမကို ခွဲခြားဆက်ဆံဖို့ တခြားသူတွေကို စည်းရုံးခဲ့ပြီး သူမကို ထုတ်ပယ်ဖို့ ထုတ်လုပ်ရေး အဖွဲ့နဲ့ ပူးပေါင်းခဲ့တယ် ဟုတ်လား”

 

သူတို့ပါဝင်ခဲ့တဲ့ စွမ်းရည်မျိုးစုံ အစီအစဉ်မှာ အကြိုပြိုင်ပွဲတွေ၊ ပဏာမအချီ၊ အယောက် ၁၀၀ ကနေ အယောက် ၆၀၊ အယောက် ၆၀ ကနေ အယောက် ၂၀ အထိ ပြိုင်ပွဲပုံစံတွေက ရိုးရှင်းပေမယ့် ရက်စက်ကြမ်းကြုတ်တယ်။

 

ပြိုင်ပွဲဝင် ဦးရေများပြားလွန်းပြီး အချိန်အကန့်အသတ် ရှိ‌သောကြောင့် အခြေခံအားဖြင့် အသင်းလိုက် ယှဉ်ပြိုင်မှုပုံစံကို လက်ခံထားသည်။

 

အစပိုင်းတွင်၊ အစီအစဉ်ရှိုးက သတ်မှတ်ပေးတဲ့ အဖွဲ့ဖြစ်ပြီး၊ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကိုယ့်စိတ်ကြိုက် အဖွဲ့ စီစဉ်နိုင်သည်။

 

အသင်းဖော်များ၏ အကောင်း၊ အဆိုးရလဒ်ကလည်း အတိုင်းအတာ တစ်ခုအထိ ကိုယ့်ရလဒ်ပေါ် မူတည်တယ်။ ဝမ်ကျင့်ဖျင်၏ ရုပ်ရည်က သာမန်ကျပြီး သူမ၏ အရည်အချင်းကလည်း သိပ်မကောင်းချေ။ ပြတ်ပြတ်သားသား ပြောရလျှင်၊ သူမသည် အဟန့်အတားတစ်ခု ဖြစ်နေသည်။

 

အုပ်စုများ ကွဲသွားသောအခါတွင် သူမသည် နောက်ကျ ကျန်ရစ်လေ့ရှိသည်။ လူနည်းစုက သူမနှင့် တစ်အုပ်စုတည်း ရှိနေလျှင် သူတို့ပါ ဆွဲချခံရမှာကို ကြောက်ကြသည်။

 

နောက်ဆုံး၌ ယိုယွီရှစ်သည် ဝမ်ကျင့်ဖျင်၏ စွမ်းရည်ကြောင့် ဖြစ်ရသည့် ပြဿနာအတွက် အပြစ်တင် ခံခဲ့ရသည်။

 

ယိုယွီရှစ်သည် ဝမ်ကျင့်ဖျင်ကို ရွံ့ရှာသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

 

“သူမက မထိုက်တန်ဘူး”

 

ဒီစကားလေး သုံးလုံးသည် ဝမ်ကျင့်ဖျင်၏ ခန္ဓာကိုယ် တစ်ခုလုံးကို တုန်ယင် သွားစေသည်။ သူမသည် သူမ၏ အရင်ဘဝက အမှောင်နေ့ရက်များသို့ ရုတ်တရက် ပြန်ရောက် သွားသလို ခံစားရပြီး မည်သူမဆို သူမကို သူတို့နှစ်သက်သလို ချနင်းသွားနိုင်သည်။

 

ဘာ့ကြောင့်လဲ... သူမ ပြန်လည် မွေးဖွားလာပေမယ့် ဒီလူများ၏ နှိမ့်ချပြောဆိုတာကို ဘာဖြစ်လို့ ခံနေရသေးတာလဲ။ သူတို့ နှိမ့်ချပြောဆိုတာကို ခံရဖို့ သူမ ဘာလုပ်မိလို့လဲ။

 

တစ်ခါတလေ ကျတော့လည်း လူတွေက ဒီလိုပါပဲ။ သူတို့ တစ်စုံတစ်ဦးကို ယုံကြည်သည့် အခါမျိုးမှာ အချို့သော အရာတွေကို တမင်တကာ လျစ်လျူရှု တတ်ကြသည်။

 

သူမ ယုံကြည်မှုတွေ ပျောက်ဆုံး သွားသောအခါမှာ ထိုအရာတွေက သူမစိတ်ထဲ ပြန်ဝင်လာသည်။

 

လူတွေဟာ အလွန် မိုက်မဲကြသောကြောင့် နောင်တ ရစေသော အရာများကို ပြုလုပ်မိကြပြီး ထိုကဲ့သို့ ထင်ရှားလွန်းသော အရာများကို မမြင်မိကြပေ။

 

စစ်မုန့်ယွီသည်လည်း ယခု အလားတူ အခြေအနေတွင် ရှိနေပါသည်။

 

“ငါကလည်း မိုက်တာပဲ။ နင်ပြောသမျှကို ငါယုံခဲ့တယ်၊ နင်ပြောတဲ့အတိုင်း အဖြစ်မှန်နဲ့ ကွဲလွဲနေလား ဆိုတာကို ငါ မစုံစမ်းကြည့်မိဘူး။ အခု ငါ စဉ်းစားကြည့်တော့ ယို့မိန်းကလေးက နင်နဲ့ အဆက်အသွယ် သိပ်မလုပ်ဘူး။ သူမက နင်ထက် ပိုလှပြီး အရည်အချင်း ပိုရှိတယ်။ သူမက နင့်ကို ဘာဖြစ်လို့ တကူးတက ပြဿနာရှာဖို့ လုပ်မှာလဲ၊ နင့်ကို ဖယ်ခွာနေဖို့နဲ့ နင့်ကို လျစ်လျူရှုကြဖို့ သူမက ဘာဖြစ်လို့ အားထုတ်ရမှာလဲ”

 

စစ်မုန့်ယွီရဲ့ ‘သူမက နင့်ထက် ပိုလှပြီး အရည်အချင်း ပိုရှိတယ်’လို့ ပြောစကားကို ကြားလိုက်ရချိန်တွင် ဝမ်ကျင့်ဖျင်၏ မျက်နှာဟာ မည်းမှောင် သွားသည်။ သူမ တစ်စုံတစ်ခု ပြန်ပြောဖို့ လုပ်ချိန်တွင် စစ်မုန့်ယွီက-

 

 “ဒီနေ့ ဒီနေရာကို မီဒီယာတွေ အကုန်လုံး ရောက်နေကြတယ် ဆိုတော့၊ ကျွန်မတို့ နောင်မှာ ဒီပြဿနာအတွက် နောက်ထပ် ဖြေရှင်းစရာ မလိုအောင်နဲ့ အကြောင်းပြချက်မရှိ ကျွန်မကို အပြစ်တင်နေတာတွေ ရပ်တန့်သွားအောင် ဒီပြဿနာကို ဒီမှာပဲ အသေးစိတ် တစ်ခါတည်း ရှင်းလင်း ပေးလိုက်ပါမယ်”

 

ဝမ်ကျင့်ဖျင်သည် နှလုံးခုန်နှုန်း မြန်ဆန်သွားကာ သူမ နှလုံးသားထဲတွင် ထူးဆန်းသော သတိပေးသလို ခံစားချက်မျိုးက ရုတ်တရတ် ပြင်းထန်လာခဲ့သည်။

 

“မုန့်ယွီ၊ နင်...”

 

စစ်မုန့်ယွီက သူမ၏ ထိတ်လန့် တုန်လှုပ်နေမှုကို လျစ်လျူရှုပြီး ‌အေးစက်စွာ ပြောခဲ့သည်။

 

“ဒီမတော်တဆမှု ဖြစ်ရတဲ့ အကြောင်းအရင်းက မနေ့ညက အယောက် ၆၀ ထဲမှ ထိပ်ဆုံး အယောက် ၂၀ ရွေးချယ်ခံရတဲ့ ပြိုင်ပွဲကနေ ဖြစ်လာခဲ့တာပါ။ ဒီပြိုင်ပွဲအဆင့်ရဲ့ ရလဒ်တွေ ထုတ်ပြန်ချိန်မှာ ယို့မိန်းကလေးက ရုတ်တရက် ‌ရှေ့ထွက်ပြီး မေးခွန်း ထုတ်ခဲ့ပါတယ်၊ အဆင့် သတ်မှတ်ချက် ရလဒ်တွေအတွက် အစီအစဉ်အဖွဲ့ကို အသေးစိတ် မဲရလဒ်တွေကို ထုတ်ဖော် ပြသပေးဖို့ တောင်းဆိုခဲ့တယ်။ ဝမ်ကျင့်ဖျင်က အထူးအခွင့်အရေးကို အသုံးပြုပြီး စကာတင် ရွေးချယ်ခံရမည့် ပြိုင်ပွဲဝင်နေရာအား လွှဲပြောင်း ရယူခဲ့တယ်လို့ သူမက လူတိုင်း ရှေ့မှောက်မှာ စွပ်စွဲပြောဆိုခဲ့ပါတယ်”

 

စစ်မုန့်ယွီက ထိုစကားကို ပြောလိုက်သည့် အခိုက်အတန့်တွင် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။

 

ဟောက်ရှောက်ဖုန်းသည် ဝမ်ကျင့်ဖျင်နှင့် အတူ လိုက်ပါသွားသော သတင်းထောက်များကို သူ ငှားရမ်းထားတာ ဖြစ်သော်လည်း သတင်းထောက်များ၏ ပရောက်ဖက်ရှင်နယ် အလုပ်မှာ ‌နာမည်ကျော် သွားစေမည့် သတင်း အရင်းအမြစ်များကို လိုက်လံ ရှာဖွေရန်ပင် ဖြစ်သည်။

 

ဒီအခြေအနေက ကြာပန်းဖြူလေးက သူ့သူငယ်ချင်း ကိုယ်စား နစ်နာသူကို သွားရောက် တောင်းပန်ပေးတာထက် ပိုပြီး စိတ်လှုပ်ရှားစေသည့် သတင်း ဖြစ်သည်။

 

စွမ်းရည်မျိုးစုံ အစီအစဉ်တွင် ဒီအတိုင်းဆို အတွင်းပိုင်း ပဋိပက္ခတွေ ရှိကြလိမ့်မည်။ အခုဆို ဒီနေရာမှာ အမျိုးသမီး သုံးဦးရှိနေပြီး တစ်ယောက်ကတော့ ထုတ်ဖော် ပြောဆိုနေခဲ့ပြီ။ နောက်ဆုံးမှာ မည်သူက နောက်ဆုံး အနိုင်ရရှိသူ ဖြစ်မည်နည်း။

 

အချို့သော သတင်းထောက်များ၏ မျက်လုံးတို့မှာ တလက်လက် တောက်ပလာခဲ့ကြသည်။ သူတို့က ဒီသတင်းကို ဖမ်းစားနိုင်သော သတင်း ခေါင်းစဉ်အဖြစ် မည်သို့ အမည် ပေးရမည်ကိုပင် တွေးတော ထားခဲ့ပြီးပြီ ဖြစ်သည်။

***