Chapter 235
ဤဒေသ၌ ဧည့်သည်အများအပြားမရှိသောကြောင့်
လမ်းကြောင်းက ပို၍ချောမွေ့သည်။
ကျန်းမင်ယွမ်သည် အရှေ့မှလမ်းပြခဲ့ပြီး မိနစ်အနည်းငယ်အကြာတွင် မိသားစုသုံးဦးသည် သုသာန်သို့ရောက်ရှိခဲ့၏။
အုတ်ဂူကျောက်တိုင်သည် မနိမ့်လှပဲ စတုရန်းမီတာ နှစ်ဆယ်မှ သုံးဆယ်အထိ ရှည်လျားလေသည်။နံဘေးတွင် ကျောက်စရစ်ခဲများဖြင့်ပြုလုပ်ထားသော နံရံများဖြင့် ဝန်းရံထားပြီး ၎င်းတို့အထဲတွင် ရှေးခေတ်ပုံစံ ဘုံနှစ်ဆင့်ကျောင်းငယ်ရှိလေ၏။
အဆောက်အဦးငယ်၏အဝင်ဝတွင် ကမ္မည်းတိုင်တစ်ခုရှိပြီး ထိုကျောက်တိုင်ပေါ်တွင် အဖေကျန်း မွေးဖွားခဲ့သောရက်စွဲနှင့် ကွယ်လွန်ချိန်ရက်စွဲများကို အတူတွဲလျက် ရေးထိုးထားလေသည်။
ကမ္မည်းတိုင်၏အလယ်၌မူ အဖေကျန်း၏ရုပ်ပုံကို ထည့်သွင်းထား၏။
အုတ်ဂူအားစောင့်မတ်ကြည့်ရှုရန် အခကြေးငွေပေး၍
အလုပ်သမားများ ထားရှိခဲ့သော်လည်း ထိုသူများက အလုပ်ကို ပေါ့ပေါ့တန်တန်သာလုပ်သည်။
သင်္ချိုင်းအနီးတစ်ဝိုက်တွင် ဆောင်းရာသီကိုကြံ့ကြံ့ခံနိုင်ခဲ့သောပေါင်းပင်အချို့ပေါက်ရောက်နေပြီး ကောင်းကောင်းကြီးအမြစ်တွယ်နေကြပြီဖြစ်လေသည်။
ကျန်းမင်ယွမ်သည် အုတ်ဂူရှေ့သို့ လျှောက်လှမ်းသွားပြီး လက်ထဲမှ ပန်းများကိုချထားလိုက်၏။
ထို့နောက် ပေါင်းပင်များကို စတင်ရှင်းလင်းတော့သည်။
ပေါင်းနုတ်ပြီးချိန်၌ ကျန်းမင်ယွမ်သည် အုတ်ဂူရှေ့သို့ တစ်ဖန်ပြန်သွားပြီး ဒူးထောက်လိုက်၏။ထို့နောက် ရင်ဘတ်ထဲမှ လက်ကိုင်ပုဝါကိုဆွဲထုတ်ပြီး ကမ္မည်းတိုင်ကို သုတ်လေသည်။
"နှစ်သစ်မှာ ပျော်ရွှင်ပါစေ အဖေ"
ကျန်းမင်ယွမ်သည် စကားကိုပြီးပြီးရောမပြောတတ်ပေ။
သူသည် ရိုးရှင်းသော စာကြောင်းအနည်းငယ်ကို ပြောနေခဲ့ပြီး ရှင်းရှင်းကို ဆွဲခေါ်လိုက်၏။
ထိုအခါရှင်းရှင်းက ကျန်းမင်ယွမ်၏နံဘေး၌ ဒူးထောက်လျက်ဝင်ထိုင်လေသည်။
ကလေးလေးသည် ကမ္မည်းတိုင်ပေါ်ရှိ ဓါတ်ပုံကို ခဏကြာသည်အထိ စိုက်ကြည့်ကာ နောက်ဆုံးတွင် မေးမြန်းတော့၏။
"ဖေဖေ...ဒါက အဘိုးလား"
"ဟုတ်တယ် "
ကျန်းမင်ယွမ်က ရှင်းရှင်း၏ခေါင်းကို ပွတ်သပ်ပြီး ညင်သာစွာ ကြည့်လေသည်။
သူ့ထံ၌ အဘိုးဖြစ်သူအားအလွန်မြင်ဖူးချင်နေသော သားလေးတစ်ယောက်ပါလာပေသည်။
ကျန်းမင်ယွမ်က အနောက်ရှိ ချန်းဟွမ်၏လက်ကို လှမ်းဆွဲလိုက်၏။
"အဖေ...ဒါက ကျွန်တော့်ကောင်မလေးလေ... ချွေးမလောင်းပဲဆိုပါတော့..."
ချန်းဟွမ်သည်ကျန်းမင်ယွမ်နှင့် လက်မထပ်ရသေးသောကြောင့် အုတ်ဂူရှေ့တွင် ဒူးထောက်စရာမလိုဘဲ ဦးညွှတ်ရန်သာလိုအပ်ပေသည်။
ကျန်းမင်ယွမ်က သူမကို နူးညံ့စွာပြုံးပြပြီး မတ်တပ်ထရပ်လိုက်၏။
" ကျွန်တော်တို့လက်ထပ်ပြီးမှ အဖေ့ချွေးမနဲ့အတူ ပြန်လာခဲ့ပါ့မယ် "
ချန်းဟွမ်သည် အုတ်ဂူရှေ့တွင် ဘာမှမပြောဘဲ ကျန်းမင်ယွမ်၏လက်ကိုသာ ခပ်တင်းတင်းဆွဲညှစ်လိုက်သည်။
လေထန်သဖြင့် မည်သူကမှ သုသာန်တွင် အချိန်ကြာကြာမနေလိုကြပေ။အများစုမှာ စကားပြောပြီးသည်နှင့် ပြန်သွားကြသည်။အပြန်လမ်းတွင် ကောင်းကင်သည် တိမ်ညှို့နေပြီး များစွာသောလူများက ၎င်းတို့၏ဘိုးဘေးများအား မီးထွန်းပူဇော်နေကြ၏။လူတစ်ချို့က မီးရှူးမီးပန်းများပင် ပစ်လွှတ်နေကြသည်။ မီးရှူးမီးပန်းများ၏ ရုတ်တရက်မြည်သံကြောင့် ရှင်းရှင်းသည် ကျန်းမင်ယွမ်၏ရင်ခွင်ထဲတွင် ခေါင်းဝှက်ထားကာ အောက်ဆင်းရန် ငြင်းဆန်ခဲ့လေ၏။
အိမ်ပြန်ရောက်သောအခါ ချန်းဟွမ်သည် နှစ်သစ်ကူးအကြိုညစာပြင်ဆင်မှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ကျန်းမင်ယွမ်ကလည်း အကူအညီပေးခဲ့ပြီး ထိုအချိန်တွင်ရှင်းရှင်းမှာ တစ်အိမ်လုံးကိုပတ်ပြေးနေလေသည်။
ကလေးလေးသည် ရံဖန်ရံခါတွင်မီးဖိုချောင်ဘေး၌ လာရပ်ပြီး အဆာပြေစားစရာလာတောင်းတတ်သည်။
ညနေ ၃ နာရီမှ စတင်၍ မိသားစုအသီးသီးက နှစ်သစ်ကူး အကြိုညစာအတွက် အသီးသီးပြင်ဆင်ကြလေ၏။
မိသားစုအချို့က ညစာမစားသုံးမီတွင် မီးရှူးမီးပန်းများကို ပစ်လွှတ်ကြသည်။
တောင်အနီးတစ်ဝိုက်၌ မီးရှူးမီးပန်းပစ်လွှတ်ခြင်းက ဥပဒေနှင့်မညီသော်လည်း မြို့သေးသေးလေးတစ်ခု၌ ဥပဒေဆိုသည်မှာ စာရွက်ပေါ်ရှိစည်းကမ်းများသာသာပင်ဖြစ်လေသည်။
ညစာစားချိန်တစ်ဝိုက်တွင် မီးရှူးမီးပန်းပစ်လွှတ်သံများ အဆက်မပြတ် ထွက်ပေါ်လာတော့၏။
ရှင်းရှင်းသည် အစောပိုင်းတွင် ကြောက်လန့်နေခဲ့သော်လည်း ခဏကြာပြီးနောက်တွင် အသံဗလံများကို ကျင့်သားရလာခဲ့သည်။
ကလေးလေးက သူတို့ကိုယ်တိုင်မီးရှူးပစ်လွှတ်၍ရမရကိုပါ မေးမြန်းလာတော့၏။
ကျန်းမင်ယွမ်က ရှင်းရှင်းကို လှမ်းကြည့်လိုက်ပြီး ရှင်းပြလေသည်။
" ဖေဖေတို့က တောင်နဲ့အရမ်းနီးတော့ မီးရှူးဖောက်လို့ မသင့်တော်ဘူး..."
ကျန်းမင်ယွမ်တို့၏အိမ်သည် တောင်ခြေ၌တည်ရှိ၏။
ဆောင်းရာသီ၌ ရာသီဥတုခြောက်သွေ့ပြီး အလွယ်တကူပင် မီးလောင်မှုဖြစ်ပွားလာနိုင်သည်။
ကျန်းမင်ယွမ်သည် အခြားသူများ၏ လုပ်ရပ်ကို မထိန်းချုပ်နိုင်သော်လည်း သူကိုယ်တိုင်တော့ တတ်နိုင်သမျှစောင့်ထိန်းလေ၏။
.........
ကျန်းမင်ယွမ်က သူအခွံနွှာထားသော ပုဇွန်ကိုပန်းကန်တစ်ခုထဲသို့ ချလိုက်သည်။
ထို့နောက်မျက်နှာကိုလာစင်သော အရည်များအား လက်မောင်းဖြင့်သုတ်လိုက်လေ၏။
လေကြောင်းဖြင့်ရောက်ရှိလာသော ပုစွန်များသည် အလွန်လတ်ဆတ်သည်။ကျန်းမင်ယွမ် အခွံခွာသည့်အချိန်တွင် ၎င်းတို့မှာ လက်ထဲမှ ချော်ချော်ထွက်နေပြီး အရည်များက လာစင်လေ၏။
ပုဇွန်တစ်ပန်းကန်ကို အခွံခွာပြီးနောက် အတော်လေး အားပြတ်သွားပုံရသည်။ သူဝတ်ထားသောအင်္ကျီ၏ ရင်ဘတ်နေရာသည် စိုစွတ်နေပြီး အရောင်ပင်ပြောင်းနေပြီဖြစ်၏။ထိုမျှသာမက ဆံပင်များပင် အနည်းငယ်စိုစိစိဖြစ်နေလေသည်။
ကျန်းမင်ယွမ် သက်ပြင်းချလိုက်ပြီး ပုဇွန်ပန်းကန်ကို ချန်းဟွမ်ထံ ပေးလိုက်၏။သူသည် လက်ကို ဆပ်ပြာနှင့် အကြိမ်အနည်းငယ် ပွတ်ဆေးသော်လည်း
ပုဇွန်နံ့ ကပျောက်မသွားပေ။
"ကိုယ်ရေချိုးလိုက်ဦးမယ်"
"ရှင့်သားကိုပါ အတူခေါ်သွား..."
Xxxxxxxx
Chapter 236
နှစ်သစ်ကူးအကြိုဆိုသည်မှာ ဟောင်းနွမ်းသည်များကို ဖယ်ရှားပြီး နှစ်သစ်အား ကြိုဆိုခြင်းဟူသော အဓိပ္ပါယ်ရှိလေသည်။
သူမသည် အဘိုးနှင့်အတူကြီးပြင်းလာသည့်တစ်လျှောက်လုံး၌ နှစ်သစ်ကူးနေ့တိုင်းတွင် ညစာမစားမီ ရေချိုးပြီးအဝတ်လဲလေ့ရှိ၏။အဝတ်အစားအသစ်များနှင့် အရသာရှိသောအစားအသောက်များကြောင့် နှစ်စဥ်နှစ်တိုင်းစိတ်လှုပ်ရှားခဲ့ရပေသည်။သူမကြီးပြင်းလာပြီးနောက်ပိုင်းတွင် ထိုအရေးကို အထူးတလည်မတွေးမိတော့သော်လည်း ပျော်ရွှင်ဖွယ်ရာအမှတ်တရတစ်ခုအဖြစ် ထင်ကျန်နေဆဲဖြစ်လေ၏။
ကျန်းမင်ယွမ်သည် ညစာမစားမီ ရေချိုးသည့်အလေ့အထမရှိသော်လည်း ချန်းဟွမ်၏စကားကို မကန့်ကွက်ခဲ့ပေ။ သားအဖနှစ်ယောက် ရေအတူချိုးပြီး အဝတ်အစားလဲလိုက်ကြသည်။ နှစ်ယောက်သား အောက်ထပ်သို့ပြန်ဆင်းလာချိန်တွင် ချန်းဟွမ်သည် နောက်ဆုံးဟင်းပွဲကို ပြင်ဆင် ပြီးသွားပြီ ဖြစ်သည်။
သူမက ပန်းကန်များကို ညစာ စားပွဲပေါ်တင်လိုက်ပြီး အေပရွန်ကို ပြန်ဖြည်ရန် ပြင်လိုက်၏။ဤသည်ကိုမြင်သွားသောကျန်းမင်ယွမ်က ချန်းဟွမ်အား အပြေးလေး လာကူညီသည်။
အေပရွန်ကိုချွတ်ပြီးနောက် ချန်းဟွမ်က သားအဖနှစ်ယောက်အား စားပွဲတွင်သွားထိုင်ခိုင်းလိုက်၏။
“ရေချိုးလိုက်ဦးမယ်...ကျွန်မ ပြန်လာရင် အတူစားကြမယ် "
“ကောင်းပြီလေ... စောင့်နေမယ် ”
ကျန်းမင်ယွမ်က အေပရွန်ကို ပုခုံးပေါ်တင်ပြီး ချန်းဟွမ်အား ခပ်ဖွဖွတစ်ချက်နမ်းလျက် ပြောလေသည်။
ရှင်းရှင်း မျက်လုံးများပြူးကျယ်သွားသော်လည်း
စကားတစ်ခွန်းမှ မဟပေ။
ချန်းဟွမ်က ရှက်သွေးဖြာသွားပြီး ကျန်းမင်ယွမ်အား တွန်းဖယ်လျက် လှေကားထစ်များပေါ် သို့ပြေးတက်သွားတော့သည်။
ချန်းဟွမ် ရေချိုးပြီးသည့်နောက် အဝတ်အစားအသစ်များပြောင်းဝတ်ကာ မိတ်ကပ်ပါးပါးလိမ်းခြယ်၏။ မှန်ထဲမှ လှပသောအမျိုးသမီးကို မြင်လိုက်ရသောအခါ သူမ၏နှုတ်ခမ်းစွန်းများက ကော့ချိုးသွားတော့သည်။
"ပျော်ရွှင်စရာနှစ်သစ်ပါ"
ချန်းဟွမ်က တစ်ကိုယ်တည်းရေရွတ်လိုက်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့၏။
သူမသည် အဝါရောင်ဂျာကင်အင်္ကျီနှင့် အရောင်တူသောဒဲ့ပွဘောင်းဘီအား ဝတ်ဆင်ထားလေသည်။
ချန်းဟွမ်၏ဆံသားများက ကျောပြင်ပေါ်သို့ဝဲဖြာကျနေပြီး ဆွဲဆောင်မှုရှိသောအသွင်အပြင်ကိုပေးသည်။
ချန်းဟွမ်အောက်ထပ်ဆင်းလာချိန်တွင် မနေ့ညနေက တွေ့ခဲ့သော ဝမ်းကွဲအစ်ကိုတို့လင်မယားက နှစ်သစ်ကူးညစာစားပွဲအတွက် သူတို့နှင့်အတူပူးပေါင်းရန် လာရောက်တောင်းဆိုနေလေ၏။
ဝမ်းကွဲအစ်ကိုသည် ကျန်းမင်ယွမ်တို့ထံမှ သူတို့ကိုယ်သူတို့ပြင်ဆင်ထားပြီးဖြစ်ကြောင်းကို ကြားလိုက်ရသော်လည်း
ပျော်ဖို့ကောင်းမည်ဟုအခိုင်အမာပြောကာဆက်လက်၍ခေါ်နေသေးသည်။
ကျန်းမင်ယွမ်က ကောင်းကောင်းကန်းကန်း
ငြင်းပယ်ရန် ကြိုးစားနေသော်လည်း ကျန်းမင်ကျိုးက ဇွဲကြီးလှ၏။
နောက်ဆုံးတွင် ကျန်းမင်ယွမ်သည် နောက်တစ်နေ့၌ သူတို့၏အိမ်သို့ ညစာလာစားပါမည်ဟု သဘောတူလိုက်ရသည်။ထိုအခါမှ ကျန်းမင်ကျိုးက စိတ်ကျေနပ်ပြီး ပြန်လည်ထွက်ခွာသွားတော့၏။
ဝမ်းကွဲအစ်ကိုအား ပြန်လွှတ်နိုင်လိုက်ပြီးနောက် ကျန်းမင်ယွမ်က သက်ပြင်းချပြီး ခြံတံခါးကို ပိတ်လိုက်သည်။
ထို့နောက် သူသည် အိမ်ထဲသို့ပြန်ဝင်လာခဲ့ပြီး ညစာ စားပွဲ၌ ပြုံးပြုံးရွှင်ရွှင်ဖြင့် ဝင်ထိုင်လိုက်လေ၏။
ဟင်းလျာများက များပြားလေသည်။
အလွန်ကြီးကျယ်နေသည်မဟုတ်သော်လည်း သုံးယောက်စာထက် ပိုလျံသော အနေအထားတွင်ရှိ၏။
တီဗွီမှ ရွှင်မြူးသော ဂီတသံများ ထွက်ပေါ်လာပြီး စားပွဲတစ်ဝိုက်ရှိခံစားချက်များက တက်ကြွနေလေသည်။ ကျန်းမင်ယွမ်သည် နှစ်သစ်ကူးကာလတွင် ထိုသို့သော
စုရုံးနွေးထွေးမှုကို နောက်ဆုံးခံစားခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။
သူသည် စိတ်ခံစားလွယ်နေပြီး သောက်သင့်သည့်ပမာဏထက်အနည်းငယ်ပိုသောက်ထား၏။ကျန်းမင်ယွမ်သည် မမူးသော်လည်း အနည်းငယ်ရီဝေဝေဖြစ်နေလေသည်။
သူက သာမန်ထက်ပို၍ စကားများလာပြီး ချန်းဟွမ်၏လက်ကို လွှတ်ရန် ငြင်းဆန်ခဲ့သည်။
ကျန်းမင်ယွမ်သည် ချန်းဟွမ်၏နာမည်ကို ခဏခဏခေါ်ပြီး ပြုံးပြနေလေ၏။ထိုအပြုံးက ချန်းဟွမ်၏နှလုံးသား ကို ယိမ်းယိုင်စေသည် ။
ညစာစားပြီးသောအခါ ကျန်းမင်ယွမ် အနီရောင်စာအိတ်ကိုထုတ်ကာ ရှင်းရှင်းအား ပေးလိုက်၏။
"ဒီမှာ...သားအတွက် စာအိတ်နီ...လာမဲ့နှစ်မှာ ရှင်းရှင်းလေးက ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေသွားရမယ်နော် ”
ကလေးလေး၏ဝေဖန်ပိုင်းခြားနိုင်မှုဉာဏ်ရည်ကိုမှန်းဆထားသော ကျန်းမင်ယွမ်က စာအိတ်ထဲ၌ ပိုက်ဆံအစစ်များကိုထည့်ထားလေသည်။
ထိုပိုက်ဆံသည် မများလွန်းသောပမာဏဖြစ်ပြီး ကလေးငယ်တစ်ယောက်ကို လှည့်စားနိုင်ရန်အတွက် လုံလောက်၏။
ရှင်းရှင်းက စာအိတ်ကို ဝမ်းသာအားရ လက်ခံလိုက်ပြီး ၎င်းကိုဖွင့်ကာ အတွင်းထဲသို့ကြည့်လိုက်လေသည်။
ထို့နောက် ကလေးလေးက အလွန်အကြူး ပြုံးဖြီးနေကာ ကျေးဇူးတင်စကားကို တဖွဖွပြောနေတော့သည်။
ကျန်းမင်ယွမ်၏ကိစ္စပြီးသွားသဖြင့် ဤတစ်ခေါက်တွင် ချန်းဟွမ်၏အလှည့်သို့ရောက်လာပေ၏။
သူမသည်လည်း အနီရောင်စာအိတ်ကို ဆွဲထုတ်လိုက်လေသည်။ချန်းဟွမ်တို့နှစ်ယောက်က ဤအကြောင်းကို ကြိုတင် တိုင်ပင်ထားကြပြီး နှစ်ယောက်စလုံးက ရှင်းရှင်းအား တူညီသော ငွေပမာဏကို ပေးခဲ့သည်။
ရှင်းရှင်းတစ်ယောက် ဝမ်းသာလုံးဆို့သွားပြန်၏။
သူသည် အနီရောင်စာအိတ်များကို ရင်ဘတ်ထဲ၌ပိုက်ပြီး
အရူးလေးတစ်ယောက်ကဲ့သို့ အိမ်ထဲ၌ ခုန်ပေါက်ကူးလူနေတော့သည်။
ချန်းဟွမ်သည် ရှင်းရှင်းပြေးလွှားနေသည်ကို ကြည့်ရင်း ကျေနပ်နှစ်သိမ့်မှုနှင့် အေးချမ်းမှုတို့ကို ခံစားလိုက်ရ၏။
ချန်းဟွမ်သည် သူမတို့၏ရွှေ့ပြောင်းနေထိုင်မှုကို အသိအမှတ်ပြုခဲ့လေသည်။ထိုအရာက သူမအား လုံးဝခြားနားသည့် ဘဝတစ်ခုကို တွေ့ကြုံခံစားနိုင်စေခဲ့၏။
အတွေးများနေချိန်၌ နံဘေးမှလူက သူမ၏ပုခုံးများကိုသိုင်းဖက်လာလေသည်။
ချန်းဟွမ်သည်လည်း များများစားစားတွေးမနေဘဲ ထိုသူ၏အနီးနားသို့ တိုးကပ်သွားလိုက်၏။ တစ်စက္ကန့်အကြာတွင် အနီရောင်စာအိတ်တစ်အိတ်က သူမ၏မျက်စိရှေ့သို့ရောက်လာသည်။ကျန်းမင်ယွမ်က သူမအား ခပ်တိုးတိုးပြောလေ၏။
"ဒါက မင်းအတွက် "
ထိုအခါ ချန်းဟွမ်က ကျန်းမင်ယွမ်ကိုကြည့်လျက်
တခစ်ခစ်ရယ်တော့သည်။
"ကျွန်မက ဘယ်လိုလုပ် စာအိတ်နီလိုမှာလဲ"
ကျန်းမင်ယွမ်က အနီရောင်စာအိတ်ကို ချန်းဟွမ်၏လက်ထဲသို့ထည့်ပေးလိုက်ပြီး သူမ၏လက်များကို အုပ်မိုးလျက် ဆုပ်ကိုင်လာသည်။
“ဒါက ကိုယ်ပေးတာလေ...မင်းလက်ခံလို့ရပါတယ် "
“ရှင်ကတော့…”
ချန်းဟွမ်က ခေတ္တရပ်သွားသော်လည်း တခြားဘာမှ ဆက်မပြောချေ။သူမက စာအိတ်နီကို လက်ခံလိုက်ပြီး မတ်တပ်ထရပ်ကာ အပေါ်ထပ်သို့ တက်သွားသည်။ ခဏအကြာတွင် ချန်းဟွမ်သည်လည်း ပုံစံတူအနီရောင်စာအိတ်တစ်အိတ်ကို လက်ထဲတွင်ကိုင်လျက် ပြန်ဆင်းလာလေ၏။
ထို့နောက် သူမသည် ထိုအရာအား ကျန်းမင်ယွမ်ထံသို့ ကမ်းပေးလိုက်သည်။
“ဒါက ရှင့်အတွက်ပဲ... နောက်နှစ်တွေမှာ ကျန်းမာချမ်းသာပြီး ပိုက်ဆံအများကြီးရှာနိုင်ပါစေ"
ကျန်းမင်ယွမ်သည် ချန်းဟွမ်ထံမှ စာအိတ်နီကို လှမ်းယူပြီး နမ်းရှုံ့လိုက်သည်။
“ကောင်းပါပြီ...မင်းကို ထောက်ပံ့ဖို့ ငွေများများရှာပါ့မယ် "
“မလိုပါဘူး...ကျွန်မဘာသာကျွန်မရှာနိုင်တယ်”
ချန်းဟွမ်က ပေါ့ပါးစွာ ပြန်ချေပလိုက်လေသည်။
ထို့နောက်သူမသည် အပေါ်ဝတ်ကိုချွတ်ပြီး အင်္ကျီလက်များကိုခေါက်တင်လိုက်၏။ချန်းဟွမ်သည် ပန်းကန်သိမ်းရန် ပြင်ဆင်နေခြင်းဖြစ်သည်။
"ကိုယ့်ကိုကူခွင့်ပေးနော် ... တစ်နေကုန် မင်းပဲသိမ်းကြုံးလုပ်နေတာ နည်းနည်းပါးပါး နားသင့်တယ် ”
ကျန်းမင်ယွမ်က ပြောပြောဆိုဆိုဖြင့် ချန်းဟွမ်၏လက်ကိုလှမ်းဖမ်းဆွဲပြီး ထိုင်နေရာမှ ထရပ်လေသည်။
မီးဖိုချောင်ထဲ၌ ကျန်းမင်ယွမ် ပန်းကန်ဆေးနေချိန်တွင် ချန်းဟွမ်က စားပွဲသုတ်နေခဲ့၏။
ထို့နောက်သူမသည် လက်ဆေးလိုက်ပြီး ကျန်းမင်ယွမ်ဆေးထားသောပန်းကန်များကို ရေစင်အောင်သုတ်ရန် အဝတ်သန့်သန့်တစ်ထည်ကို လိုက်ရှာနေပေသည်။
နှစ်ယောက်သားက စကားအများကြီးမပြောဘဲ အတူတူအလုပ်လုပ်နေကြ၏။သူတို့၏အကြည့်များက ချိုမြနေလေသည်။
ကျန်းမင်ယွမ်သည် နောက်ဆုံးကျန်ရှိသော ပန်းကန်များကို
ဆေးကြောသန့်စင်ပြီးနောက် လက်ကို ရေစင်အောင်သုတ်လိုက်၏။ထို့နောက် အနီးနားရှိအမျိုးသမီးလေးအား
ကျောဘက်မှ သိမ်းကြုံးဖက်လိုက်လေသည်။
ကျန်းမင်ယွမ် ချန်းဟွမ်၏ဆံသားရနံ့ကို ရှူသွင်းရင်း “ကိုယ်အရမ်းပျော်တာပဲ” ဟု ခပ်တိုးတိုးလေးပြောလာ၏။
Xxxxxxx