Chapter 237
ပန်းကန်ဆေးပြီးနောက် နှစ်ယောက်သား
မီးဖိုခန်းထဲမှ ထွက်လာချိန်တွင် ဝမ်းကွဲအစ်ကိုက ထပ်ရောက်လာပြန်သည်။
ဤတစ်ခေါက်၌ မာဂျောင်ကစားရန် လာခေါ်ခြင်းဖြစ်၏။
( မာဂျောင်ကစားနည်းသည် ၁၉ရာစုတွင်ပေါ်ပေါက်ခဲ့ပြီး ဒိုးဆက်ဆော့နည်းနှင့်ဆင်တူသည်။ )
ယနေ့ခေတ်တွင် ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာ ပြတ်လပ်မှု မရှိပေ။သို့သော်လည်း နှစ်သစ်၌ အသစ်အဆန်းများကုန်ဆုံးပြီးစိတ်ကျေနပ်မှုရခဲလာသည်။
အထူးသဖြင့် ပျော်ပွဲရွှင်ပွဲကဏ္ဍအလွန်နည်းပါးသော မြို့ငယ်ကလေးရှိ မြို့သူမြို့သားများသည် အချိန်ဖြုန်းရန်အတွက် “တိုင်းပြည်၏အနှစ်သာရ” ဖြစ်သော မာဂျောင်ဘက်သို့ လှည့်လာကြပေသည်။
ဝမ်းကွဲအစ်ကိုက ထိုကစားနည်းကိုကျွမ်းကျင်ပြီး
အိမ်၌ စားပွဲနှစ်ဝိုင်းပြင်ထားလေ၏။
ထို့နောက် ဆွေမျိုးများအား အတူကစားရန် အဖော်လိုက်စပ်နေပြီး ကျန်းမင်ယွမ်အား ဖုန်းဆက်၍မရသောကြောင့် လူကိုယ်တိုင်လာခဲ့ခြင်းဖြစ်သည်။
ကျန်းမင်ယွမ်သည် မာဂျောက် ကစားနည်းကို မစိမ်းပေ။ လွန်ခဲ့သည့်နှစ်များအတွင်း သူလည်းပါဝင်ဆော့ကစားခဲ့ဖူးသည်။ သို့သော် ၎င်းကို သိပ်မကျွမ်းကျင်ဘဲ နှစ်စဉ်နှစ်တိုင်း ပိုက်ဆံရှုံးလေ့ရှိသည်။ထိုအရာက ကျန်းမင်ယွမ်အား စိတ်အနှောက်အယှက်မဖြစ်စေဘဲ အတူကစားသောသူများကိုပင် စိတ်ကျေနပ်စေသေးသည်။
နောက်ပိုင်းတွင် ညီအစ်ကိုများသည် ကျန်းမင်ယွမ်အား မာဂျောင် ကစားရန် မကြာခဏ ဖိတ်ခေါ်လာလေ၏။
ကျန်းမင်ယွမ်သည် ယခင်က ဤကဲ့သို့သောဖိတ်ကြားမှုများကို ငြင်းပယ်လေ့မရှိသော်လည်း ယခုတစ်ကြိမ်မှာ ကွဲပြားပေသည်။
ယခုနှစ်၌သူက မိသားစုနှင့်အတူ ရောက်လာခြင်းဖြစ်သည်။
ဝမ်းကွဲအစ်ကိုလာလည်သည့် ရည်ရွယ်ချက်ကို သိပြီးနောက် ကျန်းမင်ယွမ်က စက္ကန့်အနည်းငယ်ခန့် စဉ်းစားပြီး အားနာပါးနာငြင်းလေ၏။
"ရှင်းရှင်းက ငယ်သေးတယ်...ကျွန်တော်သူ့ကို အိမ်မှာ တစ်ယောက်တည်းမထားခဲ့ချင်ဘူး...တစ်ခုခု …”
"ဒါဆို မင်းရဲ့သားပါ ခေါ်ခဲ့လိုက်လေ...ငါ့အိမ်မှာ သူနဲ့ရွယ်တူတွေရှိတယ်...အချင်းချင်းအဆင်ပြေကြမှာ သေချာတယ်"
ဘီယာဗိုက်နှင့်ဝမ်းကွဲအစ်ကိုက စကားဖြတ်ပြောလေသည်။
ထိုသို့ပြောပြီးနောက် ဝမ်းကွဲအစ်ကိုသည် ရှင်းရှင်းကိုပင်လိုက်ချင်စိတ်ပေါ်လာစေရန် သွေးဆောင်ဖြားယောင်းလိုက်သေးသည်။
"ရှင်းရှင်းက ဦးဦးရဲ့အိမ်ကို လိုက်ချင်နေတာမလား...အိမ်မှာ အစ်ကိုတွေ အစ်မတွေရော...ရှင်းရှင်း ရဲ့ တူတွေ တူမတွေရော ရှိတယ် ”
ကျန်းမင်ယွမ်သည် သူ၏မျိုးဆက်တွင် အသက်အငယ်ဆုံးဖြစ်ပြီး သူ့ထံတွင် နှစ် ၂၀ ခန့်ပိုကြီးသော ဝမ်းကွဲအစ်ကိုရှိလေသည်။ ထို့ကြောင့် မိသားစုတွင်းတွင် ရှင်းရှင်း၏အရိုက်အရာမှာ အလွန်မြင့်မားသွားသည်။ ကလေးအတော်များများက ရှင်းရှင်းအား ဦးလေးခေါ်ကြရမည်ဖြစ်လေ၏။
ရှင်းရှင်းသည် အမြဲတမ်း အငယ်ဆုံးဖြစ်ခဲ့ရပြီး ယခင်ကလည်း အကြီးမဖြစ်ခဲ့ဖူးပေ။ဤစိတ်ကူးသည် အလွန်ဆန်းသစ်ပြီး သူ့အတွက် ဆွဲဆောင်မှုရှိသည်။
စတုတ္ထမြောက်ဝမ်းကွဲအစ်ကိုသည် ကြာကြာမဆွဲဆောင်လိုက်ရပေ။ရှင်းရှင်းက ကျန်းမင်ယွမ်၏ပေါင်ကိုဖက်ပြီး လိုက်ချင်ကြောင်း တဖွဖွပြောနေတော့၏။
ကလေးငယ်ထံ၌ သွားရန်ဆန္ဒရှိလျှင် ကျန်းမင်ယွမ်က ကန့်ကွက်မည်မဟုတ်ချေ။
ချန်းဟွမ်က သိပ်၍စိတ်အားမထက်သန်သော်လည်း ဝမ်းကွဲအစ်ကိုမှ အချိန်အနည်းငယ်ကြာအောင် စည်းရုံးပြီးနောက်တွင် တစ်မိသားစုလုံးသူနှင့်အတူ လိုက်ပါသွားခဲ့ကြသည်။
ဝမ်းကွဲအစ်ကို၏နေအိမ်မှာ အဘိုးကြီး၏အိမ်ဘေး၌ တည်ရှိလေ၏။ နေရာက သိပ်မကျဉ်းလှဘဲ အပြင်ပိုင်းတွင် အဖြူရောင်နံရံနှင့် မီးခိုးရောင်အုပ်ကြွပ်မိုးကိုသာသုံးထားလေသည်။
သို့သော် အတွင်းပိုင်းအပြင်အဆင်သည် ဟိုတယ်နှင့်ပင် ဆင်တူသည်။ ၎င်းသည် အလွန်စွဲမက်ဖွယ်ကောင်းသော်လည်း လူနေအိမ်တစ်ခုအတွက် အလွန်ထူးဆန်းလှ၏။
အိမ်ထဲတွင် မာဂျောင်ကစားရန် စားပွဲနှစ်လုံးကို ခင်းကျင်းထားပြီး လူများက စတင်ကစားနေကြပြီဖြစ်သည်။
အချို့သူများက ကစားဝိုင်းကို ဝိုင်းကြည့်နေကြ၏။
ရံဖန်ရံခါတွင် မာဂျောင်ကစားရင်း အချင်းချင်း စကားစမြည်ပင်ပြောနေကြသေးသည်။
ကျန်းမင်ယွမ်တို့အထဲဝင်သွားချိန်တွင် လူနှစ်ဦးက စားပွဲတစ်ဝိုင်းမှ မတ်တပ်ထရပ်ပြီး နေရာဖယ်ပေးကြ၏။
“ ဆက်ကစားကြပါ... နောက်ထပ် စားပွဲတစ်ဝိုင်း ပြင်လိုက်မယ်"
ထိုအချိန်တွင် စတုတ္ထဝမ်းကွဲအစ်ကို၏ဇနီးသည်က သစ်သီးပန်းကန်ကိုင်လျက် ထွက်လာပြီး လှမ်းပြောလေသည်။ထို့နောက် သူမက ကျန်းမင်ယွမ်တို့အား ထိုင်ခုံများပေါ်သို့ထိုင်ချလိုက်စေ၏။
ဇနီးသည်မှ အခြားစားပွဲတစ်ဝိုင်း ပြင်နေစဉ်တွင်
ကျန်းမင်ကျိုးသည် သူ့သမီးလေးကို ခေါ်ကာ ရှင်းရှင်းအားအခြားကလေးများနှင့် အတူကစားရန် ခေါ်သွားစေခဲ့သည်။
ကလေးမလေးက အသက် ၁၂ နှစ်သာရှိသေးပြီး အထက်တန်းကျောင်းစတက်နေဆဲအရွယ်ပင်။
ကလေးမလေးက ဆံပင်ကိုခပ်မြင့်မြင့်စည်းနှောင်ထားပြီး အနည်းငယ်ရှက်နေပုံရသည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် ချောမောသော မိန်းကလေးတစ်ယောက်ဖြစ်သည်။ သူမအဖေ၏စကားကိုကြားပြီးနောက် ကလေးမလေးက ရှင်းရှင်း၏လက်ကို တွဲလိုက်၏။ ထို့နောက် သူမသည် ကျန်းမင်ယွမ်နှင့်ချန်းဟွမ်တို့အားကြည့်လျက်ပြောလေသည်။
"ဦးလေး နဲ့ အန်တီ... မောင်လေးကို သမီးတို့နဲ့ အတူကစားဖို့ ခေါ်သွားလိုက်ပါဦးမယ်"
“ကောင်းပြီ သွားတော့... သေချာစောင့်ကြည့်နော်"
ဝမ်းကွဲအစ်ကိုက သူ၏အိတ်ကပ်ထဲမှ ငွေစက္ကူအချို့ကိုထုတ်ပေးပြီး ခပ်ဝေးဝေးကို မသွားရန် သေချာမှာကြားနေခဲ့သည်။
Xxxxxxx
Chapter 238
"မသွားပါဘူး"
ကလေးမလေးသည် သူမ၏အဖေထံမှ ပိုက်ဆံကိုယူကာ ပါးချိုင့်နှစ်ဖက်ပေါ်လာသည်အထိ ပြုံးပြလေသည်။
ထို့နောက် ရှင်းရှင်း၏လက်ကိုတွဲပြီး အခင်းနေရာမှ ထွက်လာလေ၏။ကလေးမလေးက လမ်းခုလတ်တွင် ရှင်းရှင်းအား မေးလာပြန်သည်။
" ရှင်းရှင်းဘာလိုချင်လဲ ... မမဝယ်ပေးမယ် "
" ကျွန်တော့်မှာလည်း ပိုက်ဆံရှိတယ် "
ရှင်းရှင်းသည် အနီရောင် စာအိတ်နှစ်ခုကို ကိုင်ဆောင်ထားကာ ချမ်းသာကြွယ်ဝသူ တစ်ယောက်လို ခံစားနေရ၏။
ကလေးလေးက စာအိတ်များကို ပွတ်သပ်ပြီး
ယခုမှတွေ့ဖူးသည့် တစ်ဝမ်းကွဲအစ်မအား ရက်ရက်ရောရော ပြောလေသည်။
“အစ်မကို အရုပ်တစ်ရုပ် ဝယ်ပေးမယ်”
"ကျေးဇူးအများကြီးတင်ပါတယ်ရှင့် "
ထိုကဲ့သို့ ဆုံတွေ့ခဲ့ကြသော ကလေးနှစ်ယောက်သည် ခင်မင်ရင်းနှီးရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။
နှစ်ယောက်လုံးက ဧည့်ခန်းထဲမှ ထွက်လာသောလမ်းတွင်စကားစမြည်ပြောနေကြလေ၏။
ကလေးနှစ်ယောက်ထွက်ခွာသွားပြီးနောက်ပိုင်းတွင် နောက်ထပ်မာဂျောင်ကစားဝိုင်းကိုလည်း ခင်းကျင်းပြီးစီးသွားလေ၏။
ဝမ်းကွဲအစ်ကိုက ကျန်းမင်ယွမ်ကို ထိုဝိုင်းဆီသို့ ခေါ်သွားပြီး ချန်းဟွမ်ကိုပါ တစ်ပါတည်း လက်ယပ်ခေါ်လေသည်။
ချန်းဟွမ်သည် မာဂျောင်ကစားနည်းကို အမှန်တကယ်ပင် နားမလည်သောကြောင့် အမြန်ငြင်းဆန်ခဲ့၏။
သူမလက်ဝှေ့ယမ်းပြလိုက်သည်နှင့် အခြားနှစ်ယောက်က ထလာပြီး ချန်းဟွမ်အား စားပွဲဝိုင်းဆီသို့ ဆွဲခေါ်သွားလေသည်။
ဝမ်းကွဲအစ်ကိုက အခြေအနေကိုသိပ်၍အားမရသော်လည်း နှစ်သစ်ကူးချိန်ဖြစ်၍ များများစားစားပြောမနေချေ။သူသည် ဇနီးသည်အား ထိုင်ခုံတစ်ခုကိုယူလာစေပြီး ချန်းဟွမ်အား ကျန်းမင်ယွမ်၏နံဘေး၌ ထိုင်စေလိုက်သည်။
ချန်းဟွမ်သည် ယခင်က မာဂျောင်မကစားဖူးသည့်အတွက် ဖြစ်ပျက်နေသည်များကို အမှန်တကယ်ပင် လိုက်မမှီချေ။ သူမသည် လက်ကိုင်ဖုန်းကိုသာ ဆွဲထုတ်ပြီး ဂိမ်းဆော့နေလိုက်သည်။ ဂိမ်းဆော့ရသည်မှာလည်း ပျော်စရာကောင်းမနေချေ။နှစ်သစ်ကူးရက်တွင် တော်တော်များများက လိုင်းမတက်ကြဘဲ ကျန်ရှိသောသူများမှာလည် " နှစ်သစ်မှာပျော်ရွှင်ပါစေ " ဟုသာပြောနေကြပေသည်။
အမှန်အကန်ဂိမ်းဆော့ချင်သည်မှာ လူနည်းစုသာရှိပြီး အများစုက ယနေ့တစ်ရက်နားမည်ဟုပြောနေကြ၏။
ပျင်းစရာကောင်းလာသည်နှင့်အမျှ ချန်းဟွမ်သည် ဂိမ်းထဲမှထွက်ကာ ဖုန်းကိုအိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။ထို့နောက် ကျန်းမင်ယွမ် မာဂျောင်ကစားနေသည်ကို ကြည့်ရှုရန် ပြန်လာလိုက်၏။
ကျန်းမင်ယွမ်က ၈ပွင့်ကတ်ကိုချလိုက်ပြီး သူ၏မျက်နှာချင်းဆိုင်၌ထိုင်နေသောသူက အလားတူကတ်ကို ထပ်ချသည်။ ထို့နောက် ထိုတစ်ယောက်က တခစ်ခစ်ရယ်ပြီး ကျန်းမင်ယွမ်အားပြောလေသည်။
" ဦးလေးငယ်က...ဒီနေ့သဘောကောင်းနေတာပဲ "
ထိုတစ်ယောက်၏လက်ထဲ၌ ကတ် ၄ ချပ်သာ ကျန်တော့ပြီး အများစုမှာ ကျန်းမင်ယွမ်ကြောင့်သာ ကိုက်ညီသွားခြင်းဖြစ်သည်ဟု သူကပြောနေလေသည်။
ကျန်းမင်ယွမ်က ဝန်ခံလိုက်သော်လည်း သိပ်ပြီး ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ကျန်းမင်ယွမ်၏ဘယ်ဘက်ရှိဝမ်းကွဲသည် ကတ်ဆွဲထုတ်ကာအဆုံးတွင်ချလိုက်ပြီး ဒုတိယမြောက်အကွက်ကို နောက်ဆုံးတန်းသို့ ဆွဲချလေသည်။
"ရပြီကွ..."
ကျန်းမင်ယွမ်၏မျက်နှာချင်းဆိုင်ရှိတစ်ယောက်က နောက်ဆုံးတန်းရှိကြွေကတ်ပြားကိုမြင်လိုက်ပြီး ဝမ်းသာအားရ ထပြောတော့၏။သူက မတ်တပ်ထရပ်ပြီး လက်များကို ဆန့်ထုတ်လိုက်သည်။
“ပြောသားပဲ...ဦးလေးငယ်က ဒီနေ့သဘောကောင်းနေပါတယ်လို့ ... ပေးလိုက်တော့ ပေးလိုက်တော့ အားလုံးပဲ "
ဝမ်းကွဲအစ်ကိုက သက်ပြင်းတစ်ချက်ချပြီး ကစားပွဲကို ရပ်လိုက်သည်။ကျန်းမင်ယွမ်၏ကြုံရာကျပန်းလှုပ်ရှားမှုကြောင့်သာမဟုတ်လျှင် သူ့ထံ၌အခွင့်အရေးရှိလာမည်ဖြစ်သည်။
ကျန်းမင်ယွမ်က ဆင်ခြေဆင်လက်များပေးရန်စိတ်မဝင်စားပေ။သူသည် ငွေစက္ကူအချို့ကို ထုတ်ယူကာ အနိုင်ရသူထံ လွှဲပြောင်းပေးခဲ့သည်။
ထိုတစ်ယောက်က ပြုံးရယ်နေပြီး နောက်တစ်ပွဲထပ်စရန် တိုက်တွန်းလေ၏။သူ ကြွေကတ်ပြားများကို စီရင်းစီးကရက်တစ်လိပ်ကိုခဲကာ မီးညှိလိုက်သည်။ထို့နောက် ကျန်းမင်ယွမ်အားပြောလာလေ၏။
“ဦးလေးငယ်က ဘယ်ချိန်ပြန်မှာလဲ ပြောပါဦး ”
"၂ရက်နေ့"
"အဲ့လောက်မြန်မြန်ကြီးလား...ဘာလို့နှစ်ရက်လောက်ထပ်မနေတာလဲ ...တကယ်ကိုအလုပ်များနေတာလား"
ကျန်းမင်ယွမ်၏ညာဘက်ဘေးမှလူက အံ့သြတကြီး
မေးမြန်းလာသည်။ကျန်းမင်ယွမ်က အထူးတလည်မတုံ့ပြန်ခဲ့ပေ။
“အလုပ်ရှုပ်ရတာက သိပ်လည်းကြောက်စရာကောင်းမယ် မထင်ပါဘူး... မင်းက ငွေရှာနိုင်နေတာပဲကို "
ကနဦးက မေးမြန်းခဲ့သောသူက ဆက်ပြောလေသည်။
သူသည်လည်း စီးကရက်ကိုခဲကာ ကြွေကတ်ပြားများကို စီရီနေပြီးနောက် စီးကရက်ခွက်ကိုယူလိုက်ကာ ပြာများကို ပုတ်ထုတ်သည်။ထိုတစ်ယောက်သည် စီးကရက်ကို နှုတ်ခမ်းကြားထဲသို့ ပြန်ထည့်လိုက်ပြီး စကားဆက်လေ၏။
“ငါတို့နဲ့ တော့မတူဘူး... တစ်ခါတစ်လေ သုံးလလောက် အလုပ်ပါးနေလွန်းလို့ အလုပ်သမားတွေကိုတောင် လစာမပေးနိုင်ဘူး... အရမ်းစိတ်ဖိစီးလွန်းလို့ ညဘက်မှာတောင် အိပ်မပျော်ဘူး "
ထိုသူ၏စကားဆုံးသွားသည်နှင့်မျက်နှာချင်းဆိုင်ရှိလူငယ်တစ်ဦးက တစ်စက္ကန့်မျှပင်မဆိုင်းဘဲ ဝင်ရောက်ဆွေးနွေးလာပြန်သည်။
"ဟုတ်တယ်... ဒီနှစ်ဈေးကွက်က သိပ်မကောင်းဘူး...
ပရောဂျက်တွေ ပြီးသွားတာတောင် ဖောက်သည်တစ်ချို့က ကျွန်တော့်ကို ငွေချေမပေးနိုင်သေးဘူး... စတုတ္ထဦးလေးရဲ့ကုန်သွယ်လုပ်ငန်းလည်း ဒီနှစ်သိပ်ပြီးတော့ တွက်ချေမကိုက်ဘူးလို့ကြားတယ်....တချို့ကုမ္ပဏီတွေတောင် ဒေဝါလီခံသွားပြီတဲ့... ဟုတ်တယ်မလား ဦးလေး ”
ထိုတစ်ယောက်က စတုတ္ထမြောက်ဝမ်းကွဲအစ်ကိုထံသို့ စကားလွှဲလိုက်လေသည်။ဝမ်းကွဲအစ်ကိုသည် မချိပြုံးပြုံးကာ ထောက်လည်းမထောက်ခံသကဲ့သို့ ငြင်းဆန်ခြင်းလည်းမရှိပေ။
Xxxxxx