အပိုင်း ၂၃၉-၂၄၀
Viewers 20k

Chapter 239


ကျန်းမိသားစုသည် ယခင်မျိုးဆက်ကတည်းက စီးပွားရေးလုပ်ငန်းများကို ဇောက်ချလုပ်ကိုင်ခဲ့ကြပြီး ယခုအခါတွင် မိသားစုမှာများစွာကြီးထွားလာခဲ့သည်။ 


မိသားစုဝင်တိုင်း အောင်မြင်ကြလေ့မရှိသော်လည်း ယခုအချိန်တွင် ကျန်းမင်ယွမ်သည် အားလုံးထဲ၌အပေါက်ရောက်ဆုံးဖြစ်လေ၏။ဆွေမျိုးအတော်များများကလည်းကျန်းမင်ယွမ်အား တစ်ချက်တစ်ချက်မနာလိုဖြစ်ကြသေးသည်။ထိုအရာကလည်း သူတို့သည် ကျန်းမင်ယွမ်အား လိုက်မမီနိုင်သောကြောင့်ပင်။


 စားပွဲဝိုင်းရှိလူနှစ်ဦးတွင်တစ်ဦးမှာ အီလက်ထရောနစ်ပစ္စည်းကုမ္ပဏီတစ်ခုကိုစီမံခန့်ခွဲနေပြီး ကျန်တစ်ဦးမှာ ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီတစ်ခုကို ဦးစီးနေလေသည်။ နှစ်ယောက်စလုံးက အလုပ်လုပ်ရာတွင်ဇွဲကောင်းကြပြီး လုပ်ငန်းများမှာ အလယ်အလတ်အဆင့်၌ရှိကြပေ၏။ ထိုသူများသည် ပိုမိုကောင်းမွန်သောအခွင့်အလမ်းများကို အမြဲရှာဖွေနေသူများဖြစ်ပြီး ကျန်းမင်ယွမ်နှင့်သာ စီးပွား​ဖက်စပ်လုပ်​​ဆောင်​နိုင်​ပါက သူတို့၏စီးပွား​ရေးလုပ်​ငန်း​များမှာ အဆပေါင်းများစွာကြီးမားလာမည်ဟု ယုံကြည်နေကြသည်။


 


ကျန်းမင်ယွမ် စားပွဲတစ်ဝိုက်ရှိ ထိုအငွေ့ အသက်များကို လျစ်လျူထားပြီး အရှေ့မှ မာဂျောင်ကစားပွဲအပေါ်ကိုသာအာရုံစိုက်နေလေသည်။


ယနေ့၌ ကျန်းမင်ယွမ်သည် ကံမကောင်းရှာပေ။


ပွဲတိုင်းဆက်တိုက်ရှုံးပြီး အခြားသူများကိုသာ ငွေထုတ်ပေးနေရလေ၏။


ကျန်းမင်ယွမ်၏စိတ်အားထက်သန်မှုက 

ပတ်ဝန်းကျင်ရှိအခြားသူများကို အကြိတ်အနယ်ဖြစ်လာစေပြီး သူတို့အားလုံးက စားပွဲဝိုင်း၌ထိုင်နေသောသူမှန်သမျှကို အနိုင်ပိုင်းချင်နေကြသည်။ထိုမှသာ နိုင်ကြေးပိုက်ဆံရမည်ဖြစ်လေ၏။


ကျန်းမင်ယွမ်ဆက်တိုက်ရှုံးနေချိန်၌ ကစားဝိုင်းက ပျော်စရာမကောင်းတော့ချေ။ချန်းဟွမ် ငြီးငွေ့လာခဲ့ပြီး မီးရှူးမီးပန်းကြည့်ရန် အပြင်သို့ထွက်သွားခဲ့သည်။


အနီးနားရှိ မြို့တစ်မြို့သည် ခရီးသွားဧည့်သည်ရွှင်သောနေရာတစ်ခုဖြစ်ပြီး လူထုစိတ်‌ဝင်စားမှုရရန်အတွက် နှစ်သစ်ကူးအကြိုတွင် မီးရှူးမီးပန်းများ ဖောက်လုပ်မည်ဖြစ်သည်။


ဤမြို့ရှိ အဆောက်အအုံများမှာမူ နိမ့်ပြီး အမြင့်ဆုံးသုံးထပ်အထိသာရှိ၏။


ထို့ကြောင့် ချန်းဟွမ်ရောက်နေသောနေရာမှ ထိုမြို့ရှိ မီးရှူးမီးပန်းများကို အပြည့်အဝလှမ်းမြင်နိုင်ခြင်းဖြစ်လေသည်။


 ခြံဝင်းထဲ၌ ချန်းဟွမ်အပြင် အခြားသူများလည်းရှိပြီး အများစုမှာ ကလေးများဖြစ်ကြသည်။ ထိုမျှသာမကအမျိုးသမီးအချို့လည်း ရှိခဲ့၏။သိပ်မကြာမီ၌ပင် အမျိုးသမီးတစ်ဦးသည် ချန်းဟွမ်အား စကားစမြည်ပြောလာခဲ့သည်။ 


စကားစမြည်ပြောသူများအားလုံးက ကြုံရာကျပန်းစကားဝိုင်းဖြင့်စတင်ကြပြီး နောက်ဆုံး၌ ကျန်းမင်ယွမ်နှင့်ချန်းဟွမ်၏ဆက်ဆံရေးကို စပ်စုလာကြတော့၏။


 ဤသူများနှင့် စကားစမြည်ပြောရခြင်းက ချန်းဟွမ်ကို စိတ်မသက်မသာဖြစ်စေပြီး သူမသည် အိမ်ပြန်ရန် အကြောင်းပြချက်ကောင်းကို ရှာနေခဲ့လေသည်။


ထိုအချိန်တွင် ရှင်းရှင်းနှင့် ကလေးမလေးက ပြန်ရောက်လာခဲ့၏။ချန်းဟွမ်သည် အချိန်ကိုတစ်ချက်စစ်လိုက်ကာ ရှင်းရှင်းအားအိမ်ပြန်ပို့ပေးပြီး အိပ်ရာဝင်ခိုင်းတော့မည်ဖြစ်ကြောင်း ကျန်းမင်ယွမ်အား လှမ်းပြောလေသည်။


ကျန်းမင်ယွမ်သည်လည်း အတူထွက်သွားရန်ပြင်လိုက်သော်လည်း စားပွဲဝိုင်းရှိလူများက မတ်တပ်ပင်အထမခံဘဲ ကျန်းမင်ယွမ်အား ပြန်ဆွဲချကြလေ၏ ။


ထိုလူများက တစ်နှစ်လျှင် ရက်အနည်းငယ်သာ ကျန်းမင်ယွမ်နှင့်တွေ့ခွင့်ရကြပြီး ဖြစ်နိုင်လျှင် ၂၄နာရီလုံးလုံးအတူနေကြမည့် သူမျိုးများဖြစ်ကြသည်။


သေချာသည့်အရာတစ်ခုမှာ သူတို့သည် ကျန်းမင်ယွမ်အား


 အလွယ်တကူလွှတ်ပေးမည်မဟုတ်ချေ။ 


ကူကယ်ရာမဲ့နေသော အနှီအမျိုးသားက ချန်းဟွမ်အား အားနာပါးနာလှမ်းကြည့်ပြီး အိမ်အရင်ပြန်နှင့်ခိုင်းလေသည်။


ချန်းဟွမ် အနည်းငယ်စိတ်ပျက်သွားပြီး နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်၏။ထို့နောက် သူမ ရှင်းရှင်းအား အိမ်ပြန်ခေါ်သွားတော့သည်။သားအမိနှစ်ယောက်လုံး ရေချိုး အပြီးတွင် ချန်းဟွမ်ကရှင်းရှင်းအား အိပ်ရာထဲ၌သိပ်၏။


 ရှင်းရှင်းသည် တစ်ညလုံး ကစားထားရာမှ ပင်ပန်းနေသောကြောင့် သိပ်မကြာမီမှာပင် ဟောက်သံထွက်လာတော့သည်။


 ချန်းဟွမ်မှာမူ ရှင်းရှင်းအိပ်ပျော်သွားသည့်တိုင်အောင် အိပ်ငိုက်ခြင်းမရှိသေးပေ။


သူမ အရံအိပ်ခန်း၏အပြင်ဘက်ရှ်ိ ကုလားထိုင်ပေါ်တွင်ထိုင်နေရင်း ကျန်းမင်ယွမ်ထံသို့ နောက်မကျရန်နှင့် ပြန်လာသည်အထိစောင့်နေမည်ဖြစ်ကြောင်း မက်ဆေ့ခ်ျပို့လေသည်။


 


ကျန်းမင်ယွမ်သည် ဤသို့သော နွေးထွေးသည့်ဂရုစိုက်မှုကို တောင့်မခံနိုင်ပေ။ ချန်းဟွမ်မက်ဆေ့ခ်ျပို့ပြီး နာရီဝက်အကြာမှာပင် အောက်ထပ်မှ အသံကြားလာရသည်။


ချန်းဟွမ်သည်ဖုန်းကို လက်ထဲတွင်ကိုင်ထားပြီး ပြုံးပြုံးရွှင်ရွှင်နှင့်  ပြေးထွက်လာ၏။


ထို့နောက် လမ်းခုလတ်တွင် အပေါ်ထပ်သို့တက်လာသည့်ကျန်းမင်ယွမ်နှင့် ဆုံမိကြသည်။ 


ကျန်းမင်ယွမ်က ချန်းဟွမ်ကို သိုင်းဖက်လာပြီး ခေါင်းငုံ့ကာ နမ်းလိုက်သည်။ ချန်းဟွမ်ကလည်း ကျန်းမင်ယွမ်၏ ကျူးကျော်မှုကို မငြင်းပယ်ပေ။အချိန်အတော်ကြာပြီးနောက် ကျန်းမင်ယွမ်က သူ၏နှုတ်ခမ်းနှင့် လျှာကို ပြန်သိမ်းလိုက်ပြီး ချန်းဟွမ်အား ခပ်ဖွဖွတစ်ချက်နမ်းပြန်သည်။ထို့နောက် ပြုံးလျက် အသံဩဩကြီးဖြင့်ပြောလေ၏။


 “ကိုယ့်ကို အရမ်းလွမ်းနေတာပဲလား” 


  "ရှင်ကသာ အိမ်အတင်းပြန်လာချင်နေတာပါနော်..."


ချန်းဟွမ်က ပြန်ချေပလေသည်။


 "ဒီလိုပြောတယ်ပေါ့လေ..."  


ကျန်းမင်ယွမ်၏လေသံသည် ပို၍ပင် ဝမ်းသာအားရဖြစ်သွား၏။သူကပြောပြီးသည်နှင့် ချန်းဟွမ်၏နှုတ်ခမ်းအစုံကို ထပ်နမ်းပြန်သည်။


ဤတစ်ကြိမ်အနမ်းမှာ ပိုပြင်းရှသောကြောင့်


ချန်းဟွမ်က ကျန်းမင်ယွမ်ကို တွန်းထုတ်လိုက်ပြီး အသက်ရှုရန်လုံးပမ်းနေလျက် ပြောလေ၏။


  "အရမ်းကြမ်းလွန်းနေတာမဟုတ်ဘူးလား"


Xxxxx


Chapter 240


ချန်းဟွမ်သည် ယခင်က မာဂျောင်မကစားဖူးသော်လည်း


ကြည့်ရင်းကြည့်ရင်းဖြင့် စည်းမျဉ်းစည်းကမ်းများကိုနားလည်သလိုလိုဖြစ်လာခဲ့သည်။ သူမသည် အနောက်မှနေ၍စောင့်ကြည့်နေခဲ့ပြီး ကျန်းမင်ယွမ်သည် အတည်ပေါက်ဖြစ်နေသော်လည်း အနိုင်ပိုင်းရန် ရည်ရွယ်ချက် လုံးဝမရှိကြောင်း သိလိုက်ရ၏။ 


ကျန်းမင်ယွမ်သည် အခြားသူများလိုအပ်သည်ကိုသာဖြည့်ဆည်းပေးနေခဲ့လေသည်။


ထို့ကြောင့် ကစားပွဲကို စောင့်ကြည့်နေသောချန်းဟွမ်က ငြီးငွေ့လာပြီး စောစောစီးစီးထွက်သွားရန် အကြောင်းပြချက်ရှာခဲ့ခြင်းဖြစ်သည်။


ချန်းဟွမ်သည် ထိုယောက်ျား၏လက်မောင်းကိုမှီလိုက်ကာ ပြောလေ၏။


 “ဘာလို့ တမင်တကာ ပိုက်ဆံအရှုံးခံတာလဲ ”


 "အလျှော့ပေးတာလေ" 


 ကျန်းမင်ယွမ်သည်  အခြားအကြောင်းအရာများကိုပြောရင်း ဤအချိန်ကောင်းအား ဖြုန်းတီးပစ်ရန် ဆန္ဒမရှိပေ။ 


သူသည် ချန်းဟွမ်အား လက်နှစ်ဖက်ဖြင့်သိမ်းကြုံး၍ချီလိုက်သည်။ကျန်းမင်ယွမ်သည် အရံအိပ်ခန်းနှင့် ဧည့်သည်အိပ်ခန်းကြားအရောက်တွင် အနည်းငယ်တွေဝေသွားသေးသော်လည်း နောက်ဆုံး၌မူ ချန်းဟွမ်အား ဧည့်သည်အိပ်ခန်းထဲသို့ ပွေ့ချီသွားလေ၏။


အိပ်ခန်းထဲတွင် မီးဖွင့်မထား၍ မှောင်မဲနေသည်။ 


ကျန်းမင်ယွမ်သည် အိပ်ခန်းအပြင်အဆင်နှင့် ရင်းနှီးနေသဖြင့် မီးမဖွင့်လည်း ကိစ္စတော့မရှိချေ။ သူသည်


 ချန်းဟွမ်အား ကုတင်ပေါ် သို့လှဲချကာ 


အထက်မှအုပ်မိုး၍ ဆက်နမ်းလေသည်။


ကျန်းမင်ယွမ်သည် ချန်းဟွမ်၏နှုတ်ခမ်းထောင့်မှ မေးစေ့အထိ နမ်းရှုံ့၏။ ထို့နောက် လည်ပင်းအောက်သို့ ငုံ့ကာ နောက်ဆုံးတွင် သူမ၏ညှပ်ရိုးကို ကိုက်ပစ်လိုက်သည်။ 


 ကျန်းမင်ယွမ်၏အသက်ရှူသံများက ဆူပွက်လာပြီး သူက လက်နှစ်ဖက်ထောက်လျက်အနေအထားဖြင့်ပြောလာ၏။ 


“ကိုယ်ရေချိုးဦးမယ်” 


 ချန်းဟွမ်ထံတွင် ပုံမှန်စိတ်အခြေအနေမရှိတော့သည့်အထိ အနမ်းကပြင်းလွန်းသည်။သို့သော် ကျန်းမင်ယွမ်၏စကားက ချန်းဟွမ်အား အသိစိတ်ပြန်ဝင်သွားစေ၏။


နှစ်ဦးသားကြားတွင် နောက်တစ်ဆင့်တက်ရန်


ချန်းဟွမ်က မကန့်ကွက်ခဲ့သော်လည်း သူမထံတွင် အတွေ့အကြုံလည်းမရှိချေ။


ဆက်ဖြစ်မလာမည့်အရာများကို တွေးကြည့်လိုက်ရုံဖြင့်


" အင်း " ဟူသောစကားတစ်ခွန်းပြောဖို့ကိုပင် ရှက်သွေးဖြာသွားရသည်။


ညအ‌မှောင်သည် ချန်းဟွမ်အတွက် အကောင်းဆုံးကာကွယ်မှုတစ်ခုဖြစ်ခဲ့ပြီး နီမြန်းနေသော ပါးပြင်များနှင့် မျက်ရည်စများကို ဖုံးကွယ်ထားလိုက်နိုင်သည်။ ကျန်းမင်ယွမ်သည် တစ်ဖက်လူထံမှ မည်သည့်အသံမှပြန်မကြားရသောကြောင့် ချန်းဟွမ်သည် ဤအခြေအနေအား မလိုလားဟု နားလည်မှုလွဲသွားလေ၏။


ကျန်းမင်ယွမ်က အနည်းငယ် စိတ်ပျက်သွားသည်။


 သူ၏တစ်ကိုယ်လုံးမှာ ပူလောင်နေပြီး သက်သာရာတစ်ခုခုကို ရယူလိုခဲ့၏။


ကျန်းမင်ယွမ်၏ ခန္ဓာကိုယ်အောက်ပိုင်းမှာ ထိုနေရာတွင် ရှိနေဆဲဖြစ်ပြီး သူသည် တစ်စုံတစ်ဦးအား  အတင်းအကျပ် ဖိအားပေးတတ်သူမဟုတ်ပေ။ နောက်ဆုံးတွင် ကျန်းမင်ယွမ်သည် စိတ်ဖြေလျှော့နိုင်ရန်အတွက် ချန်းဟွမ်၏ပုခုံးသားများကို အကြိမ်အနည်းငယ်ကိုက်လိုက်သည်။


ထို့နောက် ချန်းဟွမ်၏ခါးပေါ်မှ သူ့လက်များကို ဖယ်လိုက်ကာ ငုတ်တုတ်ထထိုင်၏။


 "ဒါဆို ကိုယ်သွားတော့မယ်"


 “အမ်....”  


ချန်းဟွမ်သည် ရုတ်တရက်ဆန်သောအထိအတွေ့ကြောင့်ခဏတာ ညည်းတွားမိသွားသည်။သူမတို့ နှစ်ယောက်ကြား ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကြောင့် ထွက်သွားသော ညည်းညူသံသည် အလွန်တိုတောင်းသော်လည်း ညအမှောင်ထဲတွင် အလွန်အကြူးဆွဲဆောင်မှု ရှိနေသည်။  ချန်းဟွမ်သည် ကုတင်ဘေးမှ ယောက်ျားကို စိတ်လွတ်သွားလုနီးပါး ဖြစ်စေခဲ့သည်။


 ***


 ထိုနေ့ညက ဘာမှဆက်မဖြစ်ခဲ့ကြပေ။


 နောက်တစ်နေ့သည် နှစ်သစ်ကူးပြီးနောက် ပထမဆုံးနေ့ဖြစ်ပြီး ညသန်းခေါင်ကျော်မှနေထွက်ချိန်အထိ  မီးရှူးမီးပန်းများ တောက်လျှောက် ပစ်လွှတ်ခဲ့ကြလေသည်။


 ချန်းဟွမ်သည် ညသန်းခေါင်တွင် အိပ်မပျော်နိုင်ခဲ့ပေ။


 အရုဏ်တက်ချိန်၌လည်း မီးရှူးမီးပန်းပစ်လွှတ်သံများက နှောက်ယှက်သဖြင့် အိပ်ကောင်းခြင်းဖြင့်မအိပ်နိုင်ခဲ့ချေ။


မနက်လင်းချိန်တွင် ချန်းဟွမ်သည် အနည်းငယ်မူးဝေနေခဲ့ပြီး မူးဝေခြင်းသက်သာလာစေရန်အတွက် မျက်နှာကို ရေအေးဖြင့် ဆေးကြောခဲ့၏။


ချန်းဟွမ်တစ်ဦးတည်း ထိုသို့ခံစားနေရသည်မဟုတ်ဘဲ


ကျန်မိသားစုဝင်နှစ်ယောက်မှာလည်း အလားတူပင်ဖြစ်သည်။


ကျန်းမင်ယွမ်သည် မျက်ကွင်းအနည်းငယ်ညိုနေသည်မှလွဲ၍ ပုံမှန်အတိုင်းပင်။


ရှင်းရှင်းသည် မနေ့ညက မကြာခဏနိုးလာခဲ့ပြီး


ယခုအချိန်တွင် အလွန်အိပ်ငိုက်နေသေး၏။


ကလေးလေးကနှုတ်ခမ်းစူပြီး မီးပန်းများကို မုန်းသည်ဟုပြောကာ အိပ်ချင်ကြောင်းကို ငြီးတွားနေပေသည်။


ထိုသို့ပြောနေစဉ်တွင် ရှင်းရှင်း၏မျက်လုံးများမှာ ပိတ်လုမတတ်မှေးစင်းနေခဲ့၏။


လူကြီးနှစ်ယောက်လည်း ဘာမှမတတ်နိုင်ကြပေ။


အခြားနေ့သာဆိုပါက ရှင်းရှင်းအားပြန်အိပ်ခွင့်ပေးနိုင်သော်လည်း ယနေ့သည် နှစ်သစ်၏ပထမဆုံးနေ့ဖြစ်ပြီး လူကြီးသူမများကို သွားရောက်နှုတ်ဆက်ဂါရဝပြုရန်လိုအပ်ပေသည်။နောက်ကျနေပြီးသားဖြစ်သောကြောင့် ထပ်၍နောက်ကျရန်အဆင်မပြေပေ။


 


 "နည်းနည်းလောက် ဆက်အိပ်ခိုင်းပြီးမှ နှိုးလိုက်ကြရအောင်"  


ကျန်းမင်ယွမ်သည် ဧည့်ခန်းအတွင်းရှိ ကျယ်ပြန့်သောသစ်သားကုလားထိုင်ပေါ်တွင် စောင်တစ်ထည်ကို ခင်းလိုက်သည်။ထို့နောက် ရှင်းရှင်းအားကုလားထိုင်ပေါ်တင်လိုက်ပြီး အပေါ်မှစောင်ထပ်ခြုံပေးလေ၏။


ကလေးလေးအားသိပ်ပြီးနောက်တွင် ကျန်းမင်ယွမ်ချန်းဟွမ်နှင့်အတူ ထမင်းစားခန်းထဲသို့ လျှောက်သွားလိုက်သည်။


 "မနက်စာ စားရအောင်" 


Xxxxxxx