Chapter 241
"ကျွန်မ ဘာမှမလုပ်ရသေးဘူး..."
ချန်းဟွမ်က အမြန်ပြောလိုက်သည်။ သူမသည် မနေ့ညက ကောင်းကောင်းမအိပ်ရသဖြင့် သားအဖနှစ်ယောက်ထက် စောစောမထခဲ့ပေ။ ထို့ကြောင့် အိပ်ရာထနောက်ကျ၍ မီးဖိုချောင်ထဲ မဝင်ရသေးပေ။
ကျန်းမင်ယွမ်က လက်ပိုက်၍ ပြောလိုက်သည်။
“ကိုယ်သိပါတယ်...နှစ်သစ်ကူးရဲ့ ပထမဆုံးနေ့မှာ အမျိုးသမီးတွေကို အိမ်မှုကိစ္စ လုပ်ခွင့်မပေးတာက ထုံးစံပါပဲ...”
သူက သူမကို ထမင်းစားခန်းထဲသို့ ခေါ်သွားပြီးနောက် ထမင်းစား စားပွဲရှေ့တွင် ထိုင်ကာ ပြုံး၍ပြောလိုက်သည်။
“ကိုယ် ချက်မယ်လေ..."
ချန်းဟွမ် အနည်းငယ်စိုးရိမ်သွားရသည်။
"ရှင်က ဘယ်လိုလုပ်ရတာလဲ သိလို့လား..."
“အဆင်ပြေမှာပါ...”
မီးဖိုခန်းထဲ လှမ်းဝင်ရင်း သူ့ကို မကြည့်ရန်ပါ ပြောလိုက်လေသည်။
"ပြီးရောလေ..."
ချန်းဟွမ်က အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ကာ ကင်မရာကို ဖွင့်လိုက်ပြီး ကျန်းမင်ယွမ် ချက်ပြုတ်နေသည်ကို ကင်မရာထဲမှ ကြည့်မည် ကြံလိုက်သည်။ ကံမကောင်းစွာနှင့် မီးဖိုချောင်နှင့် ထမင်းစားခန်းကြားတွင် ခန်းဆီးစတစ်ခုရှိနေ၍ သူမမည်သို့ ကြိုးစားကြိုးစား ကျန်းမင်ယွမ်၏ ပုခုံးပြင်ကျယ်ကျယ်ကိုသာ မြင်ရလေသည်။
ချန်းဟွမ်က အမျိုးမျိုး ဘက်ပေါင်းစုံမှ ကင်မရာကို ထားကြည့်သော်လည်း ဘာမှ မတွေ့ရသဖြင့် သူမလည်း ဆက်မလုပ်ဖြစ်တော့။ သူမက ဖုန်းကင်မရာထဲမှတစ်ဆင့် သူမတို့နှစ်ယောက် အတူရှိနေသည်ကို တွေ့ရသောအခါ သူမကြည်နူးသွားရသည်။
"သိပ်တော့လည်း မဆိုးပါဘူး..."
သူမက ဓာတ်ပုံရိုက်ပြီး ဤအခိုက်အတန့် ကလေးကို မှတ်တမ်းတင်ထားလိုက်သည်။ထို့နောက် ခိုးကြောင်ခိုးဝှက် ဓာတ်ပုံရိုက်ပြီးကာမှ အပြစ်ရှိသလို ခံစားလိုက်ရသဖြင့် ဖုန်းကို အိတ်ကပ်ထဲသာ အမြန်ထိုးထည့်ထားလိုက်သည်။
ထို့နောက် ချန်းဟွမ်က ခုံပေါ်ထိုင်လိုက်ပြီး လက်နှစ်ဖက်ကို ဒူးပေါ်တင်ထားကာ မနက်စာစားရန် စောင့်နေလိုက်သည်။ ကျန်းမင်ယွမ်သည် မီးဖိုခန်းထဲတွင် အချိန်အတော်ကြာ အလုပ်ရှုပ်နေပြီး မကြာမီ မီးဖိုဖွင့်သံ ချောက်ကနဲကို ကြားလိုက်ရကာ ဟင်းနံ့များသင့်ပျံ့လာရလေသည်။ ချန်းဟွမ် သည် မွှေးကြိုင်လှသော ဟင်းနံ့ကို ရှူရှိုက်လိုက်ပြီး သူဘာလုပ်ထားလဲ ဆိုသည်ကို စဉ်းစားကြည့်လိုက်မိသည်။
မွှေးကြိုင်သော အနံ့ ပျောက်ရှသွားပြီး မကြာမီ ကျန်းမင်ယွမ်က ဟင်းခွက်ကိုကိုင်ကာ ထွက်လာလေသည်။
ထန်းယွမ် (ကောက်ညှင်းလုံး)....
ထန်းယွမ်သည် အဖြူရောင်ရှိပြီး ဝိုင်းဝိုင်းကလေးများဖြစ်ကာ ဟင်းရည်ထဲတွင် တစ်ခုနှင့် တစ်ခုပူးကပ်နေကြသော ဟင်းတစ်မျိုးဖြစ်သည်။အလှဆင်သည့် အနေဖြင့် အတွင်းတွင် ဂိုဂျီဘယ်ရီသီး အနည်းငယ် ထည့်ထားလေသည်။ ထို့ကြောင့် ခြုံငုံပြောရလျှင် စားချင့်စဖွယ် ဖြစ်နေပါ၏။
"နည်းနည်း မြည်းကြည့်ပြီး ဘယ်လိုနေလဲ ကိုယ့်ကို ပြောလေ..."
ကျန်းမင်ယွမ်က ပန်းကန်လုံးကို သူမရှေ့ချလိုက်ပြီး မျှော်လင့်တကြီးပြောလိုက်သည်။
ချန်းဟွမ်က ထန်းယွမ်ကို ကောက်ကိုင်လိုက်ပြီး အဖြူလုံး တစ်ဝက်ကို ကိုက်လိုက်ရာ အရသာရှိသော အရည်တစ်မျိုးသည် ဖောက်ကနဲ ပေါက်ထွက်လာကာ အသားဖတ်များလည်း ပါ၏။
သူချက်ထားသော ထန်းယွမ် ဟင်းချိုသည် အလွန်အရသာရှိနေကာ အဆီလည်း ဝင်းမနေသလို သွေ့ခြောက်ခြောက်လည်း ဖြစ်မနေပေ။ဟင်းချိုမှာ ထိပ်တန်းအဆင့်မဟုတ်သော်လည်း သာမန်ထက်လည်း ထူးကဲနေပြန်သည်။
ပထမတစ်ကိုက် ကိုက်လိုက်ပြီးနောက် ချန်းဟွမ် အံ့သြသွားရသည်။အကယ်၍ သူမသာ တစ်ချိန်လုံး အပြင်မှာ ထိုင်ပြီးသူ့ကိုစောင့်ကြည့်မနေခဲ့ပါက တခြား တစ်ယောက်ယောက်က သူ့ကို ကူညီပေးနေသည်ဟု တွေးမိသွားနိုင်သည်။ ကျန်းမင်ယွမ်၏ အကြည့်စူးစူးကို သူမ တစ်ချက်ကြည့်လိုက်ပြီး လက်မထောင်ပြလိုက်သည်။
"အရမ်းကောင်းတယ်..."
ကျန်းမင်ယွမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏ တင်းမာနေသော နှုတ်ခမ်းများမှာ အနည်းငယ်ပြုံးယောင်သမ်းသွားရသည်။ထို့နောက် မီးဖိုခန်းထဲသို့ ပြန်ဝင်ကာ ပန်းကန်လုံးတစ်လုံးကို ယူလာပြီးနောက် ချန်းဟွမ်ဘေးတွင် ပြန်ထိုင်ကာ ပြောလိုပ်သည်။
" မင်းကြိုက်တယ်ဆိုလို့ ကိုယ် ဝမ်းသာပါတယ်..."
ထန်းယွမ်သည် ပြီးပြည့်စုံခြင်းဟူသော အဓိပ္ပါယ်ရှိပြီး ဤဒေသ၌ နှစ်သစ်ကူးနေ့တွင် ထန်းယွမ်စားခြင်းသည် ထုံးစံဖြစ်သည်။ အဖေ ကျန်း အသက်ရှိစဉ်က နှစ်သစ်ကူးနေ့တိုင်း ထန်းယွမ်ကို လုပ်ကျွေးခဲ့ဖူးသည်။ကံမကောင်းစွာနှင့် သူ၏ အချက်အပြုတ်စကေးလ်မှာ ဆိုးရွားသဖြင့် ကုမင်လီ မစားချင်၍ သားအဖနှစ်ယောက်သာ ကြိတ်မှိတ်စားခဲ့ရသဖြင့် ကောင်ညှင်းကြောင့် တစ်နေကုန် ရင်ခံနေခဲ့ရလေသည်။
အဖေကျန်း ကွယ်လွန်သွားပြီးနောက် ထန်းယွမ်လုပ်ရန် တာဝန်သည် အိမ်အကူများပေါ်သို့ ကျရောက်သွားရသည်။ မည်သို့ပင်ဆိုစေ ပြီးပြည့်စုံခြင်း၏ အဓိပ္ပါယ်မှာ တခြားသူတစ်ယောက်က ပြုလုပ်သောအခါ ပျောက်ကွယ်သွားရလေ၏။ထိုအချိန်မှစ၍ ကျန်းမင်ယွမ်သည်လည်း နှစ်သစ်ကူးနေ့ကို အထူးတလည် မျှော်လင့်မနေတော့။
ကျန်းမင်ယွမ်သည် ချန်းဟွမ်နှင့် ရှင်းရှင်းကို နှစ်သစ်ကူးအတွက် ပြန်ခေါ်လာစဉ် ထိုအကြောင်းကို ပြန်လည်သတိရမိပြန်သည်။ သူကိုယ်တိုင် အင်တာနက်ပေါ်တွင် ထန်းယွမ်အကြောင်း ရှာဖွေခဲ့ပြီး အစမ်းသဘောဖြင့် အကြိမ်ကြိမ်ချက်ကြည့်ကာ ဟင်းအမယ်များစွာ လွှင့်ပစ်ခဲ့ရပြီး နောက်ဆုံးတွင် ပျော်ရွှင်မှု၏ အရသာကို ခံစားနိုင်လေတော့သည်။
Xxxxx
Chapter 242
ထန်းယွမ် စားပြီးသောအခါ ချန်းဟွမ် ပန်းကန်များဆေးကြောလိုက်သည်။ ထို့နောက် သူမတို့နှစ်ယောက်သည် နှစ်သစ်ကူးလက်ဆောင်များကို ကားနောက်ခန်းထဲသို့ တင်ပြီးနောက် ရှင်းရှင်းကိုနှိုးကာ နှစ်သစ်ကူး နှုတ်ခွန်းဆက်ရန် သွားကြလေသည်။
ကျန်းမင်ယွမ် ၏ ဆွေးမျိုးများသည် မြို့ထဲတွင် ရှိနေကြသည်။သူသည် အစောပိုင်းက ပြဿနာများကြောင့် ဦးလေးအချို့နှင့် အဆက်အသွယ်ဖြတ်ခဲ့ပြီး ကျန်သူများမှာလည်း သိပ်ဆွေမျိုးမနီးစပ်သဖြင့် အလည်အပတ်သွား ရောက်ရန် မလိုအပ်ပေ။ အလည်သွားမည့်သူများမှာ အဘိုးကြီး နှင့် သူ၏ သားသမီးများဆီ ဖြစ်သည်။
ကြက်တူရွေးကလေး သုန်းသုန်းမှာ စင်္ကြံတစ်လျှောက် ရှိနေဆဲပင်။ယခုအခေါက်တွင် သူက ရှင်းရှင်း ကို မှတ်မိပြီး နှုတ်ဆက်လိုက်သည်။
"ဟာ... လူချောလေး... မင်းပြန်လာပြီ..."
ရှင်းရှင်း က ဝမ်းသာအားရဖြင့် လက်ပြနှုတ်ဆက်လိုက်ပြီး လက်ဆောင်ဘူးကို ပွေ့ပိုက်ထားသည်။
"ဘိုးဘိုးကြီးကို နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား သွားပြောရမယ်... နောက်မှ မင်းနဲ့ ကစားဖို့ ပြန်လာခဲ့မယ်နော်...."
"ငါ့ကို ပွတ်သပ်ပေးပါဦး..."
ရှင်းရှင်းက သူ့ကို နှစ်ကြိမ်ခန့် ပွတ်သပ်ပေးလိုက်ပြီး ပြောလိုက်သည်။
"အခုတကယ် သွားရတော့မယ်..."
“လာကစားဦးနော် လူချောလေး...."
**
ရှင်းရှင်းနှင့် ကြက်တူရွေးကလေးသည် တံခါးဝနားတွင် ငြင်းခုံနေကြသည်။ နောက်ဆုံးတွင် အခြားဧည့်သည်များ လည်း ရောက်ရှိလာသဖြင့် သူတို့နှစ်ယောက်မှာ အနှောင့်အယှက်ဖြစ်သွားရလေသည်။
ဧည့်သည်မှာ အဘိုးကြီး၏ မြေးမ,ဖြစ်သည်။ သူမသည် အသက်၄၀ကျော်အရွယ်ဖြစ်ပြီး တက္ကသိုလ်တစ်ခုမှ ပါမောက္ခတစ်ဦးဖြစ်လေသည်။ ပါမောက္ခရာထူးသည် အလွန်လေးစားထိုက်သော အသက်မွေးဝမ်းကျောင်းတစ်ခု ဖြစ်သော်လည်း စီးပွားရေးသမားများသာ ရှိသော မိသားစုဝင်များသည် ချမ်းသာကြွယ်ဝမှုဖြင့် အခြားသူများကို အကဲဖြတ်လေ့ရှိကြသည်။ထို့အပြင် ကောလိပ်ပါမောက္ခ တစ်ယောက်သည် သူတို့လောက် ငွေမရှာနိုင်ဟု ခံစားရသဖြင့် သူမကို သိပ်ဂရုမစိုက်ကြပေ။ သူတို့က သူမကို လျစ်လျူရှုထားကာ သူတို့ မည်မျှငွေရှာနိုင်သည်ကို ညည်းညူသလိုပင် ပြောဆိုနေကြလေသည်။ထို့ကြောင့် သူမကလည်း ဆွေမျိုးများနှင့် ရင်းနှီးရန်မကြိုးစားဘဲ မိသားစုဝင်များနှင့်သာ ခင်မင်ရင်းနှီးလေသည်။
သူမ၏ ခင်ပွန်းဖြစ်သူနှင့် ကလေးမှာ အိမ်ထဲသို့ဝင်သွားကြစဉ် သူမ အပြင်တွင် ရပ်နေပြီး ပြုံးကာ ကျန်းမင်ယွမ် ကို နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ မောင်လေး... ပျော်ရွှင်ဖွယ်နှစ်သစ်ပါနော်...."
“အစ်မလည်း နှစ်သစ်မှာ ပျော်ရွှင်ပါစေ....”
ကျန်းမင်ယွမ်ကလည်း ပြန်ပြောလိုက်သည်။သူသည် ဤဝမ်းကွဲအစ်မနှင့် သိပ်မနီးစပ်သလို သူမနှင့်လည်း အဆင်မပြေစရာ အကြောင်းမရှိပေ။ သူမကို နှုတ်ဆက်ပြီးနောက် သူက ရှင်းရှင်း ကို လက်ဖြင့်ပုတ်လိုက်ပြီး နှုတ်ဆက်ခိုင်းလိုက်သည်။ နောက်ဆုံးတွင် ရှင်းရှင်းသည် ကြက်တူရွေးနှင့် ဆက်မပြောတော့ဘဲ သူ့ရှေ့မှလူအားလုံးကို နှုတ်ဆက်လိုက်သည်။ကြက်တူရွေးကလည်း ပါးနပ်စွာဖြင့် အဝေးကို ပျံပြေးသွားလေသည်။
ရှင်းရှင်းသည် လက်ဆောင်သေတ္တာကို မက်မောစွာကြည့်ကာ ကောက်ယူလိုက်ပြီး အဘိုးအား နှုတ်ဆက်ရန် အဒေါ်မိသားစုနှင့်အတူ အဖေဖြစ်သူနောက်သို့ လိုက်သွားလေသည်။
အဘိုး၏ အခန်းသည် ယနေ့တွင် အထူးအသက်ဝင်နေသည်။ အဘိုးကြီးတွင် သားသမီး၊ မြေး၊ မြစ် မိသားစု ဆယ်စုကျော်ရှိသည်။ ကျန်းမင်ယွမ် နှင့် အခြားဝမ်းကွဲများကို ထည့်တွက်ထားခြင်း မဟုတ်ပေ။
အဘိုးက ဧည့်ခန်းထဲတွင် ထိုင်နေပြီး ဆွေမျိုးများအားလုံး ဝင်လာသောအခါ ၈ နှစ်၊ ၉ နှစ် ဝန်းကျင် ကလေးတစ်ယောက်က သူ့ကို နှစ်သစ် နှုတ်ခွန်းဆက်စကား ပြောလိုက်သည်။ သူက ကလေးကို ပြုံးပြုံးရွှင်ရွှင်နှင့် ခေါင်းကိုပွတ်သပ်လိုက်ပြီး အင်္ကျီရင်ဘတ်ထဲက စာအိတ်အနီရောင်ကို ထုတ်ကာ စာကြိုစားဖို့ပြောလိုက်သည်။
စာအိတ်အနီကို မြင်သည်နှင့် ရှင်းရှင်း၏ မျက်လုံးများမှာ တောက်ပလာရသည်။ မနေ့က အစ်မကြိီးနှင့် အပြင်ထွက်ပြီးသည့်နောက်တွင် သူ ငွေ၏ အသုံးဝင်ပုံကို လုံးလုံးသိသွားပြီ ဖြစ်သည်။ သူက အဘိုးထံ ဒူးထောက်လိုက်ကာ နှစ်သစ်မှာ ပျော်ရွှင်ကျန်းမာပြီး အသက်ရှည်ပါစေဟု မိဘများ မှာထားသည့်အတိုင်း ပြောချလိုက်လေသည်။
ချန်းဟွမ်နှင့် ကျန်းမင်ယွမ် တို့ သူတို့ဆီလျှောက်လာချိန်၌ ရှင်ရှင်းမှာ နှုတ်ဆက်စကားပြောပြီးပြီ ဖြစ်၍ အနည်းငယ်ဆွံ့အသွားရလေသည်။သူတို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး နှုတ်ခွန်းဆက်စကားကို ကမန်းကတန်း ဆိုလိုက်ရလေသည်။ အဘိုးက နောက်ထပ်စာအိတ်အနီနှစ်ခုကိုထုတ်ကာ ရှင်းရှင်း နှင့် ချန်းဟွမ်အား ကမ်းပေးလိုက်သည်။
ကျန်းမင်ယွမ်က သူမနားကပ်ကာ တိုးတိုးလေးပြောလိုက်သည်။
"ဒီကို ပထမဆုံး ရောက်ဖူးတဲ့သူတိုင်း ရကြတယ်...ယူလိုက်..."
ကျန်းမင်ယွမ် စကားကိုကြားလျှင် ချန်းဟွမ် လည်း ကျေနပ်သွားရပြီး အဘိုးအား ကျေးဇူးတင်လိုက်ကာ စာအိတ်အနီကို လှမ်းယူလိုက်လေသည်။
Xxxxx