အပိုင်း ၂၄၃-၂၄၄
Viewers 22k

Chapter 243


ကျန်းမင်ယွမ်တို့ မိသားစုသည် အဘိုးကို နှုတ်ဆက်ပြီးနောက် သူ၏ သားသမီးများကို နှုတ်ဆက်လိုက်ကြသည်။ ချန်းဟွမ် နှင့် ကျန်းမင်ယွမ် တို့ နှုတ်ဆက်စကား ပြောပြီးသောအခါ  နေ့လည်စာစားချိန် နီးကပ်နေပြီဖြစ်သည်။ 


ကျန်းမင်ယွမ်သည် လေးဝမ်းကွဲ အစ်ကိုထံတွင် နေ့လည်စာစားရန် မနေ့ကတည်းက စီစဉ်ထားပြီးဖြစ်သည်။ ဝမ်းကွဲအစ်ကိုတို့ ဇနီးမောင်နှံသည် ပေါင်းသင်းဆက်ဆံရေးကောင်းပြီး ဖော်ရွေသူများ ဖြစ်ကြသည်။ချန်းဟွမ် သည် ဆွေမျိုးများ၏ စပ်စုနေသော အကြည့်တို့အောက်တွင် အေးဆေးစွာပင် နေ့လည်စာကို သင့်တင့်ရုံ စားလိုက်သည်။


သူတို့အားလုံး နေ့လယ်စာစားပြီးနောက် မာဂျောင် ကစားချင်သူအားလုံး လူစုလိုက်ကြသည်။


ထိုအချိန်တွင် ချန်းဟွမ်သည် မနေ့က မာဂျောင်ကစားရာတွင် ပါသမျှ ပိုက်ဆံအားလုံး ရှုံးခဲ့ရသည့် လူတစ်ယောက်ကို သတိပြုမိလိုက်သည်။သူက မာဂျောင် မကစားချင်ဘူးဟု ငြင်းလိုက်ကာ သူ ယခုတစ်လော ကံမကောင်းနေသဖြင့် ကစားလည်း ရှုံးလိမ့်မည်ဟု ပြောနေလေ၏။


ရှုံးသွားသည်မှာ ပိုက်ဆံအများကြီးမဟုတ်သော်လည်း နှစ်သစ်ကူးနေ့တွင် ရှုံးရခြင်းမှာ ကောင်းသည့်လက္ခဏာမဟုတ်ပေ။ စီးပွားရေးလုပ်သူတိုင်း အယူသီးတတ်ကြပြီး သူက ထိုသို့ပြောလိုက်သည့်အခါ အခြားသူများကလည်း မကစားချင်ကြောင်း ပြန်ပြောကြလေသည်။


ထို့နောက် သူတို့သည် စကားလမ်းကြောင်းလွှဲလိုက်ခါ စီးပွားရေးအကြောင်း ပြောင်းပြောကြပြီး သူတို့ စီးပွားရေးလုပ်ငန်းများ အကြောင်းကို ညည်းညူနေကြသည်။ ထိုလူများ ညည်းတွားနေချိန်တွင် ကျန်းမင်ယွမ်မှာ ငြိမ်နားထောင်နေပြီး သူ့ကို အကူအညီတောင်းသည့်အခါလည်း သူက မသိချင်ယောင်ဆောင်နေကာ တခြားစကားကို ပြောင်းပြောလိုက်သည်။


ခြုံပြောရလျှင် အစ်ကိုဝမ်းကွဲအနားတွင် နေခဲ့သည့် တစ်ချိန်လုံး အခြားသူများမှာ ကျန်းမင်ယွမ်ထံမှ ဘာကိုမှ သိခွင့်မရကြပေ။


 ချန်းဟွမ် သူ့ကို အလွန်သဘောကျသွားရသည်။ ထိုသူများမှာ သူတို့ စီးပွားရေးကိစ္စများကို ညည်းတွားနေချိန်တွင် တစ်ကယ့်စိတ်ရင်းနှင့် ပြောနေသလို ဖြစ်နေသဖြင့် သူမပင် အနည်းငယ် ကရုဏာသက်မိသွားရသည်။အစပိုင်းက ကျန်းမင်ယွမ်မှာ ဟန်မပျက်ဘဲ အသာထိုင်နေသဖြင့် သူမလည်း နားမလည်နိုင် ဖြစ်သွားခဲ့ရသည်။


 "ရှင် အရမ်းတော်တာပဲ…" 


ကျန်းမင်ယွမ်မှာ ချန်းဟွမ်က ချီးကျူးလိုက်သဖြင့် သူ ဘာပြောရမှန်းမသိဖြစ်သွားရသည်။


 "နှစ်တိုင်း နှစ်တိုင်း ဒီလိုတွေ ကြားနရတာလေ…ကိုယ်လည်း အထာနပ်လာတာပေါ့…"


ဒါလည်း ဟုတ်တာပဲ…


ထိုဆွေမျိုးများသည် သူတို့ ခြူသံပါအောင် ညည်းညူနေကြချိန်၌ သူတို့မျက်လုံးထဲမှာ အကြံများပြည့်နေသည်ကို တစ်ချက်ကြည့်ရုံနှင့် သိနိုင်ပေ၏။


ဒါကြောင့် ကျန်းမင်ယွမ်လိုလူကို သူ့တို့ ဘယ်အရူးလုပ်နိုင်ပါ့မလဲ…


"အရင်တုန်းက သူတို့ကို ကိုယ်ကူညီခဲ့ဖူးတယ်..." 


"ပြီးတော့ ဘာဆက်ဖြစ်သွားလဲ…"


ချန်းဟွမ် သူ့လေသံကို ကြားရုံမျှဖြင့် ကောင်းသောကိစ္စမဟုတ်ဟု ပြောနိုင်နေပြီ ဖြစ်၏။


"ဒါပေမယ့် သူတို့က ကိူယ့်ကို မကောင်းကြံလိုက်တယ်လေ…ကိုယ်မှာထားတဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေကို အရည်အသွေးမကောင်းတာတွေနဲ့ လဲထားတယ်.…ကိုယ်တို့ စစ်ဆေးကြည့် တော့တစ်ကယ်ပဲ မကောင်းတာတွေ ဖြစ်နေတယ်…"


ချန်းဟွမ် လန့်သွားမိသည်။ ညံ့ဖျင်းသော ဆောက်လုပ်ရေးပစ္စည်းများသည် လူ့အသက်အန္တရာယ်ကိုပင် ထိခိုက်စေနိုင်ပေသည်။ 


 "နောက်တော့ရော…"


 "နောက်တော့ အဆောက်အဦးကို ဖြိုဖျက်ပြီး အစကနေ ပြန်ဆောက်ခဲ့ရတာ…" 


ကျန်းမင်ယွမ်သည် ထိုအကြောင်းကို ပြောသောအခါ နှစ်များစွာကြာပြီဖြစ်၍ သူ ခံနိုင်ရည်ရှိ‌နေပုံရပြီး ဟာသပင် ပြောလိုက်သေးသည်။


 "ကံကောင်းတာက အဲဒီတုန်းက ငွေမလည်လို့ အဆောက်အဦးကို တစ်ခုတည်း ဆောက်ခဲ့လို့သာပေါ့… မဟုတ်ရင် ကိုယ် ဒေဝါလီခံသွားရနိုင်တယ်…"


သူက ချန်းဟွမ် လက်ကို ကိုင်ထားပြီး ပြောလိုက်သည်။ 


"တစ်ကယ်လို့ ကိုယ်သာ ဒေဝါလီခံသွားရရင် ကိုယ်မင်းကိုတွေ့ရမှာမဟုတ်ဘူး…"


ချန်းဟွမ်က သူ့ကို ပြန်နောက်မနေဘဲ သိလိုဇောဖြင့် မေးလိုက်သည်။


 "ရှင့်ကို ပစ္စည်းအတုတွေ ရောင်းတဲ့လူက ဘယ်မှာလဲ…သူ့ကို ပြန်လျော်ခိုင်းရမှာ…"


 "ကိုယ် လိုက်ရှာတော့ သူက ထွက်ပြေးသွားပြီလေ…"


ထိုအချိန်က ကျန်းမင်ယွမ်၏ ဖခင်မှာ မကြာခင်က ဆုံးပါးသွားခဲ့သဖြင့် ဝမ်းနည်းပူဆွေးနေဆဲကာလ ဖြစ်၏။ဖခင်ဖြစ်သူ ကွယ်လွန်သွား၍ ကုမ္ပဏီတွင်းရှိ လုပ်ပိုင်ခွင့်နှင့်အာဏာကို ဦးလေးများက ခွဲတမ်းချ လက်ဝါးကြီး အုပ်ထားကြသဖြင့် သူ ပြန်ယူရန် ဆုံးဖြတ်ခဲ့လေသည်။


သို့သော် အသက် ၂၀ မျှသာရှိသေးသော လူငယ်လေးတစ်ယောက်သည် ကြီးမားလှသောကုမ္ပဏီကြီး တစ်ခုကို စီမံခန့်ခွဲရမည်ဖြစ်ပြီး သူ့ကို အကူအညီပေးကြသူများမှာလည်း အနည်းငယ်သာရှိ၍ သူတို့ချင်းလည်း အ‌စေးမကပ်ကြချေ။ အပြင်လူများက သူ့ကိုမယုံကြည်ကြရုံသာမက အမေဖြစ်သူကလည်း နေ့စဥ်နေ့တိုင်း စိတ်ဓာတ်ကျနေပြီး သူ့ကို အသုံးမကျကြောင်းနှင့် ဆွေမျိုးများအား ကုမ္ပဏီကို ဦးစီးခွင့် ပေးသင့်ကြောင်း ပြောဆိုနေတော့သည်။


  


ကျန်းမင်ယွမ် သူ့ကိုယ်သူလည်း စိတ်ပျက်ခဲ့ရပြီး သူ့ကို မတရားလုပ်နေကြသည်ဟုလည်း ခံစားခဲ့ရသည်။ နောက်ဆုံး သူ အိမ်နှင့် အတိုက်အခံလုပ်ကာ အိမ်ပေါ်မှ ဆင်းလာပြီး သူ့တွင်ရှိသည့် အရင်းအနှီးကလေးဖြင့် ပြန်လည်စတင်ကာ တခြားသူများကို သူ့အောင်မြင်မှုများအား ပြသရန် ဆုံးဖြတ်ခဲ့လေသည်။ မည်သို့ပင်ဆိုစေ သူသည် ထိုအချိန်က အလွန်နုနယ်သေးပြီး ဒေါသကြီးကာ ပြတ်ပြတ်သားသား မဆုံးဖြတ်တတ်သေး။သူ ငွေအမြောက်အမြား ရှုံးခဲ့ရပြီး အမှားများစွာ မှားခဲ့ရသည်။သို့သော်လည်း အမှားများသည် နောက်တစ်ကြိမ်အတွက် သင်ခန်းစာများသာ ဖြစ်လေသည်။


ကျန်းမင်ယွမ်က ချန်းဟွမ်၏ လက်ကလေးကို ဖျစ်ညှစ်လိုက်ကာ ဒေါသထွက်နေသော သူမအား နှစ်သိမ့်ပေးလိုက်သည်။ 


"ကိုယ် ဒေဝါလီမခံရဘူးလေ… ပြီးတော့ ဝူရွှမ်း အဆောက်အဦးကို ပြန်ဆောက်ခဲ့တယ်…ကိုယ့် ကုမ္ပဏီက အဲ့ဒီကိစ္စကြောင့် နာမည်ကောင်းရခဲ့လို့ နောက်ထပ် အဆောက်အဦးတွေ ရောင်းတဲ့နေရာမှာ ဘာပြဿနာမှ မရှိခဲ့ဘူး… ဒါဟာ ဘုရားသခင်ရဲ့ ကောင်းချီးတစ်ခုလို့ မင်း သတ်မှတ်ချင် သတ်မှတ်လို့ရတယ်…"


Xxxxxx


Chapter 244


သူ့စကားက အဓိပ္ပာယ်ရှိနေသော်လည်း ချန်းဟွမ် သူ့အစား စိတ်ဆိုးနေရဆဲ။


 "ဒါပေမယ့် ရှင် အရမ်းနစ်နာတာပေါ့…"


 "မဟုတ်ဘူ…ကိုယ့်ပိုက်ဆံတွေ ပြန်ရတယ်…" 


 "တကယ်လား…" 


 ထိုအချိန်တွင် ကျန်းမင်ယွမ် အစား သူမပျော်သွားရသည်ကို ဝန်ခံရပေမည်။


 "တစ်ကယ်…တစ်ကယ်…"


သူက ထပ်ခါတလဲလဲ ပြောလိုက်သည်။  


နှစ်ယောက်သား စကားစမြည်ပြောကြပြီး အိမ်ပြန်ရောက်သောအခါ ညစာပြင်လိုက်ကြသည်။ ညစာစားပြီးသည်နှင့်  အမေ ကျန်း က ဖုန်းခေါ်လာသည်။


ကုမင်လီသည် ယခုအချိန်တွင် သူမဘဝ၏ အကောင်းဆုံးအချိန်ကို ပိုင်ဆိုင်နေရသည်။ သူမ၏ ချစ်သူမှာလည်း အလုပ်အကိုင်နှင့် ဖြစ်သွားရပြီး သူမတို့နှစ်ဦး မခွဲမခွာ အတူရှိနေကြသည်။ ယခင်က ကြမ်းတမ်းသော ဘဝဒဏ်ကို ဖြတ်သန်းခဲ့ရဖူးသော သူမ ချစ်သူသည်  ယခု လက်ရှိအခြေအနေကို အလွန်တန်ဖိုးထားကာ သူမကိုလည်း ကောင်းမွန်စွာ ဂရုစိုက်ပေးလေသည်။ ကုမင်လီ သည် နေ့တိုင်း ပျော်ရွှင်နေပြီး နှစ်အနည်းငယ် ပိုငယ်သွားသည်ဟုပင် ထင်ရလေသည်။ သူမ မွေးရပ်မြေမှထွက်ခွာသွားရသော်လည်း သူမချစ်သူနှင့်အတူရှိနေ၍ နှစ်သစ်ကူးကာလမှာ လုံးဝ အထီးကျန်ခြင်းမရှိပေ။ သူမကိုယ်တိုင် ဟင်းအနည်းငယ်ပင် ချက်ပြုတ်လိုက်သေးသည်။သူမသည် ကျန်းမင်ယွမ်ကို နှစ်သစ်ကူးညစာအကြောင်းနှင့် သူ့ကျန်းမာရေးအကြောင်း မေးချင်သော်လည်း နှစ်နိုင်ငံ အချိန်ကွာခြားမှုကြောင့် တစ်ကြောင်း၊ကွယ်လွန်သူ ခင်ပွန်းဟောင်းအကြောင်း ပြန်အစဖော်မည်စိုး၍က တစ်ကြောင်းကြောင့် တစ်နေကုန် ဝေခွဲမရဖြစ်နေကာ ဖုန်းမခေါ်ဖြစ်ခဲ့ပေ။


အမေ ကျန်း က သားဖြစ်သူ ကျန်းမာရဲ့လား ဆိုသည်ကို မေးမြန်းလိုက်ပြီး ဂရုစိုက်ရန် မှာကြားလိုက်သည်။ ကျန်းမင်ယွမ်က ကောင်းကောင်း ပြန်မဖြေဘဲ သူမစကားကို နားထောင်နေသော်လည်း ပြန်မပြော။သားအမိ နှစ်ယောက်မှာ စကားပြောစရာ မရှိသလောက်ဖြစ်သွားရသည်။


အတန်ကြာမှ ကုမင်လီက ပြောလိုက်သည်။


"မင်ယွမ်… အမေ ဒီနိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့် ပြောင်းလိုက်ရင် ဘယ်လိုလဲ…"


ကျန်းမင်ယွမ်က သူ့နှုတ်ခမ်းထောင့်တစ်ဖက်ကို တွန့်ချိုးလိုက်ပြီး ပြောလိုက်သည်။


 "ဒါက ဘာဖြစ်ရပြန်တာလဲ…" 


ကုမင်လီသည် သူ့မျက်နှာအမူအရာကိုမမြင်ရသောကြောင့် သူမဆုံးဖြတ်ချက်ကို ပြောလိုက်ပြန်သည်။


" အမေ ဒီမှာခဏနေမယ်ဆိုတာကလည်း ကျန်းမာရေးအတွက်ရော၊အလုပ်လုပ်ဖို့ရောလေ…ပြီတော့ VISA သက်တမ်းတိုးရတာကလည်း အရမ်းခက်တယ်…အမေလည်း လုပ်ဖူးလို့ သိနေတယ်လေ…ပြီတော့ အခုဆို လမ်းပန်းဆက်သွယ်ရေးကလည်း အရမ်းကောင်းနေတော့ လူတစ်ယောက်က နိုင်ငံသားဖြစ်ခွင့်ပြောင်းလိုက်တာနဲ့ ဘာမှ ဆက်မဖြစ်နိုင်ပါဘူး…ဘယ်နိုင်ငံမဆို ကြိုက်သလို သွားလို့ လာလို့ရတုန်းပဲလေ…"


ကျန်းမင်ယွမ် က အေးစက်နေသော်လည်း သူ့အသံက နူးညံ့နေသည်။


"ကောင်းပြီ…အမေ ကြိုက်သလို လုပ်ပါ…"


 သူ့လေသံက အေးဆေးနေသဖြင့် သူက စိတ်လိုလက်ရ သဘောတူလိုက်သည်ဟု ကုမင်လီ ထင်သွားရသည်။ ဖုန်းချပြီးနောက် သူမသည် ကိုယ်လုံးပေါ်မှန်ရှေ့သို့ လျှောက်သွားကာ သူမအမျိုးသားကို နက်ခ်တိုင်စည်းပေးလိုက်ပြီး နမ်းလိုက်သည်။


 "ကျွန်မ နိုင်ငံသားဖြစ်ခွင့်ပြောင်းပြီးရင် လက်ထပ်ကြရအောင်လေ…"


သူသည် လူလတ်ပိုင်းအရွယ်ဖြစ်နေပြီဖြစ်ပြီး သူ့ခန္ဓာကိုယ်မှာလည်း ယခင်ကလို တက်ကြွလန်းဆန်းနေခြင်း မရှိတော့။သို့ရာတွင် သူမကို ဆွဲခေါ်လိုက်သောအခါ နူးညံ့သိမ်မွေ့မှုတို့ အပြည့် ရှိနေရ၏။ ကုမင်လီလည်း စိတ်လှုပ်ရှားနေသဖြင့် သူမဘေးက အမျိုးသား၏ မျက်နှာရိပ်၊မျက်နှာကဲကို မမှန်းတတ်အောင် ရှိနေရလေသည်။သူက သူမလက်ကို ဆုပ်ကိုင်ထားလိုက်ပြီး သူမကို အနမ်းပေးလိုက်သည်။


 "ကိုယ်တို့ တရုတ်နိုင်ငံမှာ မနေတော့ဘူးဆိုပေမယ့် သတိထားဖို့ လိုတယ်… မင်းရဲ့သား သိသွားရင်လည်း မကောင်းဘူး…"


"သူသိမှာမဟုတ်ပါဘူး…မင်ယွမ်က အဲဒီမြေခွေးနတ်ဆိုးရဲ့ ဒဏ်ကို ခံလိုက်ရတော့ သူ ကျွန်မကို သိပ်ဂရုမစိုက်တော့ဘူး…"


သူမက ကလေးမလေးတစ်ယောက်လို နှုတ်ခမ်းစူလိုက်သည်။


 "ရှင်ပဲ ရှိတော့တာ …"


ကျန်းယွီသုန်းက သူမကို ရွံရှာသွားရသော်လည်း မျက်နှာတွင် ခံစားချက်တို့ မပေါ်အောင် ထိန်းထားလိုက်သည်။ဤမိန်းမသည် သူ့အတွက် အသုံးဝင်နေသေးသဖြင့် သူ့မျက်လုံးများ ရုတ်တရက်တောက်ပလာပြီး ချစ်ခင်ဟန်ဖြင့် ပြောလိုက်သည်။


 "အဲ့ဒီမိန်းမက ဘယ်လို မိန်းမလဲ…"


ကျန်းမင်ယွမ်က သူမ အမျိုးသားကို ဆန့်ကျင်နေသရွေ့ ချန်းဟွမ်ကိုလည်း အမြင်မကြည်နိုင်ပေ။


"ဒီတိုင်း သာမန်အလုပ်လုပ်တာပါပဲ…သူမက ပိုက်ဆံမက်လို့ မင်ယွမ် နား ကပ်နေတာလေ…"


"ပိုက်ဆံကြောင့် ဟုတ်လား…" 


ကျန်းယွီသုန်းက ဆံပင်ကို တစ်ချက်ပွတ်သပ်လိုက်ရင်း သက်ပြင်းချလိုက်သည်။သူ့အကြည့်တို့ကလည်း ခန့်မှန်းမရနိုင်အောင် ရှိနေ၏။


Xxxxxxx