အပိုင်း ၂၄၅-၂၄၆
Viewers 20k

Chapter 245


အမေကျန်း စကားကို ကျန်းမင်ယွမ် သိပ်အလေးမထားလိုက်ပေ။သူတို့ မိသားစု သုံးယောက်သည် နောက်တစ်နေ့ မနက်စာစားပြီးနောက်  S မြို့သို့ ပြန်သွားရန် အဆင်သင့်ဖြစ်နေကြသည်။ အားလပ်ရက်နေရာကို ရွေးပြီးသွားပြီ ဖြစ်ကာ နာမည်ကြီးသော အပူပိုင်းကျွန်းတစ်ကျွန်းကို သွားရန် ရည်ရွယ်ထားသည်။ကျန်းမင်ယွမ်က ကိစ္စအားလုံး စီစဉ်ထားခဲ့ပြီး သူတို့မိသားစုလေးအတွက် အကောင်းဆုံး အားလပ်ရက်အတွေ့အကြုံကို ရစေချင်သည့် ဆန္ဒဖြစ်မိသည်။


နေ့ခင်းဘက် အိမ်ပြန်ရောက်သည့်အခါ ညဘက်တွင် လေယာဉ်နှင့်လိုက်ပါရန်  ကျန်းမင်ယွမ် စီစဉ်လိုက်သည်။ထိုစဉ် လေယာဉ်လက်မှတ်ဌာနရှေ့၌ အလုပ်ကိစ္စ ဖုန်းလာသဖြင့် ပြောလိုက်ပြီး သူက ချန်းဟွမ်ကို အားနာနေပုံဖြင့် ပြောလိုက်သည်။


"ကိုယ် တောင်းပန်ပါတယ်… ကိုယ် လိုက်မပို့နိုင်တော့ဘူး…"


 "ရပါတယ်…အားလပ်ရက်ကျရင် အချိန်မရွေး သွားလို့ရတယ်လေ…ရှင်အလုပ်​ကိုပဲ ဂရုစိုက်​​လုပ်နော်​…" 


ပျော်ပါးဖို့ထက် အလုပ်က ပိုအရေးကြီး‌ 


ပေသည်။


ချန်းဟွမ်က အပိုစကားမဆိုဘဲ အောက်ထပ်ကို ဆင်းသွားလိုက်သည်။ ကားမောင်းသူမှာ အောက်ထပ်တွင် စောင့်နေပြီဖြစ်ပြီး ကားထဲဝင်လာသူကို တစ်ချက်ကြည့်လိုက်သည်။


ချန်းဟွမ်က စိုးရိမ်တကြီးနှင့် ကျန်းမင်ယွမ်ကို မေးလိုက်သည်။


 "သိပ်တော့ ဆိုးဆိုးရွားရွားတွေ မဖြစ်လောက်ပါဘူး… ဟုတ်တယ်မလား…"


“ဘာမှ မဖြစ်ပါဘူး…မစိုးရိမ်ပါနဲ့…"


ကျန်းမင်ယွမ်က သူမကို နှစ်သိမ့်ပေးလိုက်သည်။


ဤအဖြစ်အပျက်မှာ နိုင်ငံ I ရှိ ခရီးသွားဒေသ ဖွံ့ဖြိုးတိုးတက်ရေး၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။နိုင်ငံI သည် ၁၀ နှစ်အတွင်း အဆိုးဆုံး တိုင်ဖုန်းမုန်တိုင်းကို ကြုံခဲ့ရသည့် နိုင်ငံတစ်နိုင်ငံပင်။


မုန်တိုင်းကြောင့် ကရိန်းတစ်စီး ပျက်ဆီးခဲ့ရပြီး လမ်းသွားလမ်းလာ နှစ်ဦးကို တိုက်မိခဲ့သည်။ ကျန်း ကော်ပိုရေးရှင်းအတွက်လည်း အလွန်ကံမကောင်းသည့်ဖြစ်ရပ်တစ်ခုဖြစ်သည်။ တိုင်ဖုန်းမုန်တိုင်းအကြောင်း ကြိုတင်သိရသောအခါတွင် သူတို့ ပရောဂျက်ကို ရပ်ဆိုင်းခဲ့ရပြီး စက်ပစ္စည်းများတွင် လုံခြုံရေးအစီအစဥ်များ ထပ်မံထည့်သွင်းခဲ့ကာ ကြိုတင် ပြင်ဆင်ထားခဲ့လေသည်။


တိုင်ဖုန်းမုန်တိုင်းသည် မျှော်မှန်းထားသည်ထက် အင်အားကောင်းနေသော်လည်း လမ်းသွားလမ်းလာများ သွားလာလှုပ်ရှားနေကြဆဲပင်။ထို့ကြောင့် အားအပြင်းဆုံး တိုင်ဖုန်းမုန်တိုင်းနှင့် မကြောက်မရွံ့ လူသွားလူလာများတို့ကြောင့် ဤကြေကွဲဖွယ်ဖြစ်ရပ်ကြီး ဖြစ်ခဲ့ရသည်။ 


သာမာန်ဆိုလျှင် ကျန်း ကော်ပိုရေးရှင်းသည် လျော်ကြေးငွေများ ပေးဆောင်ရမည်ဖြစ်ပြီး တာဝန်ရှိသူက တာဝန်ယူရမည် ဖြစ်သည်။နိုင်ငံ၏ ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်ပွားခဲ့သဖြင့် အတိုက်အခံ နိုင်ငံရေးပါတီ နှစ်ခုမှာလည်း ထိုင်မရ ထမရဖြစ်နေကြသည်။


ကျန်း ကော်ပိုရေးရှင်း၏ ခရီးသွားခရိုင်စီမံကိန်းသည် လက်ရှိအာဏာရပါတီ၏ နိုင်ငံရေးအောင်မြင်မှု တစ်စိတ်တစ်ပိုင်းဖြစ်ပြီး တစ်ချိန်လုံး အတိုက်အခံပါတီကလည်း တိုက်ခိုက်ခဲ့လေသည်။အတိုက်အခံပါတီသည် အာဏာရပါတီကို ဖိအားပေးရန်အတွက် ဤဖြစ်ရပ်ကို အသုံးပြု၍ လူထုကို သွေးခွဲနေ၏။


မကြာမီ ကျန်း ကော်ပိုရေးရှင်း၏ ဟိုတယ်ပရောဂျက်သည်လည်း ရပ်တန့်သွားခဲ့ရပြီး ဤပရောဂျက်တွင် ရင်းနှီးမြှုပ်နှံထားသည့် ငွေမှန်သမျှ နှောင့်နှေးကြန့်ကြာနေခဲ့ရသည်။ထို့ကြောင့် ကျန်း ကော်ပိုရေးရှင်း၏ သူဌေးသည် ထိုနေရာသို့ လူကိုယ်တိုင်သွား၍ ညှိနှိုင်းခဲ့ရသည်။


ကျန်းမင်ယွမ်မှာ ယခုကဲ့သို့ အဖြစ်မျိုး ကြုံတွေ့ဖူးသဖြင့် ပထမဆုံးအကြိမ်ဟုတ်မနေပေ။ ပထမဆုံး သူလုပ်ခဲ့ရသည်မှာ သေဆုံးသွားသူ၏ မိသားစုကို နှစ်သိမ့်ပေးရပြီး လျော်ကြေးငွေ ထပ်မံပေးအပ်ဖို့ ဖြစ်သည်။ လျော်ကြေးငွေပမာဏသည် မနာလိုသူများ ပါးစပ်ပိတ်သွားနိုင်အောင်ပင် များပြားလေသည်။ထို့နောက် သူက  ပါတီနှစ်ခုလုံး၏ ကိုယ်စားလှယ်များကို ဆက်သွယ်ကာ ကျန်း ကော်ပိုရေးရှင်းကို ပြဿနာထဲ ဆွဲမသွင်းဖို့ တိုက်တွန်းခဲ့ရသည်။


အမှန်အတိုင်းပြောရလျှင် ဤစီမံကိန်းကို ဘယ်ပါတီကမှ ကန့်ကွက်ခဲ့ခြင်း မရှိချေ။ဤနိုင်ငံမှာ သေးငယ်ပြီး စက်မှုလုပ်ငန်းလည်း သိပ်မဖွံ့ဖြိုးသေးသလို မိုင်းတွင်းများလည်း များစွာ မရှိ။ နိုင်ငံ ၀င်ငွေတိုးရန် ခရီးသွားလုပ်ငန်းကို မှီခိုရမည် ဖြစ်ကာ ကျန်း ကော်ပိုရေးရှင်း၏ အပန်းဖြေစခန်း ပြီးသည်နှင့် ခရီးသွားများကို ပို၍ ဆွဲဆောင်နိုင်မည် ဖြစ်သည်။နိုင်ငံရေးသမားများမှာ ရွေးကောက်ပွဲကာလ၌ သူတို့လိုအပ်သလို ခြယ်လှယ်ကြမည်ဖြစ်၍ ကျန်းမင်ယွမ် သည် ပါတီနှစ်ခုကြား အပြန်ပြန်အလှန်လှန် ပြောဆိုနေရကာ အချိန်ကုန် ငွေကုန်ခံ၍ အားစိုက်ထုတ်ခဲ့ရသည်။


ယခုဆိုလျှင် နှစ်သစ်ကူး အားလပ်ရက်များ ကုန်ခါနီးလေပြီ။ 


*** 


"ရှင် ဘယ်တော့အိမ်ပြန်လာမှာလဲ…" 


ချန်းဟွမ်က ဆိုဖာပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ စတော်ဘယ်ရီသီးကို စားနေရင်း ကျန်းမင်ယွမ် ကို ဗီဒီယိုကောလ် ပြောနေစဉ် မေးလိုက်သည်။ဟိုဟိုဒီဒီ သွားရ၊လာရ၍ အလုပ်များနေသဖြင့် ကျန်းမင်ယွမ်မှာ ကိုယ်အလေးချိန် သိိသိသာသာ ကျသွားပြီး အသားများပင် အနည်းငယ် ညိုနေလေသည်။


သူမ သူ့အတွက် စိတ်မကောင်းဖြစ်မိသွားရသည်။


 "ရှင်ပြန်လာရင် အားရှိအောင် ကျွန်မဟင်းတွေ ချက်ကျွေးမယ်…"


ကျန်းမင်ယွမ်က သူ့မျက်ခုံးနှစ်ဖက်ကြားက မျက်မှောင်နေရာကို လက်ဖြင့် ‌ထောက်ထားသဖြင့် ပင်ပန်းနွမ်းနယ်နေသည်မှာ ထင်ရှားပေသည်။


 "မကြာပါဘူး…ပြန်လာမှာပါ…မနက်ဖြန်ကျရင် ဆွေးနွေးရဦးမှာ…အဲ့ဒါပြီးရင် ပြန်လာလို့ရပြီ… က်ိုယ့်အတွက် အရမ်း စိတ်မပူပါနဲ့…"


Xxxxxx


Chapter 246


ကျန်းမင်ယွမ် အိမ်ပြန်လာတော့မည် ဆို၍ ချန်းဟွမ် ဝမ်းသာနေမိသည်။ ယခင်က ခရိုင်ငယ်များရှိ နိုင်ငံရေး အုံကြွမှုများအကြောင်း မကြာခဏ ကြားသိခဲ့ရသဖြင့် ထိုကဲ့သို့ အဖြစ်ကြီးထဲသို့ ကျန်းမင်ယွမ် ဆွဲသွင်းခံရကာ မြေစာပင် ဖြစ်သွားမည်ကို သူမကြောက်နေမိသည်။


ယခုတစ်လော သူမ စိတ်ပူပန်နေမိပြီး အားသည့်အချိန်တိုင်း သတင်းကိုသာ စောင့်ကြည့်နေခဲ့သည်။ သတင်းဌာနများသည် တစ်ရက်အတွင်း အကြိမ်များစွာ ထုတ်လွှင့်တတ်သဖြင့် သူမလည်း တစ်ကြိမ်မှမလွတ်ဘဲ ကြည့်လေသည်။ တစ်နေ့လျှင် ၁၀ ကြိမ်ကျော် ကြည့်နေသဖြင့် ရှင်းရှင်း ပင် သတင်းအချို့ကို အလွတ်ပြော‌တတ်နေပေပြီ။


ကံကောင်းစွာနှင့် သူပြန်လာမည်ဆို၍ သူမလည်း သတင်းကိုချည်း ကြည့်နေစရာ လိုမည်မဟုတ်တော့။


ချန်းဟွမ် ယနေ့ညတွင် စောစော အိပ်ယာဝင်လိုက်သည်။သူမက ခြေလက်သန့်စင်ပြီးသည်နှင့် အိပ်ယာပေါ်လှဲနေရင်း ကျန်းမင်ယွမ် ပြန်လာလျှင် ကိုယ်အလေးချိန်ပြန်တက်လာအောင် မည်သို့ လုပ်ပေးရမည်ဆိုသည်ကို တွေးနေမိသည်။ထို့နောက် ရှင်းရှင်း အတွက် ဆရာအသစ်နှင့် သင်ကြားရန် လျှောက်လွှာတင်ရမည့် ဟု သူမတွေး နေမိသည်။ အတွေးများကို တွေးတောနေရင်း သူမ အိပ်ပျော်သွားရပြီး အိပ်မက်ဆိုးတစ်ခု မက်နေသကဲ့သို့ ထိုညက ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။ 


မနက်အိပ်ရာနိုးလာသောအခါ သူမ အိမ်မက်ထဲမှ အဖြစ်များကို ခံစားနေရသေးသော်လည်း အသေးစိတ်ကို သူမ မမှတ်မိတော့။ သူမ ရင်ဘတ်ကို ဖိထားလိုက်ရင်း နဖူးပေါ်ရှိ အေးစက်နေသော ချွေးများကို သုတ်လိုက်ပြီး ဖုန်းဖွင့်ကြည့်လိုက်ရာ မနက် ၃ နာရီသာ ရှိသေးသည်။


ကျန်းမင်ယွမ်မှာ အနားယူရန် လိုအပ်သောကြောင့် သူမ သူ့ကို မနှောင့်ယှက်ချင်တော့ပေ။ အိပ်မပျော်နိုင်တော့သဖြင့် ချန်းဟွမ် ခဏထိုင်နေမိပြီး တီဗီကို ထုံးစံအတိုင်း ဖွင့်လိုက်သည်။ယခုအချိန်တွင် ဘာမစီအစဉ်မှ ရှိ‌မနေသဖြင့် သူမ သက်ပြင်းချလိုက်ပြီး တီဗီကို ပြန်ပိတ်လိုက်သည်။တစ်ညလုံး ကုတင်ပေါ်တွင် လှဲနေရင်း မျက်နှာကျက်ကို စိုက်ကြည့်ကာ အချိန်ဖြုန်းလိုက်သည်။မနက်လင်းလာသည်နှင့် ချန်းဟွမ် မနက်စာချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။ သူမ ချက်ပြုတ်ပြီးသည်နှင့် အချိန်ကို ပြန်ကြည့်လိုက်ရာ မနက် ၆ နာရီထိုးနေ၍ မနက်ခင်းသတင်း စတင်ပြီ ဖြစ်သည်။


မနက်အစောသတင်း ဖြစ်၍ သတင်းအသစ်မရှိဘဲ မနေ့ညက ကြေငြာထားသည့် သတင်းများကိုသာ ပြန်လည်ပြင်ဆင်၍ ကြေငြာနေသည်။ ချန်းဟွမ်သည် တီဗီကိုဖွင့်ထားပြီး သတင်းကြေညာသူ၏ အသံကို နားထောင်ကာ နံနက်စာပြင်ဆင်နေစဉ် 


“‌ပေကျင်းစံတော်ချိန် မနက် ၃ နာရီ၊ ဒေသစံတော်ချိန် ၂၂ နာရီ မှာ ပြင်းအား ၈.၅ ရှိတဲ့ ငလျင်ဟာ အရှေ့လောင်ဂျီကျု ၅၆ ဒီဂရီနဲ့ မြောက်လတ္တီကျု ၂၃ ဒီဂရီ ပင်လယ်ပြင်မှာ ပြင်းအား ၈ ဒသမ ၅ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ ကျွန်း X ရဲ့ ငလျင်ဗဟို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်… ငလျင်ဟာ နိုင်ငံ I နဲ့ ကျွန်းတွေများစွာကို သက်ရောက်စေခဲ့တဲ့ ဆူနာမီလှိုင်းတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်…ဒါကြောင့် နိုင်ငံIနဲ့ ကျွန်းတွေမှာ အရေးပေါ်အခြေအနေ ရောက်ရှိခဲ့ရတယ်လို့ သူတို့နိုင်ငံရဲ့ သံရုံးနဲ့ ကောင်စစ်ဝန်ရုံးက သတိပေးချက် ထုတ်ပြန်ထားပါတယ်…”


ချန်းဟွမ် သတင်းအစတွင် ပြောလိုက်သော အသုံးအနှုန်းတစ်ခု(နိုင်ငံI) ကို အမှုမဲ့အမှတ်မဲ့သာ သဘောထားလိုက်သော်လည်း သတင်းပြီးသောအခါ သူမ ချက်ချင်း ထူပူသွားရသည်။ သူမလက်ထဲက ဂျုံမှုန့်ထုပ်လည်း ကြမ်းပြင်ပေါ် ပြုတ်ကျပြီး ဂျုံမှုန့်များက ဖွားကနဲ လွင့်လာကာ သူမ အဝတ်အစားများတွင် ပေကျံသွားရသော်လည်း သူမ သိပ်ဂရုမစိုက်ပေ။ သူမ မီးဖိုချောင်ထဲက ထွက်လာသောအခါ ငလျင်ကြောင့် ဖြစ်ပေါ်လာသော ဆူနာမီ သတင်းများကို တီဗီထဲတွင် ပြသနေဆဲ ဖြစ်သည်။မျက်မြင်သက်သေအချို့က ရိုက်ကူးထားသည့် ဗီဒီယိုကို ပြသထားသဖြင့် လှိုင်းလုံးကြီးများ ကမ်းပေါ်တက်နေပုံကို မြင်နေရသည်။ သစ်ပင်များ၊ အိမ်ထောင်ပရိဘောဂများ၊ မီးတိုင်များနှင့် အိမ်များအားလုံး ပင်လယ်ရေကြောင့် မျောပါနေလေသည်။ ပင်လယ်ရေသည် အမှိုက်သရိုက်များနှင့်အတူ ကုန်းတွင်းပိုင်းသို့ ဆက်လက်စီးဆင်းသွားခဲ့သည်။ လူငယ်တစ်ယောက်သည် ရေပေါ်ပေါ်နေသော သစ်သားပိုင်းကို ဖက်ထားကာ အကူအညီတောင်းရန် အော်ဟစ်နေစဉ် ရုတ်တရတ် လှိုင်းလုံးကြီးက သူ့ကို ဖုံးလွှမ်းသွားပြီး ပျောက်ချင်းမလှ ပျောက်သွားလေသည်။ 


ချန်းဟွမ် စဉ်းစားတွေးခေါ်နိုင်စွမ်းလည်း မရှိတော့သလို သူမ ရင်ဘတ်ထဲတွင် တင်းကျပ်လာသည်ကို ခံစားလိုက်ရကာ သူမ မတ်တတ်ပင် မရပ်နိုင်တော့။


 မိနစ်အနည်းငယ်ကြာပြီးနောက်  ချန်းဟွမ် ကိုယ့်ကိုယ်ကို သတိကပ်လိုက်သည်။ထို့နောက် ကျန်းမင်ယွမ်ကို  ချက်ချင်း ဖုန်းလှမ်းခေါ်လိုက်သည်။ “ပီပီ” ဟူသော အသံကို ကြားလိုက်သောရအခါ သူမ မျက်လုံးများ တောက်ပလာရသော်လည်း ဆက်သွယ်မှုဧရိယာပြင်ပသို့ရောက်နေကြောင်း မက်ဆေ့ချ်ကိုသာ ကြားလိုက်ရသည်။


တစ်ချိန်တည်းဆိုသလို သူမရင်ထဲမှာ ပေါက်ဖွားလာသည့် မျှော်လင့်ချက်များ ကြေမွသွားရသည်။ သူမ လက်များ တုန်ခါနေကာ အံကြိတ်ထားသော်လည်း ပါးပြင်ပေါ်သို့ မျက်ရည်များက အဆီးအတားမရှိ စီးကျလာကြသည်။ 


ထို့နောက် ချန်းဟွမ် မျက်ရည်စတို့ကို သုတ်လိုက်ပြီး ကျန်းမင်ယွမ်ကို ဖုန်းဆက်ခေါ်လိုက်သည်။ဆူနာမီသည် အလွန်အားပြင်းကြောင်း သတင်းများတွင် ပြသနေလျက်ရှိသည်။ ချန်းဟွမ်သည် ဆယ်ကြိမ်တိုင်တိုင် ဖုန်းခေါ်၍ မရသဖြင့် နောက်ဆုံးတွင် အနည်းငယ် ငြိမ်သက်သွားရပြီး သူမ ဖုန်းဆက်မခေါ်တော့ဟု ဆုံးဖြတ်လိုက်သည်။ထို့‌နောက် သူမသည် နိုင်ငံ I ရှိ ကောင်စစ်ဝန်ရုံး၏ ဖုန်းနံပါတ်ကို ရှာဖွေလိုက်သည်။


ကောင်စစ်ဝန်ရုံးတည်ရှိရာ မြို့တော်ကို ကယ်ဆယ်ရေးအဖွဲ့မှ ကယ်တင်ခဲ့လေသည်။ မည်သို့ပင်ဆိုစေ ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ရာနိုင်ငံဖြစ်သောကြောင့် ဖွံ့ဖြိုးနေခြင်း ဖြစ်နိုင်သည်။ 


သူမ ဖုန်းခေါ်လိုက်ရာ ရုံးဝန်ထမ်းများက ကျန်းမင်ယွမ် ၏ အချက်အလက်များကို ယူထားကာ သူမကို နှစ်သိမ့်ပေးကြသည်။ထို့အပြင်သူတို့က အကြောင်းတစ်စုံတစ်ရာ ထူးသည်နှင့် သူမကို ဆက်သွယ်ပါ့မည်ဟု အာမခံခဲ့လေသည်။


Xxxxxxx