အပိုင်း ၂၄၇-၂၄၈
Viewers 22k

Chapter 247


ချန်းဟွမ်သည် ကောင်စစ်ဝန်ရုံးကို ဖုန်းခေါ်ပြီးနောက် ကျန်းမင်ယွမ်ကို ထပ်မံ ခေါ်လိုက်သေးသည်။ထို့နောက် သူမက လူမှုကွန်ရက် အက်ပလီကေးရှင်းအားလုံးကို သုံးပြီး သတင်းအချို့ ကြည့်လိုက်သော်လည်း ဘာသဲလွန်စမှ မသိရပေ။သူမ ကြမ်းပြင်ပေါ် အရုပ်ကြိုးပြတ်ထိုင်ချလိုက်ရင်း မျှော်လင့်ချက်မဲ့သွားရသည်။ သူမ ရင်ထဲ၌ ဟာလာဟင်းလင်း ဖြစ်နေပြီး ခြေဖျားလက်ဖျားများမှာလည်း အေးစက်လာကြသည်။


ထိုစဉ် ရှင်းရှင်းမှာ သူ့အဝတ်အစားများကို သူ့ဘာသာ လဲဝတ်ထားပြီး ဆင်းလာကာ ချန်းဟွမ်နှင့် မျက်နှာချင်းဆိုင်တွင် ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်သည်။


 "မေမေ…သားဗိုက်ဆာတယ်…မနက်စာ ဘာစားရမှာလဲ…"


ချန်းဟွမ် သားဖြစ်သူအသံကိုကြားသောအခါ သတိပြန်ဝင်လာရကာ ဝမ်းနည်းမှုနှင့် ကြောက်ရွံ့မှုတို့ နှစ်ခုစလုံး သူမရင်ထဲ ပိုဆိုးလာရသည်။  ချန်းဟွမ်က မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး ဝမ်းနည်းမှုကို မြိုသိပ်ထားကာ ကြမ်းပြင်ပေါ် ထိုင်နေရာမှ ထလိုက်ခါ ရှင်းရှင်းကို ဆွဲထူလိုက်သည်။


 "ကြမ်းပြင်ပေါ်မှာ မထိုင်နဲ့လေ…"


 "မေမေ ထိုင်နေလို့ ကြမ်းပြင်ပေါ်မှာ ထိုင်နေရတာလေ…"


ချန်းဟွမ်က ရှင်းရှင်းကို နောက်ပြေင်မနေတော့ဘဲ မီးဖိုခန်းထဲ ဝင်သွားလိုက်သည်။ ဂျုံမှုန့်များမှာ ဖိတ်စင်သွားသဖြင့် မနက်စာမှာ ဆန်ပြုတ်တစ်ပန်းကန်သာ ရှိလေသည်။


ချန်းဟွမ်သည် ရှင်းရှင်း အတွက် အချဉ်သိပ်ထားသော အသီးအရွက်များနှင့်အတူ ယာဂုတစ်ပန်းကန်ကို လှမ်းပေးလိုက်သည်။ ရှင်းရှင်းသည် ရိုးရှင်းသော နံနက်စာကြောင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း သူဘာမှ စောဒကမတက်ရှာပေ။သူက ယာဂုပန်းကန်တစ်ဝက်ကို အေးအေးဆေးဆေး သောက်နေရင်း အမေဖြစ်သူက ဘာမှ မစားသည်ကို မြင်လိုက်ရလျှင် မေးလိုက်သည်။


 "မစားဘူးလား မေမေ…" 


"မေမေ ဗိုက်မဆာဘူး…"


အခုချိန်မှာ သူမ ဘယ်လိုလုပ် စားနိုင်မှာလဲ…


သူမကိုယ်သူမ အားတင်းကာ ပြုံးလိုက်ပြီး ရှင်းရှင်း ခေါင်းကို ပွတ်သပ်လိုက်သည်။ 


"သား စားကောင်းတယ်မလား…"


"အင်း…" 


ရှင်းရှင်းက ကျန်နေသော ယာဂုကို ကုန်အောင် သောက်ပစ်လိုက်ကာ ဇွန်းကိုချ၍ ပါးစပ်ကို သုတ်လိုက်ပြီး ပြောလိုက်သည်။


 "သား သွားကစားဦးမယ်နော် မေမေ…" 


သူက ပြောပြီးပြီးချင်း တစ်ချိုးတည်း ထွက်သွားကာ တစ်မနက်လုံး အပေါ်ထပ် ကစားခန်းတွင် ပျော်ရွှင်စွာ ကစားနေလေသည်။ သူ ဗိုက်ဆာသဖြင့် အောက်ပြန်ဆင်းလာရာ အမေဖြစ်သူမှာ မနက်ကတည်းက ထိုနေရာတင် မလှုပ်မယှက် ရပ်နေပြီး ပန်းကန်များမှာလည်း မဆေးရသေးသဖြင့် သူတစ်ခုခု ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။


ကလေးလေးမှာ ကြောက်လန့်သွားရပြီး သူ့ဗိုက်ကို  လက်တစ်ဖက်ဖြင့်  ကိုင်ထားရင်း ချန်းဟွမ်ထံ လျှောက်သွားလိုက်သည်။


"မေမေနေမကောင်းလို့လား…"


"မဟုတ်ပါဘူး…ကောင်းပါတယ်…"


ချန်းဟွမ်သည် တစ်မနက်ခင်းလုံး များစွာ စဉ်းစားနေခဲ့ပြီး ယခု ရှင်းရှင်း ကိုတွေ့လိုက်ရသေအခါ သူမ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ 


"မေမေနဲ့ အပြင်သွားချင်လား…"


"ဟုတ်…သွားချင်တယ်…" 


ကလေးလေးက အပြင်ထွက်ရမည်ဆို၍ ဗိုက်ဆာနေသည်ကိုပင် မေ့သွားရကာ ချန်းဟွမ် ခြေထောက်ကို သိုင်းဖက်ကာ မော့ကြည့်၍ ပြောလိုက်သည် 


"ဖေဖေရော လိုက်မှာလား…"


 "အင်း…" 


ချန်းဟွမ် သူမကိုယ်သူမ တည်ငြိမ်အောင် ကြိုးစားသော်လည်း နောက်ကို ခြေတစ်လှမ်းဆုတ်မိသွားရလေသည်။သူမ တစ်မနက်လုံး မတ်တပ်ရပ်နေသဖြင့် ခြေထောက်များမှာ ထုံကျင်နေကြပြီး ဒူးလည်း ကွေးမရတော့။ သူမ၏ ခြေထောက်ကြွက်သားများကို နှိပ်နယ်ရင်း ချန်းဟွမ် မျက်မှောင်ကြုတ်လိုက်မိသည်။ မကြာမီ ထိတ်လန့်တုန်လှုပ်နေသည့် ခံစားချက်များ လျော့ပါးသွားပြီးနောက် ချန်းဟွမ် ခြေထောက်တို့ ထုံကျင်ပြေသွားရသည်။


ချန်းဟွမ် ကျန်းမင်ယွမ်ကို  လိုက်ရှာရန် ဆုံးဖြတ်ပြီးသည်နှင့် သူမနှင့် ရှင်းရှင်း တို့နှစ်ယောက် နှစ်နာရီအကြာ ပြင်ဆင်လိုက်ပြီး အိမ်မှ ထွက်လာခဲ့သည်။သူမတို့သည် -နိုင်ငံ I သို့သွားရန်အတွက် VISA မလိုအပ်သဖြင့် အလုပ်မရှုပ်လိုက်ပေ။တိုက်ဆိုင်စွာပင် ညနေ ၄ နာရီ၌ နိုင်ငံ I ၏ မြို့တော်သို့ ဦးတည်ပျံသန်းမည့် လေယာဉ်ရှိနေလေသည်။


ချန်းဟွမ်သည် ရှင်းရှင်းကို သူမနှင့်အတူ ခေါ်သွားကာ လေဆိပ်ထဲတွင် လုပ်စရာများကို ပြီးအောင်လုပ်လိုက်သည်။ ထို့နောက် သူမသည် ရိုးရှင်းလှသော သာမာန်နေ့လည်စာကို ဝယ်လိုက်သည်။ သူမ အစာစားချင်စိတ် မရှိသော်လည်း တစ်ဝက်ခန့် မကုန်ကုန်အောင် စားပစ်လိုက်သည်။ နေ့လယ်စာစားပြီးနောက်တွင် သူမ ရှင်းရှင်း ကို ပေါင်ပေါ်တင်ထားရင်း လေယာဉ်ချိန်စောင့်နေစဉ် သတင်းများကို ဖတ်ကြည့်လိုက်သည်။


Xxxxxx


Chapter 248


နိုင်ငံ I သည် သဘာဝဘေးဒဏ်ကို ခံစားခဲ့ရသည့် နိုင်ငံဖြစ်သောကြောင့် ခရီးသွားအများအပြားသည် ခရီးစဉ်များကို  ဖျက်သိမ်းခဲ့သဖြင့် ခရီးသည်များမှာ လေယာဉ်တစ်ဝက်ပင် မပြည့်ခဲ့ပေ။ မြို့ S မှ နိုင်ငံ I၏ မြို့တော်သို့ သွားလျှင် ၁၀ နာရီခန့် ကြာမည် ဖြစ်သည်။ 


ချန်းဟွမ်သည် economy section တွင် ရှိနေပြီး ထိုင်ခုံများမှာ ကျဉ်းကျပ်နေသဖြင့် စားစရာထားရန် နေနေသာသာ ခြေပင် ဆန့်မထိုင်ရချေ။


ရှင်းရှင်းသည် လေယာဉ်ပေါ်သို့ ပထမဆုံးတက်စဉ်က စိတ်လှုပ်ရှားနေသေးသော်လည်း အချိန်ကြာသည်နှင့်အမျှ သူ ပျင်းလာရပြီး နောက်ဆုံးတွင် ညစာစားချိန်၌ သူပို၍ ငြီးငွေ့လာရ၏။ 


 သူက အရသာမကောင်းသော ဟင်းသီးဟင်းရွက် ဟင်းကို စားလိုက်ကာ ပြောလေသည်။


 "ဒီလေယာဉ်ပေါ်က အစားအသောက်တွေက အရင်စီးဖူးတဲ့ လေယာဉ်လောက် မကောင်းဘူးနော်…" 


Economy sectionကို first class နှင့် ယှဉ်၍မရပေ။ ချန်းဟွမ်က ရှင်းရှင်း ခေါင်းကို ခပ်ဖွဖွပုတ်လိုက်ပြီး ဘာမှပြန်မပြောလိုက်ဘဲ ပေါင်ပေါ်တင်လိုက်ကာ အိပ်ခိုင်းလိုက်သည်။  ရှင်းရှင်းသည် အမြဲတမ်းအချိန်မှန် အိပ်တတ်ပြီး သက်တောင့်သက်သာမရှိသော လေယာဉ်ပေါ်တွင်ရှိနေသော်လည်း အိပ်ချိန်မှန်၏။


ချန်းဟွမ်သည် ရှင်းရှင်းကို ပွေ့ထားရင်း လေယာဉ်ခရီးစဉ် တစ်ချိန်လုံး နိုးနေခဲ့သည်။ နိုင်ငံ I သို့ ရောက်သောအခါ ဒေသစံတော်ချိန် ည ၁၁ နာရီ ဖြစ်၍ လေဆိပ်တွင် လူစည်ကားနေသေးသည်။ 


ချန်းဟွမ်သည် ရှင်းရှင်းကို ပွေ့ချီကာ ကောင်စစ်ဝန်ရုံး လိပ်စာကို ဖုန်းပြောစဉ်က မှတ်ထားသဖြင့် သွားလိုက်သည်။ ကောင်စစ်ဝန်ရုံးတွင် အချိန်ပိုအလုပ်လုပ်သူများနှင့် စည်ကားသိုက်မြိုက်နေသေးသည်။ ချန်းဟွမ်  ရုံးထဲဝင်သွားသည့်အခါ ကယ်ဆယ်ရေးလုပ်ငန်းအကြောင်း ဝန်ထမ်းများ ပြောနေသည်ကို သူမကြားလိုက်ရသည်။သူမက ဝန်ထမ်းတစ်ယောက်ကို သူမ၏ လာရင်းကိစ္စအား ပြောပြလိုက်သည်။ထိုသူက အံ့သြဟန်မပြဘဲ နောက်ဆုံးရ အခြေအနေနှင့် ကယ်ဆယ်ရေး လုပ်ငန်းများအကြောင်း ရှင်းပြလေသည်။ထို့အပြင် သူက ကျန်းမင်ယွမ် ရှိနေသည့် ကျွန်းနာမည်ကို မေးနေပြီး သူ့ရှိနေသည့် နေရာအတည်တကျကို သိပါက ရှာဖွေရန် လွယ်ကူသည်ဟု ပြောနေလေသည်။


ကျန်းမင်ယွမ်က သူဘယ်နေရာတွင် ရှိနေသည်ကို သူမအား အတိအကျ မပြောခဲ့သဖြင့် အဆက်အသွယ် ပြတ်သွားသောအခါ ချန်းဟွမ် သူ ဘယ်မှာရှိနေမှန်း မသိတော့။ထိုသို့ပြောလိုက်သောအခါ ဝန်ထမ်းအမျိုးသားက အနည်းငယ် စိတ်ပျက်သွားပုံရပြီး သူမကို နှစ်သိမ့်ပေးကာ အနီးနားရှိ ဟိုတယ်သို့ ခေါ်သွား၍ သူမကို တည်းခိုစေလိုက်သည်။ 


ထို့နောက် သူက နေရာအမျိုးမျိုးသို့ ကယ်ဆယ်ရေး မစ်ရှင်များ ခိုင်းထားပြီးဖြစ်ကာ မကြာမီ သတင်းရနိုင်ကြောင်း ပြောလေသည်။


 "ကျေးဇူးတင်ပါတယ်…" 


ထို့နောက် ချန်းဟွမ်က ရှင်းရှင်းကို ပွေ့လာကာ အပေါ်ထပ်သို့ တက်လာလိုက်သည်။ချန်းဟွမ်သည် နှစ်ယောက်အိပ်ကုတင်နှစ်လုံးပါသည့် အခန်းကို ကြိုတင်မှာထားပြီး ဟိုတယ်မှာလည်း သိပ်အဆိုးကြီးမဟုတ်ဘဲ အခန်းတွင်းရှိ အနံ့အသက်များလည်း ကောင်းမွန်နေကြသည်။


 သူမက ရှင်းရှင်း၏ ဂျာကင်အင်္ကျီနှင့် ဖိနပ်များကို ချွတ်ပေးလိုက်ပြီး ရှင်းရှင်းကို စောင်ခြုံပေးလိုက်သည်။ ထို့နောက် သူမက နောက်ဆုံးရသတင်းများကို ကြည့်ရန် ဖုန်းဖွင့်ကြည့်လိုက်‌သည်။ယခု ဖုန်းထဲတွင် တရုတ်ဆင်းမ်ကတ်ရှိနေဆဲဖြစ်ပြီး နိုင်ငံI တွင် လိုင်းရှိမနေပေ။ ဟိုတယ်တွင်လည်း wifi မရှိသဖြင့် သူမက ဖုန်းနာရီကိုသာ တကြည့်ကြည့် ဖြစ်နေရသည်။


ချန်းဟွမ် က စိတ်ပျက်လက်ပျက် ဖြင့် ဖုန်းကို ချထားလိုက်ပြီး တစ်ဖက် ကုတင်ပေါ်သို့ ပစ်လှဲလိုက်သည်။ သူမ နိုးနေသည်မှာ ၂၄ နာရီရှိပြီ ဖြစ်၍ သူမခန္ဓာကိုယ်မှာ ပင်ပန်းနွမ်းနယ်နေသော်လည်း စိတ်ပူလွန်း၍ အိပ်မပျော်နိုင်။


သို့နှင့် သူမ တစ်ညလုံး မအိပ်ခဲ့ဘဲ မနက်ခင်းတွင် အိပ်ယာထဲမှ ထလိုက်သောအခါ ဒူးထောက်၍ ခွေညွတ်ကျသွားရသည်။ သူမ ခေါင်းမှာ အလွန်လေးလံနေသောကြောင့် ရေအေးဖြင့် မျက်နှာသစ်လိုက်မှသာ လန်းဆန်းလာရသည်။သူမသည် မှန်ထဲက အသားများဝါထိန်နေကာ မျက်ကွင်းညိုညိုနှင့် ဖြူဖျော့နေသော နှုတ်ခမ်းများရှိသည့် အမျိုးသမီးကို ကြည့်လိုက်မိသည်။


ယခု သူမသည် သည်းထိတ်ရင်ဖို ဇာတ်ကားမှ သရဲမနှင့် တူနေလေပြီ။ 


ချန်းဟွမ်သည် ပါးပြင်ကို ပွတ်သပ်လိုက်ပြီး ရှင်းရှင်းကို နှိုးရန် အခန်းထဲသို့ ပြန်ဝင်သွားလိုက်သည်။ ထို့နောက် သူမက ရှင်းရှင်းကို မျက်နှာသစ်‌ပေးလိုက်ကာ မနက်စာ ကျွေးလိုက်ပြီး စီးပွားရေးစင်တာ၏ တည်နေရာကို ဝန်ထမ်းတစ်ယောက်အား မေးမြန်းကြည့်လိုက်သည်။သူမတို့နှစ်ယောက်မှာ ဘာသာစကား မတူညီကြ၍ အခက်အခဲဖြစ်ရသေးသည်။


နောက်ဆုံးတွင် ချန်းဟွမ် ထိုနေရာကို  သိသွားသော်လည်း အချိန်စောနေသေးသဖြင့် စီးပွားရေးစင်တာမှာ မဖွင့်သေးပေ။ 


ထို့နောက် ချန်းဟွမ် တစ်နာရီကျော်ခန့် စီးပွားရေးစင်တာရှေ့တွင် စောင့်နေခဲ့ရ၏။ စီးပွားရေးစင်တာမှ အလုပ်သမားများသည် သူတို့ဘာသာစကားကိုသာ ပြောဆိုကြသဖြင့် ချန်းဟွမ်လည်း မေးမြန်းမရဖြစ်နေသည်။


ခဏအကြာတွင် ချန်းဟွမ်  သည်းမခံနိုင်တော့။ နောက်ဆုံးတွင် သူမကို အကူအညီပေးသူမှာ တရုတ်လူမျိုးတစ်ဦး ဖြစ်ပြီး သူက ပြည်တွင်းငွေကြေးကို လဲလှယ်ပေးလိုက်လေသည်။


 


ထို့နောက် ချန်းဟွမ် စီးပွားရေးစင်တာထဲမှ ထွက်လာပြီး ဆင်းမ်ကတ်အသစ်ကို မြန်မြန် ထည့်လိုက်သည်။သူမ ဖုန်းထဲတွင် အပိုဆင်းမ်ကတ်ရောက်လာ၍ setting ချိန်လိုက်၍ WeChat ကိုဖွင့်လိုက်သည်။


သူမ၏ WeChat အကောင့်တွင် မက်ဆေ့ချ်အသစ်တစ်ခုပင် မတွေ့ရဘဲ public မက်ဆေ့ချ် နှစ်ခုသာ တွေ့ရသည်။


ချန်းဟွမ်သည် နံရံကို မှီထားကာ စိတ်ပျက်လက်ပျက်ဖြင့် အံကိုကြိတ်ရင်း အသက်ပြင်းပြင်း ရှူလိုက်သည်။ ထို့နောက်  လမ်းကို လေးတိလေးဖင့် ‌ပြန်လျှောက်လာရာ လမ်းတစ်ဝက်ခန့်တွင် သူမဖုန်းမှာ တုန်ခါသွားရသည်။ ချန်းဟွမ်က အမြန်ဖုန်းဖွင့်ကြည့်လိုက်ရာ မက်ဆေ့ခ်ျဝင်လာခြင်း မဟုတ်ဘဲ အပလီကေးရှင်းအချို့မှ ခေါင်းစီးသတင်းအချို့ ဖြစ်လေသည်။


 [ နိုင်ငံ I တွင် ဆူနာမီ အကြီးကြီးဖြစ်ခဲ့ခြင်း… ကျန်း ကော်ပိုရေးရှင်းရဲ့ အကြီးအကဲကို ဆယ်သွယ်လို့မရသဖြင့် စတော့ဈေးများ ထိုးကျသွားရခြင်း…]


Xxxxxx