အပိုင်း ၂၄၉-၂၅၀
Viewers 20k

Chapter 249


ချန်းဟွမ်သည် ကျန်းမင်ယွမ်မှာ နိုင်ငံI တွင် ရှိနေကြောင်း သတင်းတွင် ဖော်ပြခံရသည်ကို မအံ့သြပေ။ စျေးကွက်တန်ဖိုး ယွမ် ၁ထရီလီယံကျော်ရှိသော ကုမ္ပဏီတစ်ခု၏ တာဝန်ခံအဖြစ် ကျန်းမင်ယွမ်သည် ပြည်တွင်း၌ အတော်လေး လူသိများသူ ဖြစ်သည်။ ထို့အပြင် သူ၏ နိုင်ငံ I ခရီးစဉ်မှာ လျှို့ဝှက်ထားခြင်းလည်း မဟုတ်သလို ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးတစ်ခုကို သာမန်လူတစ်ယောက်ဖြစ်သည့် ကျန်းမင်ယွမ်လည်း တွေ့ကြုံရသည်မှာ မဆန်းပေ။


ချန်းဟွမ်က သတင်းဆောင်းပါးများကို အသေးစိတ် မဖတ်ခဲ့ပေ။ သူမကိုယ်တိုင် ဤနိုင်ငံသိူ့ ရောက်လာသော်လည်း သူမတောင် ဘာမှ လုပ်လို့မရသဖြင့် ထိုသတင်းများကလည်း ဘာမှ လုပ်ပေးနိုင်မည် မဟုတ်။သူမတတ်နိုင်သမျှ တိတ်တဆိတ်သာ စောင့်ဆိုင်းနေခဲ့သည်။ 


နိုင်ငံ I တွင် ကပ်ဘေးကြောင့် တစ်ပြည်လုံး မငြိမ်မသက် ဖြစ်ခဲ့ရသည်။ ကမ္ဘာတစ်ဝှမ်းမှ ကယ်ဆယ်ရေးဝန်ထမ်းများနှင့် ကယ်ဆယ်ရေးပစ္စည်းများ တဖွဲဖွဲရောက်ရှိလာကြပြီး အခြားသော သဘာဝဘေးအန္တရာယ် ဇုန်များသို့ ပို့ဆောင်ပေးကြရန် ဖြစ်သည်။ သဘာဝဘေးသင့် ဒေသများတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေသောကြောင့် ဆက်သွယ်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများမှာ စိန်ခေါ်မှုကြီး ဖြစ်လျက်ရှိသည်။ မည်သို့ပင်ဆိုစေ ပထမနေ့အပြီးတွင် အသက်ရှင်ကျန်ရစ်သူအများအပြားနှင့် ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ပြီး ရုပ်အလောင်းများကို သရုပ်ခွဲနိုင်ခဲ့သည်။


ချန်းဟွမ် ကောင်စစ်ဝန်ရုံးသို့ ထပ်မံသွားလိုက်ရာ သူတို့ ဆွေမျိုးများကိုရှာဖွေရန် သောကကိုယ်စီဖြင့် ရောက်လာကြသည့် လူအများအပြားကို တွေ့ခဲ့ရလေသည်။ ချန်းဟွမ်လည်း သူတို့ကိုကြည့်ကာ အသက်ရှူကြပ်လာရသဖြင့် ရင်ဘတ်ကို ဖိထားလိုက်ပြီး မှတ်ပုံတင်အရာရှိထံသို့ လျှောက်သွားလိုက်သည်။ထို့နောက် သူမကို ဆက်သွယ်ရမည့် အချက်အလက်များ ပေးထားခဲ့ကာ အမြန်ထွက်လာခဲ့သည်။ 


ထို့နောက် သူမ ဘာဆက်လုပ်ရမှန်းမသိတော့။ အချိန်စောနေသေးသဖြင့် လမ်းများပေါ်တွင် လူသူလေးပါး ရှိနေကြသေးသည်။


ချန်းဟွမ်သည် ရည်ရွယ်ချက်မဲ့စွာ ခေါင်းငိုက်စိုက်ချလျက် လျှောက်လာ၏။ သူမ စိတ်ထဲတွင် မငြိမ်မသက်ဖြစ်နေပြီး စိတ်လည်းရှုပ်နေရသည်။  ကောင်စစ်ဝန်ရုံးထံမှ အကြောင်းပြန်ကြားစေလိုသော်လည်း တစ်ချိန်တည်းမှာပင် သတင်းဆိုးတစ်ခုဖြစ်မည်ကို သူမ စိုးရိမ်နေမိသည်။ထို့နောက် သူမ တစ်​မနက်​လုံး နာကျင်​ခံစား​နေရသည်​။ ကံကောင်းစွာနှင့် သူမ ဖုန်းကို မည်သူမှ ဖုန်းမဆက်ကြချေ။ 


ချန်းဟွမ်၏ ဖုန်းသည် ၁၁နာရီခွဲတွင် နှိုးစက်သံမြည်လာသဖြင့် နှိုးစက်ကို ပိတ်လိုက်ပြီး သူမ လမ်းတစ်ဖက်ကို လျှောက်သွားလိုက်သည်။


 ***


ရှင်းရှင်းသည် ထက်မြက်သော ကလေးပီပီ သူတို့သားအမိ ဤနိုင်ငံကို ရောက်ပြီး ဒုတိယနေ့ကတည်းက တစ်ခုခုမှားနေမှန်း သူသတိထားမိနေသည်။ အမေဖြစ်သူက သူတို့ အပျော်ခရီး ထွက်လာသည်ဟု ပြောသော်လည်း သူမအပြင်သွားလျှင် သူ့ကို ဘယ်သောအခါမှ ခေါ်သွားလေ့မရှိ။


ကလေးလေးမှာ ဟိုတယ်တွင် နေ့တစ်ဝက်ခန့် စောင့်နေခဲ့ရပြီး ချန်းဟွမ် အထဲဝင်လာသည်နှင့် သူမကို ဆီးကြိုလိုက်သည်။


"ဖေဖေ ဘယ်မှာလဲ…" 


"ဖေဖေက ကိစ္စတစ်ခု ရှိနေလို့ပါ…သားရဲ့… သူ့ကိုစောင့်ရအောင်နော်…"


"အင်း ပြီးရောလေ… "


 ခဏအကြာတွင် ရှင်းရှင်းက အပြင်ထွက်ပြီး ကစားလိုကြောင်း ပြောလေသည်။ ချန်းဟွမ် အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် အပြင်ထွက်ခွင့် မပြုလိုက်ပေ။


"မဟုတ်ဘူး… မေမေတို့ အပြင်ထွက်လို့ မရသေးဘူး…" 


သဘာဝဘေးအန္တရာယ်များသည် လူအများကို အနည်းနှင့်အများ သက်ရောက်မှာရှိနေသည်။ မြို့တော်ကို ဆူနာမီဒဏ် မခံခဲ့ရသော်လည်း သဘာဝဘေးအန္တရာယ် ကျရောက်ပြီးနောက် ဒေသခံ အများအပြား စိုးရိမ်နေခဲ့ကြသည်။ ထို့အပြင် ကမ္ဘာတစ်ဝှမ်းမှ ချစ်ရသူ ‌ဆွေမျိုးများ၊ကယ်ဆယ်ရေး ဝန်ထမ်းများနှင့် ဒေသခံ ဒုက္ခသည်များကို ရှာဖွေနေသည့် ဆွေမျိုးများလည်း ရှိနေလေသည်။


ဤမြို့မှာ ယခင်ကထက် မလှပနိုင်တော့သည်မှာ အမှန်…


ထို့ကြောင့် သူမ ကလေးကို အပြင်ခေါ်သွားရန် မဝံ့ရဲပေ။


 "ဒါပေမယ့် သား တစ်ကယ်သွားချင်တာ…နော်…မေမေ…"


ရှင်းရှင်းက အမေဖြစ်သူ၏ခြေထောက်ကို ဖက်ထား၍ ဂျီကျနေလေသည်။


ချန်းဟွမ်က  ခေါင်းကိုသာ တွင်တွင် ခါပြလိုက်သည်။ က​လေး​လေး​မှာ သူဉာဏ်မီသလောက် တွေးနေမိသည်။ သူက အဖေဖြစ်သူ မလာသေးသောကြောင့် သူမက အပြင်မထွက်ရန် တားမြစ်သည်ဟု ထင်သွားရသည်။


“သားတို့ ဘယ်သွားမယ်ဆိုတာ ဖေဖေ့ကို ပြောပြလိုက်မယ်လေ… ဒါဆို သူက သားတို့ကို  လာတွေ့မှာပေါ့…"


ချန်းဟွမ်က ရှင်းရှင်း ခေါင်းကလေးကို လှမ်းကိုင်လိုက်ပြီး ကလေးလေ၏ တောက်ပနေသည့် မျက်လုံးများကို ကြည့်ရင်း နှုတ်ခမ်းကို ကိုက်လိုက်သည်။


သူမ ငိုချင်လာပြန်သည်။


သူမ ယခုတစ်လော အလွန်နုနယ်နေပြီး ကိုယ့်ကိုယ်ကိုယ်တောင် သနားလာရသည်။


"ဘာလို့ မသွားရတာလဲ…" 


"ဘာလို့လဲဆိုတော့ ကစားကွင်းက မပြီးသေးဘူးလေ…"


"ကစားကွင်းက ဒီ အဆောက်အဦးကြီးတွေထဲက တစ်ခုလား…အထဲမှာ စူပါမန်းနဲ့ ဘီလူးတွေ ရှိနေတာလား…"


"ဟုတ်တယ်…ရှိတယ်…"


ချန်းဟွမ်က သားဖြစ်သူ ပြောနေသည်ကို မကြားလိုက်။ သူမ မအိပ်ရသည်မှာ ကြာပြီဖြစ်၍ သူမနားထဲတွင် တဝီဝီ မြည်နေပြီး နားအူနေရသည်။ 


အတန်ကြာလျှင် ခေါင်းမူး သက်သာသွားပြီးနောက် ချန်းဟွမ် က ယူလာသည့် နေ့လယ်စာဘူးကို အပြင်ထုတ်လိုက်သည်။


Xxxxxxx


Chapter 250


နေ့လယ်စာသည် သာမာန် ရိုးရှင်းသော အသားမုန့်တစ်မျိုးဖြစ်သည်။ အနည်းငယ်ချိုပြီး မာကျောသော်လည်း အနံ့မှာ မွှေးကြိုင်လျက် ရှိသည်။ ကလေးအများစုသည် ချိုသောအစားအစာများကို နှစ်သက်ကြသဖြင့် ရှင်းရှင်းလည်း အသားမုန့်ကို အကြိုက်တွေ့လျက်ရှိသည်။


ချန်းဟွမ်လည်း နည်းနည်းစားလိုက်သည်။ နေ့လည်စာစားပြီးနောက် သူမ ပိုက်ဆံအိတ်ထဲမှ ရှင်းရှင်း အတွက် အရုပ်နှစ်ရုပ်ကို ဆွဲထုတ်လိုက်သည်။ သူမတို့ သားအမိမှာ အလျင်စလို ထွက်လာကြသဖြင့် လဲဝတ်ရန် အဝတ်အစား တစ်ယောက် တစ်စုံစီသာ ပါကြသည်။ ချန်းဟွမ်က ရှင်းရှင်းကို ဟိုတယ်ထဲမှ မထွက်စေချင်သော်လည်း ထွက်လာသည့်အခါ သူ့ကို ထိုင်ထားခိုင်းပြီး တစ်နေ့လုံး အရုပ်နှစ်ရုပ်နှင့်သာ ခုံပေါ်တွင် ဆော့ခိုင်းခဲ့လေသည်။ အပြန်လမ်းတွင် သူမက အရုပ်နှစ်ရုပ်ကို ပိုက်ဆံအိတ်ထဲ ကောက်ထည့်လိုက်သည်။ ဤနိုင်ငံက အရုပ်များမှာ တရုတ်နိုင်ငံက အရုပ်များနှင့် မတူကြပေ။ ရှင်းရှင်း ကလည်း အရုပ်များကို မည်သို့ ပြုလုပ်ထားသည်ကို  သိချင်သဖြင့် စူးစမ်းနေရာ သူ ဟိုတယ်မှာ မပျင်းရတော့ပေ။


ချန်းဟွမ်မှာ သားဖြစ်သူ ပျော်ရွှင်နေသည်ကိူ မြင်လိုက်ရသဖြင့် သူမလည်း စိတ်ကြည်လာရသည်။ သူမက ကုတင်ခေါင်းရင်းကို မှီထားလိုက်ပြီး  ရှင်းရှင်းကို ကြည့်နေစဉ် သူမ မျက်ခွံများ လေးလံလာသလို ခံစားလိုက်ရသည်။ သူမသည် တစ်ရက်ကျော်ကြာ မအိပ်ခဲ့ရသဖြင့် သူမ ခန္ဓာကိုယ်သည် ကြာကြာတောင့်ခံနိုင်တော့မည်မဟုတ်ပေ။ သူမကိုယ်သူမ အတင်းဖိအားပေး၍ မအိပ်ရန်ကြိုးစားသော်လည်း  သူမ အိပ်ငိုက်ခြင်းကို မခုခံနိုင်တော့ပေ။


သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး နောက်ဆုံးတွင်  ဖုန်းမြည်သံကြောင့် နိုးလာရသည်။ ဖုန်းသံမြည်လာသောအခါ သူမ အိပ်မက်မက်နေသေးသည်ဟု ထင်လိုက်သဖြင့် ringtoneနှစ်ကျော့မြည်ပြီးမှသာ လန့်နိုးသွားရသည်။ သူမ နိုးလာချိန်မှာ ကုတင်ခေါင်းရင်းကို မှီလျက်သာ ရှိနေသေးသဖြင့် သူမ တစ်ကိုယ်လုံး နာကျင်နေရသည်။ ချန်းဟွမ် က နာကျင်မှုကို ဂရုမစိုက်စွာဖြင့် စခရင်ပေါ်မှာ ပေါ်လာသည့် နံပါတ်ကို ကြည့်ရင်းအမြန် ဖုန်းကိုင်လိုက်သည်။


 "မင်္ဂလာပါ မစ္စ ချန်းလား…မစ္စတာ ကျန်း ကို ကျွန်တော်တို့ တွေ့ထားပါတယ်… မကြာခင်မှာ သူ့ကို ကောင်စစ်ဝန်ရုံးကို ခေါ်သွားပါလိမ့်မယ်…မစ္စ လာကြည့်ချင်သလား…"


ချန်းဟွမ်သည် ပါးစပ်ကို လက်ဖြင့် အုပ်ထားလိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်ကာ အနည်းငယ် မူးဝေလာသလို ဖြစ်သွားရသည်။ 


"အခုချက်ချင်း လာလို့ရပါတယ်…ကျွန်မ လာမှာပါ…"


 သူမက အသံကို မြှင့်ပြောလိုက်သဖြင့် သူမဘေးမှာ ကစားနေသည့် ကလေး‌လေးမှာ လန့်သွားရသည်။ ရှင်းရှင်းက သူ့လက်ထဲမှ အရုပ်များကို ချထားလိုက်ပြီး မေးလိုက်သည်။


 "ဘယ်သွားမှာလဲ မေမေ…"


"မေမေတို့ ဖေဖေ့ကိုလိုက်ရှာမလို့…" 


ချန်းဟွမ်သည် အဆိုးဆုံး အခြေအနေအတွက် မိမိကိုယ်မိမိ ပြင်ဆင်လိုက်သည်။ သူမတို့ ဤနိုင်ငံသို့ ရောက်လာပြီး ဒုတိယနေ့မှာ သတင်းရလိမ့်မည်ဟု  သူမ မထင်ထားမိပေ။ ခဏတာ ဝမ်းနည်းသွားပြီးနောက် သူမ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုတို တစ်ဖန် ဖြစ်လာရပြန်သည်။


ချန်းဟွမ် သည် ဖိနပ်ကို တတ်နိုင်သမျှ မြန်မြန်စီးပြီး သားဖြစ်သူကို လက်ဆွဲ၍ အပြင်ထွက်လိုက်သည်။


 "မေမေ…မေမေ…ခေါင်းမဖြီးရသေးဘူး…"


ချန်းဟွမ် တို့နှစ်ယောက်သည် အခန်းအပြင်ဘက်တွင် ရှိနေသော်လည်း ရှင်းရှင်း စကားကို ကြားလျှင် ရှင်းရှင်းကို လက်လွှတ်ကာ ရေချိုးခန်းထဲသို့ အမြန်သွား၍ ဆံပင်ကို ponytail ပုံစံ အမြန် စည်းလိုက်သည်။


ကောင်စစ်ဝန်ရုံးသည် သူမတို့တည်းခိုရာနေရာနှင့် မနီးမဝေးတွင် ရှိပြီး မိနစ် ၂၀ သာ လမ်းလျှောက်ရသည်။ ချန်းဟွမ်က ကလေးလေးကို လက်ဆွဲကာ အမြန်ပြေးသဖြင့် ရှင်းရှင်း မှာ တရွတ်တိုက်မတတ် ပါလာရပြီး ၁၀ မိနစ်အတွင်း ရောက်လာလေသည်။


ချန်းဟွမ်သည် ကောင်စစ်ဝန်ရုံးအတွင်း လျှောက်ပတ်သွားနေပြီး အသက်ရှူမဝသလိုဖြစ်ကာ ချွေးများလည်း ထွက်နေရသည်။ ထို့နောက် သူမသည် ရှင်းရှင်း ကို ခဏ ရပ်ခိုင်းထားပြီး ဝန်ထမ်းတစ်ဦးကို ရုံးခန်းနေရာအား မေးမြလိုက်သည်။


ကောင်စစ်ဝန်ရုံးသည် ယခင်ကကဲ့သို့ အလုပ်ရှုပ်မြဲ ရှုပ်နေကြသည်။ အလုပ်သမားများမှာ ဟိုဒီပြေးလွှားနေကြပြီး ဖုန်းများမှာလည်း အပြိုင်အဆိုင် မြည်နေကြသည်။ ချန်းဟွမ် သည် ရုံးခန်းဆီသို့ လျှောက်သွားကာ တံခါး မခေါက်မီ သူမ လက်သီးများကို ကျစကျစ်ပါအောင် ဆုပ်ထားမိလိုက်လေသည်။


Xxxxx