အပိုင်း ၂၅၁-၂၅၂
Viewers 20k

Chapter 251


"ဝင်လာခဲ့ပါ…"


တံခါးကို သော့ခတ်မထားသဖြင့်  ချန်းဟွမ် တံခါးလက်ကိုင်ဘုကို ဖွင့်လိုက်ချိန်တွင် သူမ နှလုံးသားမှာ လည်ချောင်းထဲမှ ခုန်ထွက်မတတ် ခံစားလိုက်ရသည်။


ရုံးခန်းထဲမှာ လူနည်းနည်းသာ ရှိနေပြိး


အလယ်မှာ ထိုင်နေသော လူတစ်ယောက်ကို သူမ တွေ့လိုက်ရသည်။ ထိုလူက တုန်လှုပ်သွားဟန်ဖြင့် သူမကို ကြည့်‌နေလေသည်။သူ၏ အင်္ကျီပေါ်တွင် ဖုန်မှုန့်များ ရှိနေပြီး သူ့ဘောင်းဘီမှာလည်း အသားနှင့် ကပ်နေတော့သည်။ သူ့နက်ခ်တိုင်မှာ လျော့ရဲရဲ ဖြစ်နေကာ ဆံပင်ကလည်း စိုစွတ်နေကြသည်။ သို့ရာတွင် သူက မတ်မတ်ထိုင်နေပြီး သူ့ဩဇာက တစ်ခန်းလုံးကို လွှမ်းခြုံထားဆဲပင်။ သူ့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ချန်းဟွမ် မျက်ရည်များ စီးကျလာရသည်။


ကျန်းမင်ယွမ်သည် သူမ ငိုနေသည်ကို ကြည့်နေရင်း စိုးရိမ်တကြီး မေးလိုက်သည်။


 "မင်းဘာလို့ ဒီကိုရောက်နေတာလဲ…" 


ထို့နောက် သူမအနား အမြန်လျှောက်လာသည်။ ချန်းဟွမ် မျက်ရည်များကို မထိန်းနိုင်တော့။ ပြီးခဲ့သောတစ်ရက်ခွဲက စိုးရိမ်ပူပန်မှုများအားလုံးကို ဖယ်ရှားပစ်ရန် သူမ ငိုကြွေးနေမိတော့သည်။ခဏကြာလျှင် သူမ လူရှေ့သူရှေ့တွင် ငိုကြွေးမိနေသဖြင့် ရှက်လာရကာ မျက်ရည်များကို လက်ဖြင့် သုတ်ရန် ပြင်လိုက်သည်။သို့သော် သူမလက်ကလေး ပါးပြင်ဆီ မရောက်ခင် လက်တစ်ဖက်က သူမလက်ကို ဆုပ်ကိုင်ထားလိုက်သည်။ သူမကို ကိုင်ထားသည့် ကျန်းမင်ယွမ်၏ လက်မှာလည်း အနည်းငယ် တုန်ယင်နေသည်။သူက ချန်းဟွမ်နှင့် ရှင်းရှင်းကို အပြန်ပြန်အလှန်လှန်ကြည့်ရင်း ပြောလိုက်သည်။


 "အန္တရာယ်များလွန်းတယ်လေ…ဘာလို့ လာရတာလဲ..."


ချန်းဟွမ် အနည်းငယ်ရှက်ရွံ့စွာဖြင့် သူ့ကို စိုက်ကြည့်နေလိုက်သည်။ သူမ သူ့လက်ကို ဆုပ်ကိုင်ထားလိုက်ကာ သူ့ရှပ်အင်္ကျီတွင် ပါးအပ်၍ ငိုကြွေးလိုက်သဖြင့် သူ့အင်္ကျီမှာ မျက်ရည်တို့ စိုသွားရသည်။


ရုံးတွင်းရှိ ဝန်ထမ်းများသည် မိသားစုများ ပြည်လည်ဆုံစည်းကြပုံကို များစွာ တွေ့ကြုံခဲ့ရသဖြင့် သူမတို့ကို မနှောင့်ယှက်ဘဲ အသာကြည့်နေလေသည်။ချန်းဟွမ် ငိုပြီးသည်အထိ သူတို့က စောင့်လိုက်ပြီး မြို့ကို ခရီးနှင်မည့် လေယာဉ်ရှိကြောင်း အသိပေးလိုက်ကာ တခြားလိုအပ်မှု  ရှိမရှိ မေးလေသည်။


သဘာဝဘေးအန္တရာယ်ကြောင့် မြို့တော်ရှိ လေဆိပ်သည် ဝန်ဆောင်မှုပေးနေသည့် တစ်ခုတည်းသောလေဆိပ်ဖြစ်သည်။ အသွားအလာများလွန်းသဖြင့်  တရုတ်ပြည်ကို ပြန်ရန်  လက်မှတ်မရနိုင်သေး။ထို့ကြောင့် အစိုးရက သူတို့နိုင်ငံမှာ သောင်တင်နေသူများကို လာခေါ်ဖို့ လေယာဉ်များ စီစဉ်ပေးရန် လေကြောင်းလိုင်း ကုမ္ပဏီတချို့အား ညွှန်ကြားခဲ့လေသည်။


ကျန်းမင်ယွမ်က သူတို့ မလိုက်ပါဟု ပြောလိုက်ပြီး သူ့မှာ တခြားနည်းလမ်း ရှိသေးသည်ဟု ပြောလိုက်သည်။ သူတို့နိုင်ငံ အခက်ကြုံနေချိန်၌  သူတို့ပြည်သူကိုသာ ဦးစားပေးရပေမည်။ဝန်ထမ်းအမျိုးသားက နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်ပြလေသည်။ သူတို့ တစ်ရုံးလုံး ကျန်းမင်ယွမ်  ဘယ်သူဘယ်ဝါမှန်း သိထားကြပြီး ဖြစ်၍ လေယာဉ်တစ်ခု စီစဉ်ရန် သူ့အတွက်မခက်ခဲမှန်း သိကြလေ၏။


ဝန်ထမ်းကလည်း တခြားလုပ်စရာရှိသည်ကို လုပ်ကိုင်ရန် ထွက်သွားလေသည်။


ကျန်းမင်ယွမ်သည် ရှင်းရှင်း နှင့် ချန်းဟွမ်ကို လက်တွဲကာ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ အစည်းအဝေးခန်းတွင်းရှိ အခြားလူတစ်ဝက်ကျော်ကလည်း သူတို့နောက်မှ လိုက်လာကြသည်။ အပြင်မှာလည်း ကားတစ်ချို့ စောင့်နေပြီ ဖြစ်သည်။


ကျန်းမင်ယွမ် အလယ်မှကားဆီသို့ လျှောက်သွားကာ တံခါးကိုဖွင့်၍ ရှင်းရှင်းကို အတွင်းဆုံးနေရာတွင် ထိုင်ခိုင်းလိုက်သည်။ အပြင်ဘက်ထိုင်ခုံတွင် သူအရင်တက်လိုက်ပြီး ချန်းဟွမ် ကို သူ့ပေါင်ပေါ်ထိုင်ခိုင်းလိုက်၍ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။


 ကားမောင်းသူသည် ချန်းဟွမ် တစ်ခါမှ မမြင်ဖူးသူဖြစ်သည်။ သူက  နောက်ကြည့်မှန်မှ သူမတို့ကို ကြည့်လိုက်ပြီး ကားစက်နှိုးလိုက်သည်။


ချန်းဟွမ် ကျန်းမင်ယွမ် လက်ကို ဆုပ်ကိုင်ထားရင်း သူမ ပြောချင်သည်များကို အကြာကြီးစဉ်းစားလိုက်ပြီးမှ အရေးမပါသော ကိစ္စကိုသာ မေးလိုက်သည်။


"ဘယ်သွားမလို့လဲ…"


"ကိုယ် တည်းခဲ့တဲ့ ဟိုတယ်လေ…"


"……"


"မင်းကိုယ့်ကို မေးချင်တာ ရှိသေးလား…"


သူက ချန်းဟွမ် ကိုယ်ကလေးကို တင်းကြပ်စွာ ဖက်ထားလိုက်ရင်း ခေါင်းငုံ့ကာ နှစ်သိမ့်သည့်အနေဖြင့် သူမ လည်ပင်းကို ညင်သာစွာ ပွတ်သပ်လိုက်ရင်း ပြီးခဲ့သော နှစ်ရက်အတွင်း ဖြစ်ပျက်ခဲ့သမျှကို စိတ်လိုလက်ရ ပြောပြလေသည်။


အပန်းဖြေစခန်းသည် နိုင်ငံ I ၌ ရှိသောကျန်း ကော်ပိုရေးရှင်း၏တစ်ခုတည်းသောပရောဂျက်မဟုတ်ဘဲ အခြားအသေးစား စီမံကိန်းများလည်းရှိသေးသည်။ ကျန်းမင်ယွမ်သည် သူ့ခရီးစဉ်အတွင်း စီမံကိန်းအားလုံးကို စစ်ဆေးရန် စီစဉ်ထားသည်။ သူ့မူလအစီအစဉ်အရ ချန်းဟွမ်နှင့် စကားပြောပြီးသည့်နောက် ညရောက်လျှင် မြို့တော်သို့ ပြန်သွားကာ ကျန်ရှိသော ပရောဂျက်နှစ်ခုကို စစ်ဆေးပြီး အိမ်ပြန်ရန် ဖြစ်သည်။ ထိုနေ့တွင် မမျှော်လင့်သော အခြေအနေတချို့ကြောင့် သူ ညဥ့်နက်သည်အထိ အစည်းအဝေးကို ပြုလုပ်ခဲ့ရသည်။ မြေငလျင်လှုပ်စဉ်ကလည်း သူတို့ အစည်းအဝေး ပြုလုပ်နေချိန်ဖြစ်သည်။အဆောက်အဦး တစ်ခုလုံးတုန်တုန်ယင်ယင် ဖြစ်နေသည်ကို ခံစားကြရရင်း ကျန်းမင်ယွမ်က အခြားသူများကို ချက်ချင်း လူစုခွဲရန် ပြောလိုက်သည်။ အဆောက်အဦးထဲမှ သူတို့ ထွက်လာပြီး မကြာမီ ဆူနာမီ လှိုင်းလုံးကြီးက အဆောက်အဦးကို ရိုက်ခတ်သွားလေသည်။ သူတို့တည်းခိုသည့် ဟိုတယ်မှာလည်း ဆူနာမီနှင့် သိပ်မဝေးပေ။ အမှောင်ထဲမှာ ဘာတွေဖြစ်နေမှန်း မသိနိုင်သော်လည်း လှိုင်းပုတ်သံတဝုန်းဝုန်းကိုမူ ကြားနေရလေသည်။


ကံကောင်းစွာနှင့် ဟိုတယ်မှာ ပင်လယ်နှင့် သိပ်မနီးဘဲ ကုန်းမြင့်ပေါ်တွင် ရှိနေသဖြင့် ဆူနာမီဒဏ်ကို မခံလိုက်ရသော်လည်း ပင်လယ်ရေ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် ဆုံးရှုံးမှုများစွာ ခံစားခဲ့ရသည်။ ထို့ကြောင့် လျှပ်စစ်နှင့် ရေမရတော့ဘဲ ကို အပြင်လောကနှင့်လည်း အဆက်အသွယ် ပြတ်တောက်သွားရသည်။


ကယ်ဆယ်ရေး လုပ်သားများ မရောက်ခင် တစ်ရက်လုံးလုံး ကုန်းတွင်းပိုင်းရေများ တက်နေသေးသည်။ တိုက်ဆိုင်စွာပင် ဟိုတယ်ထဲမှာ ပိတ်မိနေသူတစ်ချို့နှင့် ကျန်းမင်ယွမ်တို့ကို တရုတ်နိုင်ငံရှိ ကယ်ဆယ်ရေးအဖွဲ့မှ ကယ်တင်ခဲ့လေသည်။


လွန်ခဲ့သောနှစ်ရက်ကသူ့အဖြစ်ကို အေးဆေးစွာ ပြောပြနေသော်လည်း အရာအားလုံး ဤမျှချောမွေ့လိမ့်မည်ဟု ချန်းဟွမ် မယုံကြည်ပေ။


ကျန်းမင်ယွမ် လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ချန်းဟွမ်က သူ့အင်္ကျီ  ပေါ်မှနေ၍ သူ့ပုခုံးကို ကိုက်လိုက်သည်။


"ကိုယ့်အဝတ်တွေက ညစ်ပတ်နေတာ…"


သူ ခေါင်းငုံ့ပြီး ချန်းဟွမ်ကို စိုက်ကြည့်လိုက်ကာ နှုတ်ခမ်းချင်း ထိကပ်လိုက်သည်။ အနမ်းမှာ သန့်ရှင်းပြီး နှုတ်ခမ်းချင်း ထိရုံမျှသာဖြစ်ကာ နှစ်သိမ့်မှုအရသာကို ပေးစွမ်းလေသည်။


Xxxxxxx


Chapter 252


ကျန်းမင်ယွမ်က နမ်းပြီးသည်နှင့် သူမကို မေးလိုက်သည်။ 


"မင်း ဒီကို ဘယ်တုန်းက ရောက်နေတာလဲ…"


 "မနေ့ညက…"


ချန်းဟွမ် ခါးကို ဖက်ထားသော သူ့လက်သည် အနည်းငယ်တင်းကျပ်လာသော်လည်း သူမ မနာကျင်စေရန် ပြန်ပြီး ဖြေလျှော့လိုက်သည်။ သူက သက်ပြင်းချလိုက်ပြီး ပြောလေ၏။


 "ကိုယ် မင်းကို စိတ်ပူအောင်လုပ်မိတာ တောင်းပန်ပါတယ်…"


 "ရှင် အဆင်ပြေတဲ့အတွက် ဝမ်းသာပါတယ်…" 


ကျန်းမင်ယွမ်က သူမပါးပေါ် သူ့ပါး အပ်ထားလိုက်သည်။


"နောက်တစ်ခါ ဒီလောက် အန္တရာယ်ရှိတဲ့နေရာကို မလာနဲ့နော်…" 


ချန်းဟွမ်က ဘာမှပြန်မပြော။ 


"အိမ်ပြန်ရောက်ရင် ဘုရားကျောင်းသွားရအောင်… နှစ်သစ်ကူးဆိုတော့…" 


ချန်းဟွမ်က သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။ ကျန်းမင်ယွမ်မှာ သူ့စကားကို  တိတ်တဆိတ် ငြင်းပယ်ခံလိုက်မှန်းနားလည်သော်လည်း ဘာမှစောဒကတက်မနေတော့ပေ။ 


 သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး 


"သွားမယ်လေ…"


"ကျွန်မ အရမ်းပင်ပန်းနေတယ်…"


 သူမ မအိပ်ရသည်မှာ တစ်ရက်ကျော်ပြီဖြစ်ကာ နေ့ခင်းက တစ်ရေးတစ်မော အိပ်လိုက်သော်လည်း အိပ်ရေးမဝသေး။


"ဒါဆို အိပ်တော့…"


ကျန်းမင်ယွမ် က သူမကို သူ့ဘေးတွင်ပြောင်းထိုင်ခိုင်းလိုက်ကာ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။


 "ဟို ရောက်တဲ့အခါ နှိုးပေးမယ်…"


“အင်း…”


ချန်းဟွမ် သူ့ရင်ခွင်ထဲတွင် အိပ်ပျော်သွားရသည်။ သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားရပြီး နိုးလာသောအခါ လေဆိပ်သို့ ရောက်နေပြီဖြစ်သည်။ 


***


ကျန်းမင်ယွမ်မှာ ယနေ့ ပြန်သွားဖို့ စီစဉ်ထားပြီး လေယာဉ်ကလည်း အဆင်သင့်ဖြစ်နေလေပြီ။ မည်သို့ပင် ဆိုးရွားသည့် အဖြစ်အပျက်တို့နှင့် ကြုံရပါစေ သူစီစဉ်ထားသည့်အတိုင်း ပြန်ခွင့်ရမည်ဖြစ်သည်။


ခရီးသွားလာသူတိုင်းမှာ ကြောက်လန့်နေကြပြီး တရုတ်ပြည်သို့ ပြန်ရန် စိတ်အားထက်သန်နေကြသည်။ ထို့ကြောင့် သူတို့မိသားစုသည် ဟိုတယ်တွင် အချိန်များစွာမဖြုန်းလိုက်ဘဲ စာရွက်စာတမ်းကိစ္စများပြီးနောက် လေဆိပ်သို့သွားလိုက်ကြသည်။


ရှင်းရှင်း မှာ တစ်ယောက်တည်း အံ့သြနေရသည်။


သူတို့ ဒီနေရာကို အပျော်ခရီးထွက်တာ မဟုတ်ဘူးလား… သူတို့ ဘယ်မှလည်းမသွားရဘဲနဲ့ ဘာလို့ ပြန်ရမှာလဲ…


ရှင်းရှင်းက အံ့သြပြီး စိတ်ရှုပ်နေသော်လည်း ငါးနှစ်သားလေးကို လူကြီးများက အလွယ်တကူပင် အာရုံပြောင်း၍ ရလေသည်။ ကျန်းမင်ယွမ်က ရှင်းရှင်းကို ချော့မော့လိုက်ကာ  တရုတ်နိုင်ငံရှိ အခြားနေရာများသို့ လိုက်ပို့ပါ့မည်ဟု ကတိပေးလိုက်လေသည်။ အပြန်ခရီးမှာ ချန်းဟွမ်တို့ အလာခရီးထက် ပို၍ အဆင်ပြေပေသည်။ 


လေယာဉ်ရှိ ထိုင်ခုံအားလုံးကို ဖြုတ်ပစ်လိုက်ကာ ဧည့်ခန်း၊ အိပ်ခန်း၊ ဘား၊ လေ့ကျင့်ခန်း လုပ်သည့်အခန်း၊ ဆေးပေးခန်း၊ အစည်းအဝေးခန်း စသည်ဖြင့် ပြုလုပ်ထားပေးသည်။ ဧည့်ခန်းတွင် ခုတင် အကြီးကြီးနှစ်လုံးပါရှိပြီး လူ ၁၀ ဦးခန့် သက်တောင့်သက်သာနေ၍ ရပေသည်။ လေယာဉ်၌လည်း အစားအသောက်နှင့် အဖျော်ယမကာများကို စေ့စေ့စပ်စပ် သေချာပြင်ဆင်ထားပြီး ဖြစ်လေသည်။ ကျန်းမင်ယွမ် နှင့်အတူ လိုက်ပါသွားသော အခြားဝန်ထမ်းများမှာလည်း ရက်ပေါင်းများစွာ အလုပ်များနေသဖြင့် စိတ်ရှုပ်နေကာ နောက်ဆုံးတွင် လေယာဉ်ပေါ်တက်ပြီးမှသာ အနားယူနိုင်တော့သည်။ 


ကျန်းမင်ယွမ်က သူရှိ‌နေလျှင် ဝန်ထမ်းများ အနေခက်မည်စိုး၍ သူတို့မိသားစုသုံးယောက်လုံး  အိပ်ခန်းထဲ သွားလိုက်ကြသည်။


အိပ်ခန်းသည် တခြားလေယာဉ်များ၏ ဇိမ်ခံခန်းများလိုပင် ဧည့်ခန်းကြီးကဲ့သို့ ကျယ်ဝန်းလှသည်။ ကြမ်းပြင်ပေါ်တွင် ကော်ဇောထူထူ ခင်းထားပြီး အပြင်ဘက်စွန်းတွင် ဧည့်သည်များနှင့် တွေ့ဆုံရန် ဆိုဖာနှင့် အခြားအသုံးအဆောင်ပစ္စည်းများ အစုံအလင်ရှိလေသည်။ ဘေးတစ်ဖက်တစ်ချက်မှာလည်း ဝိုင်နီများ ခင်းကျင်းထားသည့်  မီနီဘားတစ်ခုတောင် ရှိပေသည်။ အတွင်းဘက်တွင် အနံ ၃ မီတာ၊၄ မီတာ ခန့်ရှိသော ကုတင်ကြီးတစ်လုံး ရှိလေသည်။


ချန်းဟွမ် သည် အိပ်ခန်းထဲသို့ လျှောက်သွားသောအခါ တုန်လှုပ်သွားရသည်။ တကယ်တမ်းတွင် သူမသည် လေယာဉ်စီးသည့်အခါ economy section သာ စီးနိုင်သူတစ်ယောက်ပင်။ သူမသည် ပြုပြင်မွမ်းမံထားသော သီးသန့် လေယာဉ်ကို ယခင်က မမြင်ဖူးခဲ့ပေ။  


"ဒီလေယာဉ်က ရှင့်ဟာလား…"


 "မဟုတ်ဘူး...သူများဆီက ငှားလာတာ…မင်း ကြိုက်လို့လား…ကိုယ် တစ်စင်း‌ ဝယ်ပေးမယ်လေ…"


"မဟုတ်ပါဘူး…မလိုပါဘူး…"


သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း ချန်းဟွမ်က ချက်ချင်း ငြင်းလိုက်သည်။ 


"ရှင် ဒီလေယာဉ်ကို ဘယ်လို ငှားလာတာလဲ…"


 "သူတို့ ဘယ်မှ သွားစရာမရှိဘူးဆိုလို့ ကိုယ်ခဏသုံးမယ်ဆိုပြီး ငှားလာတာ…"


ကျန်းမင်ယွမ်က အတိုချုံးရှင်းပြပြီးနောက် သူမ လက်ကိုကိုင်ကာ ပြောလိုက်သည်။


 "ပုဂ္ဂလိက လေယာဉ်တွေက ပြည်တွင်းခရီးဆိုရင် ကိုယ်သွားစရာ ရှိတယ်ဆိုရင် ခရီးစဉ်ကို အတည်ပြုဖို့ လိုတယ်လေ…အဲ့ဒါကြောင့် အလုပ်ရှုပ်လို့ ကိုယ်က မဝယ်ချင်တာ…မင်းကြိုက်တယ်ဆိုရင်လည်း ကိုယ်တို့ နိုင်ငံခြားခရီးတွေ ခဏခဏ သွားလို့ရတာပေါ့…"


 "တစ်ကယ်ပြောနေတာ …မလိုပါဘူး...ကျွန်မ စိတ်မဝင်စားဘူး…"


ကျန်းမင်ယွမ်က သူမကို အချိန်အတော်ကြာအောင် စိုက်ကြည့်‌နေပြီး အဝေးကို လှမ်းကြည့်လိုက်၍ လေယာဉ်ကိစ္စကို ထပ်မပြောတော့ပေ။


 "ဗိုက်ဆာနေလား… ညစာ ဘာစားချင်လဲ…" 


"ပုဇွန်စားချင်တယ်…"


ရှင်းရှင်းက အဖေဖြစ်သူ၏ ပေါင်ကို ပွေ့ဖက်လိုက်ကာ ပြောလိုက်သည်။


 "ပုဇွန်အကြီးကြီး…"


 "အိုကေ… ပုဇွန်အကြီးကြီး ကျွေးမယ်နော်…"


Xxxxxxx