Chapter 253
ကိုယ်ပိုင်လေယာဉ်ပေါ်ရှိ ဝန်ဆောင်မှုသည် အမှားအယွင်းမရှိဘဲ ကောင်းမွန်လှပေသည်။ ရှင်းရှင်း က ပုဇွန်စားချင်ကြောင်းပြောပြီး မကြာမီ ညစာစားပွဲပေါ်တွင် အလေးချိန် 13 ပေါင်နီးပါးရှိသော ဧရာမပုစွန်ထုပ်ကြီးတစ်ကောင် ရောက်လာရလေသည်။
လူဆယ်ယောက်ပင် စား၍ ကုန်မည်မထင်။
ချန်းဟွမ် ညစာစားပြီးနောက် အိပ်ငိုက်နေပြန်သည်။သူမက အစာကြေသွားစေရန် မတ်တတ်ထရပ်လိုက်ပြီး ကုတင်ပေါ် တက်လိုက်ရာ ကျန်းမင်ယွမ်က လှမ်းတားလိုက်သည်။
"အရင် ရေချိုးလိုက်ပါလား…"
အိပ်ခန်းထဲတွင် ရေချိုးခန်းပါ ရှိလေသည်။ ချန်းဟွမ် သည် ရေချိုးလိုက်ပြီး ဆံပင်ကို တစ်ဝက်သာ ခြောက်အောင်သုတ်လိုက်၍ ကုတင်ပေါ် လေးဖက်ထောက် တက်လိုက်သည်။
သူမက စောင်ကို မေးစေ့နားအထိ ဆွဲခြုံလိုက်ကာ ကျန်းမင်ယွမ်ကို ပြောလိုက်သည်။
"ရှင်လည်း ရေချိုးပြီးမှ အိပ်လေ…"
ထိုလူက ခဏတာ ငြိမ်သက်သွားရပြီး ခေါင်းညိတ်လိုက်၏။ သူက ရှင်းရှင်းကိုပွေ့သွားကာ ရေချိုးခန်းဆီ လျှောက်သွားလိုက်သည်။
ချန်းဟွမ်သည် ကျန်းမင်ယွမ် ရေချိုးသံကို နားထောင်ရင်း အိပ်ပျော်သွားရသည်။ အတန်ကြာပြီးနောက် ကုတင်တစ်ဖက်မှ မွေ့ယာကြီး နစ်မြုပ်သွားသလို ခံစားလိုက်ရပြီး သူ့ကိူယ်ငွေ့နွေးနွေးက သူမနောက် ရောက်လာသည်ကို ခံစားလိုက်ရသည်။ဤသည်မှာ သူမ အိပ်မပျော်ခင် နောက်ဆုံး မှတ်မိခြင်းဖြစ်သည်။
ကိုယ်ပိုင်လေယာဉ်၏ အမြန်နှုန်းသည် လေကြောင်းလိုင်းကုမ္ပဏီများမှ လေယာဉ်များထက် အနည်းငယ်နှေးကွေးသည်။လေယာဉ်သည် ည ၈ နာရီတွင် ထွက်ခွာခဲ့ပြီး နောက်တစ်နေ့ နေ့လည် ၁ နာရီမှာ မြို့တော် S ကို ရောက်လာသည်။
နေ့တစ်ဝက်ကျော်ကြာပြီးနောက် ကျန်း လုပ်ငန်းစု၏ အကြီးအကဲကို အသက်ရှင်လျက် တွေ့ရှိရကြောင်း သတင်းမှာ နိုင်ငံတစ်ဝှမ်း ပျံ့နှံ့သွားရသည်။ ကျန်း ကော်ပိုရေးရှင်း၏ စတော့ရှယ်ယာများလည်း စတော့ဈေးကွက်တွင် ပြန်တက်လာပြီး စီးပွားရေး လှည့်ကွက်လုပ်လိုသူများသည်လည်း အလိုလို ချောင်ရောက်သွားရသည်။
ထိုသတင်းနှင့်အတူ ကျန်းမင်ယွမ် နှင့် ချန်းဟွမ် တို့ သတင်းများလည်း ပျံ့နှံ့လာကြသည်။
ကြီးကြီးမားမား ကိစ္စ တစ်ခုခု ကြုံလာတိုင်း သတင်းသမားများက ထိုနေရာကို ပထမဆုံး အပြေးအလွှား သွား၍ မေးမြန်းကြမည် ဖြစ်သည်။ထို့အပြင် နောက်ဆုံးရသတင်းများကို သတင်းပို့ရန်မှာ သူတို့ အလုပ်ဖြစ်ပြီး ကောင်စစ်ဝန်ရုံးကဲ့သို့သော နေရာများကိုမူ သူတို့ ဝင်၍မရပေ။
ထို့ကြာင့် သတင်းထောက်များက ကျန်းမင်ယွမ် နှင့် ကောင်စစ်ဝန်ရုံးမှ အခြားသူများ ပြန်ထွက်အလာကို မှတ်တမ်းတင်ခဲ့ပြီး ပြန်လည်ထုတ်လွှင့်ကြလေသည်
ကျန်းမင်ယွမ်သည် တရုတ်ပြည်တွင်းတွင် နာမည်ကြီးသူဖြစ်သည်။ သူက လျှို့ဝှက်စွာနေတတ်သူဖြစ်၍ သူ့ကို လူအတော်များများက မသိကြပေ။ ယခုဆို ဆူနာမီကြောင့် သူ့ဓာတ်ပုံများက အင်တာနက်ပေါ်တွင် ပျံ့နှံသွားရသည်။ဘာမှလုပ်စရာမရှိဘဲ အချိန်ဖြုန်းနေသော အင်တာနက်အသုံးပြုသူအချို့သည် သူဘေးကင်းစွာ ပြန်လာနိုင်သည့်အတွက် သဘောကျနေကြသည်။
ကျန်း ကော်ပိုရေးရှင်းသည်လည်း လူအများ စိတ်ဝင်စားမှုကို ခံခဲ့ရသည်။
ကျန်းမင်ယွမ်ကို အသက်ရှင်လျက် ကင်မရာရှေ့တွင် ကောင်းမွန်စွာ ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် လူအများ စိတ်သက်သာရာ ရစေခဲ့လေသည်။
ရှယ်ယာဈေးများလည်း ကျသွားပြီးဖြစ်ကာမှ သူတို့ အာရုံက တခြားနေရာကို ပြောင်းသွားရသည်။
သူခေါ်လာတဲ့ ဒီကောင်လေးက ဘယ်သူလဲ....သူလက်တွဲထားတဲ့ မိန်းကလေးကရော ဘယ်သူလဲ…
ဒစ်ဂျစ်တယ်ခေတ်တွင် သတင်းအချက်အလက်များ ရရှိရန် ယခင်ကထက် လွယ်ကူလာရသည်။ မူလချန်းဟွမ်၏ အတိတ်အပါအဝင် ချန်းဟွမ် နှင့် ရှင်းရှင်း တို့အကြောင်းများကို နာရီအနည်းငယ်အတွင်း စေ့စေ့ပေါက်ပေါက် သူတို့ သိသွားကြရသည်။
မူလချန်းဟွမ်မှာ ချမ်းသာသည့် သူဌေးများကို ချိန်ရန် ကြိုးစားခဲ့သည်ကိုလည်း သူတို့ အားစိုက်ထုတ်စရာမလိုဘဲ သိနိုင်ပေသည်။အတိတ်က ဖြစ်ရပ်များကို ထုတ်ဖော်လိုက်သည်နှင့် အင်တာနက်တစ်ခွင် ဆူညံသွားရပြန်သည်။
မိန်းကလေးတော်တော် များများကလည်း ကျန်းမင်ယွမ် ၏ ချစ်သူကို မနာလို ဖြစ်နေကြသည်။ယခင်က ကျန်းမင်ယွမ် လိုမျိုး သူဌေးတစ်ယောက်မှာ သာမန်လူကို မရွေးချယ်နိုင်ဟု သူတို့ တွက်ထားကြသည်။
ယခုလည်း အွန်လိုင်းမှ ထွက်လာရသည့် အချက်အလက်အားလုံးကိုကြည့်လိုက်လျှင် ချန်းဟွမ်အကြောင်း အားလုံး သိနိုင်ပေသည်။
ဆင်းရဲနွမ်းပါးသော ကျောင်းသူတစ်ယောက်ဖြစ်ကာ ဘားမှာအလုပ်လုပ်ခဲ့ဖူးပြီး ကောလိပ်မှထွက်ခဲ့သူ၊ လက်မထပ်ရသေးဘဲ ကလေးတစ်ယောက်ရှိနေသည့် မိန်းမတစ်ယောက်က ဒိတ်ဒိတ်ကြဲ သူဌေးတစ်ယောက်၏ ဘုရင်မ ဖြစ်လာရလေသည်။
ထိုအရာအားလုံးက သူတို့ကို ရူးသွပ်သွားအောင် လုပ်လိုက်သည့် အချက်များပင် ဖြစ်လေသည်။ ကျန်းမင်ယွမ် မျက်စိကန်းသွားပြီဟုလည်း ထိုသတင်းအောက်မှ မှတ်ချက်များက ရေးထားကြလေသည်။
အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကျန်းမင်ယွမ်ကို လှည့်စားခဲ့သော ချန်းဟွမ်သည် သူမ ကလေးကို အသုံးချလိုက်သဖြင့် ကျန်းမင်ယွမ်၏ အချစ်ကို ရရှိသွားရပြီး သူတို့နှစ်ဦးကလည်း မြဲမည်မဟုတ်ဟု ဆိုနေကြသည်။
Xxxxxx
Chapter 254
ချီရှန်း လေယာဉ်ပေါ်က ဆင်းလာသည်နှင့် ပထမဆုံး ထိုသတင်းများကို မြင်လိုက်ရသည်။ သူ့မျက်နှာမှာ အရောင်ပြောင်းသွားရပြီး ကျန်းမင်ယွမ် အနား အမြန်လျှောက်လာကာ သူ့ကို တိုးတိုးလေး ပြောလိုက်သည်။ ချန်းဟွမ်သည် ကျန်းမင်ယွမ် မျက်နှာပျက်သွားသည်ကို သတိပြုလိုက်မိပြီး မေးလိုက်သည်။
"ဘာဖြစ်နေတာလဲ…"
"ဘာမှမဟုတ်ပါဘူး…"
ကျန်းမင်ယွမ် က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
"ကိုယ့်ဖုန်း ပျက်သွားလို့ မင်းရဲ့ ဖုန်းကို ကိူယ် ခဏသုံးလို့ရမလား…"
"ဪ ရပါတယ်…"
ချန်းဟွမ် က သူမဖုန်းကို လော့ခ်ဖွင့်ပေးလိုက်ပြီး သူ့အား ပေးလိုက်သည်။
ကျန်းမင်ယွမ်က သူမဖုန်းကို သူ့အိတ်ကပ်ထဲ ထည့်လိုက်သော်လည်း ချန်းဟွမ် စိတ်အနှောင့်အယှက် မဖြစ်သွားပေ။ သူမကလည်း ဖုန်းမကိုင်ရလျှင် မနေနိုင်သူမဟုတ်။
၁၀ နာရီကျော် လေယာဉ်စီးလာရသဖြင့် လူတိုင်း ဗိုက်ဆာနေကြသည်။ ကျန်းမင်ယွမ်က အပြင််ထွက်စားဖို့ ကြံထားသော်လည်း သူ စိတ်ပြောင်းသွားရသည်။
"မင်းချက်တဲ့ ဟင်းတွေကို ကိုယ် အရမ်း လွမ်းတယ်…"
"ရှင် ဘာစားချင်လဲ…"
သူက ဟင်းအချို့ကို ပြောပြလိုက်ရာ ချက်ပြုတ်ရန် မခက်ခဲသည့်ဟင်းများဖြစ်ကြောင်း ချန်းဟွမ် သိလိုက်သည်။ သူမက ခေါင်းညိတ်ပြလိုက်ပြီး လိုအပ်သည့် ပစ္စည်းများဝယ်ရန် ကားထဲက ဆင်းလိုက်သည်။
အိမ်ပြန်ရောက်သည်နှင့် နှစ်ယောက်သား အတူတူ နေ့လည်စာ ချက်လိုက်သည်။ အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားရသည်။
နေ့လယ်စာစားပြီးနောက် ကျန်းမင်ယွမ် က အလုပ်ကိစ္စ ရှိသဖြင့် ရုံးသို့ သွားရန် သူ့အဝတ်အစားများကို ချွတ်နေရင်း ချန်းဟွမ်ကို မေးလိုက်သည်။
"မင်း ကိုယ်နဲ့ ရုံးကို လိုက်ချင်လား…"
သာမန်ဆိုလျှင် ချန်းဟွမ် ငြင်းကောင်းငြင်းနိုင်သော်လည်း ယခုအဖြစ်အပျက် ဖြစ်ပြီးနောက်တွင် သူမ သူ့ကို မျက်စိအောက်က အပျောက်မခံချင်သဖြင့် သဘောတူလိုက်သည်။
သူမတို့ တိုက်ခန်းသည် ရုံးနှင့် ၅ မိနစ်သာ ဝေးသည်။ ကားကို မြေအောက်ကားဂိုဒေါင်ထဲ ပါကင်ထိုးလိုက်ပြီး မိသားစု ၃ ယောက်လုံး ဓာတ်လှေကားနှင့် အပေါ်ဆုံးထပ်ကို တက်သွားလိုက်လေသည်။ အပေါ်ဆုံးထပ်သည် ကျန်းမင်ယွမ် နှင့် လက်ထောက်အဖွဲ့သားများ အလုပ်လုပ်ကြသဖြင့် လူနည်းပေသည်။တစ်ထပ်လုံး အလွန်တိတ်ဆိတ်နေပြီး စင်္ကြံတွင်လည်း ဝန်ထမ်းများများစားစား မရှိပေ။ ကျန်းမင်ယွမ်က သူတို့ကို ရုံးခန်းထဲ ခေါ်သွားလိုက်ပြီး တစ်ခုခုစားချင်လားဟု မေးလိုက်သည်။
"ရပါတယ်…ဘာမှ မစားချင်ပါဘူး…ရှင်သာ အလုပ်သွားလုပ်ပါ…"
ကျန်းမင်ယွမ် က ပြောလိုက်သည်။
“အိုကေလေ…စာအုပ်စင်ပေါ်မှာ ဝတ္ထုတွေရှိတယ်…မင်း ပျင်းရင် ဖတ်လို့ရတယ်နော်…"
"အိုး ဟုတ်လား…"
ချန်းဟွမ်က သူမဘေးရှိ စာအုပ်စင်ကို ငုံ့ကြည့်ပြီးနောက် သူ့ကို ပြန်ပြောလိုက်သည်။
"ကျွန်မ ဖုန်းလေး…"
"ကိုယ် သုံးစရာရှိသေးတယ်…ခဏလောက် ယူထားလို့ရတယ်မလား…"
ကျန်းမင်ယွမ်က ပြောပြောဆိုဆို ချန်းဟွမ် နှုတ်ခမ်းထောင့်ကို နမ်းလိုက်သည်။
"ဒီမှာနေပြီး စာဖတ်နေနော်…"
ချန်းဟွမ် "……"
သူမကို နမ်းလိုက်သည်နှင့် သူမရင်ထဲတွင် တစ်ခုခု ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။
"ကိုယ် အခု အလုပ်သွားလုပ်တော့မယ်နော်…"
ချန်းဟွမ်သည် စောစောက ဘာပြုတ်ကျသွားသည်ကို တွေးနေစဉ် သူ့စကားကြောင့် အတွေးပြတ်သွားရပြီး သူ့ကို ဟုတ်ပါပြီဟု ပြန်ပြောလိုက်သည်။
ရှင်းရှင်းသည် ယခင်က ရုံးခန်းကို လာဖူးသဖြင့် သူ့အရုပ်များ ရှိနေကြသည်။ အလုပ်လည်းမရှိသလို ဖုန်းလည်းမရှိသဖြင့် ချန်းဟွမ်က ကုဗတုံးကို ရှင်းရှင်း နှင့် အတူ ဆော့နေလိုက်သည်။
ကုဗတုံးကို မည်သို့ကစားရမှန်း သူမမသိသဖြင့် တစ်နာရီကြာအောင် ဆော့နေသော်လည်း ယခုထိ အရောင်မတူကြသေးပေ။
ရှင်းရှင်း မှာလည်း ကလေးသာဖြစ်၍ သူကိုယ်တိုင် ဆော့တတ်သော်လည်း သူများကို ပြန်သင်မပေးတတ်ပေ။ သူရှင်းပြလေလေ၊ချန်းဟွမ်လည်း ပိုစိတ်ရှုပ်လေလေပင်။
နောက်ဆုံးတွင် ဆရာပေါက်စလေးက စိတ်မရှည်တော့ဘဲ ကုဗတုံးကို ဘေးသို့ ပစ်ချလိုက်ပြီး ပြောလိုက်သည်။
"မေမေက အရမ်းတုံး,တာပဲ…"
"သား ဘာပြောလိုက်တာလဲ…"
ချန်းဟွမ် က ရှင်းရှင်းပါးကို ဖျစ်ညှစ်လိုက်ရင်း မျက်လုံးကို ထောင့်ကပ်၍ ကြည့်နေလိုက်သည်။ရှင်းရှင်းက ချက်ချင်းပင် သူမ ရင်ခွင်ထဲကို ခုန်ဝင်လာပြီး သူမ ပါးပြင်ကိုလည်း ပွတ်သပ်ရင်း ပြောလေသည်။
"မေမေက အရမ်းလှတာပဲလို့ သားက ပြောတာပါ… မေမေက ကမ္ဘာပေါ်မှာ အလှဆုံးပဲ…"
ချန်းဟွမ် ရယ်မိသွားရသည်။
"လူလည်လေး…"
“ဟဲဟဲ…”
***
ကျန်းမင်ယွမ်သည် သားအမိ နှစ်ယောက် ရယ်မောပျော်ရွှင်နေသံကို တစ်ခါတစ်ခါ ကြားရသဖြင့် သူလည်း ကြည်နူးလာရသည်။သူ၏ တင်းမာနေသည့် မျက်နှာမှာ ပြေလျော့လာရပြီး သူ့အကြည့်တို့ကလည်း နူးညံ့လာရသည်။ သူက သူမတို့ သားအမိကို လှည့်ကြည့်နေပြီး သူမတို့ သတိမထားမိခင် အကြည့်လွှဲလိုက်သည်။
......
သူဝေ့ပေါ်မှ မက်ဆေ့ခ်ျအသစ်များကို သူတွေ့လိုက်ရသည်။
သူကို ပြောထားသည်များကို ဖတ်ရင်း အကြည့်တို့ အေးစက်သွားရသည်။သူက စားပွဲပေါ်တွင် လက်ချောင်းများကို တတောက်တောက် ခေါက်လိုက်ကာ စာပို့လိုက်သည်။
[ကျန်းမင်ယွမ်- အွန်လိုင်းမှာ ဘာတွေဖြစ်နေလဲဆိုတာကို စောင့်ကြည့်နေ…အဲ့ဒီ သတင်းတွေကို ဖျက်ပစ်ပြီးတော့ သူမတို့ နှစ်ယောက်ကို မထိခိုက်စေမဲ့ နည်းကို ရှာလိုက်…]
Xxxxxxx