ဒါက အစပဲရှိသေးတယ်
ထို့အပြင် စစ်မုန့်ယွီတို့ကို ကူညီဖျန်ဖြေပေးရန်
ပြေးလာသော ပြိုင်ပွဲဝင် အနည်းစုသည်လည်း ဒီအဖြစ်အပျက်ကို ဖော်ထုတ်ချိန် အစပိုင်းတွင်
သူ့အလိုလို ပူးပေါင်း ပါဝင်လာခဲ့သည်။
ထိုအချိန်တွင် သူတို့အားလုံး စစ်မုန့်ယွီကို
ဝိုင်းဆွဲနေခဲ့တာဖြစ်ပြီး လူတော်တော်များများက ဝိုင်းဝန်း ဆွဲနေကြတာ ဖြစ်လို့ သူမကို
တစ်ယောက်ယောက်ကတော့ ဆွဲကိုင်မိသင့်သည်။
သို့သော် စစ်မုန့်ယွီသည် နောက်ဆုံး၌ လုံးဝ
လွှတ်ထွက်သွားခဲ့ပြီး ထိုခွန်အားသည် သူမကိုယ်ပိုင် ခွန်အားနှင့် မတူပေ။
တစ်နည်းအားဖြင့် သူမကို နောက်ကနေ တစ်စုံတစ်ယောက်က
တွန်းထုတ် လိုက်တာပင် ဖြစ်သည်။
ထိုလူက ဝမ်ကျင့်ဖျင် ဖြစ်သည်ဟူသော သက်သေ
အထောက်အထား မရှိသော်လည်း စစ်မုန့်ယွီနှင့် အခြားသူများ၏ ဝေဖန်ပိုင်းခြားမှုအရ သူမကို
ထောက်ပြနေခဲ့သည်။ သူတို့ မသိစိတ်ကနေ ဒီလို ကြောက်စရာကောင်းသည့် အမျိုးသမီးနှင့် ခပ်ဝေးဝေး
နေချင်ခဲ့သည်။
မိမိကိုယ်ကျိုး စီးပွားအတွက် သူမအပေါ် စိတ်ရင်းမှန်စွာ
ဆက်ဆံသော သူငယ်ချင်း၊ အမြဲတမ်း ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးသည့် သူငယ်ချင်း ဖြစ်သူကို
အလွယ်တကူ ချနင်းနိုင်သည့် အမျိုးသမီးဟာ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်ပါသလဲ။
သူတို့ သူမနှင့် ဝေးဝေးနေတာက ပိုကောင်းတယ်၊
သူမနှင့် ရင်းနှီးလေလေ၊ သူမ၏ ခြေနင်းကျောက်အဖြစ် အသုံးတော်ခံရဖို့ အလားအလာ ပိုများလေလေပါပဲ။
ဒီအတွေးဖြင့် သူမကို အစက သတိမထားခဲ့ကြသည့်
အခြားပြိုင်ပွဲဝင်တွေက သူမနှင့် ခပ်ဝေးဝေး နေလာကြသည်။
စစ်မုန့်ယွီကို လှည့်ဖြားရန် ဝမ်ကျင့်ဖျင်
အသုံးပြုခဲ့သည့် အထီးကျန်နည်း ပရိယာယ်ဟာ နောက်ဆုံးတွင် သူမအတွက် လက်တွေ့ ဖြစ်လာခဲ့သည်။
ဒါ့အပြင် ယွင်လောင်ရှန်းသည်လည်း ပရိုဂရမ်
အဖွဲ့ထံသို့ ပြန်ရောက် လာခဲ့သည်။
စစ်မုန့်ယွီနှင့် ယိုယွီရှစ်တို့မှာ ထိပ်ဆုံးအယောက်
၂၀ စာရင်းဝင်ခဲ့သည်။ သူတို့မှာ အစီအစဉ်မှ နုတ်ထွက်သွားသောကြောင့် သူတို့ရ၏ နေရာတွင်
အစားထိုးဖို့ လိုအပ်လာခဲ့သည်။ ယွင်လောင်ရှန်းသည် အယောက် ၂၀ ကပ်လျက်တွင် ရှိနေသောကြောင့်
ယွင်လောင်ရှန်းနှင့် အခြားပြိုင်ပွဲဝင် တစ်ဦးကို ပြန်ခေါ်ခဲ့သည်။
မတော်တဆမှု ပြီးနောက် အစီအစဉ်ကို စရောက်
လာကတည်းက ရှက်ရွံ့ပြီး သူရဲဘောကြောင်သည့် မိန်းကလေးဟာ ကြီးပြင်း လာပုံရသည်။
သူမသည် အခြား မိန်းကလေးများနှင့် ရယ်မော
စကားပြောဆိုနေရင်း လမ်းလျှောက်လာကာ ဝမ်ကျင့်ဖျင် အနားသို့ ရောက်သောအခါဝယ် သူမ၏ အပြုံးများက
ပျောက်ကွယ် သွားခဲ့သည်။
“နင်...”
ဝမ်ကျင့်ဖျင်၏ စကားမဆုံးခင်မှာပင်၊ ယွင်လောင်ရှန်း
ကြားဖြတ် ပြောလိုက်သည်။
“အစ်မယွီရှစ်၏ ကိစ္စက မပြီးသေးဘူး။ ဒါက
အစပဲရှိသေးတယ်”
ထို့နောက်၊ သူမသည် ဝမ်ကျင့်ဖျင်၏ တုံ့ပြန်မှုကို
မစောင့်ဆိုင်းတော့ပဲ ချာခနဲ လှည့်ထွက် သွားခဲ့သည်။
ဝမ်ကျင့်ဖျင်သည် သူမ နောက်ကျောကို ကြည့်ရင်း
သူမ ပြောခဲ့သည့် အကြောင်းအရာကို တွေးနေခဲ့မိသည်။ မသိရသည့် အကြောင်းပြချက် အချို့ကြောင့်
သူမကျောထဲ အေးစိမ့်သွားသလို ခံစားလိုက်ရသည်။
စုယန်ယန်သည် သူမ၏ သဘောထားကို ပရိုဂရမ် အဖွဲ့အား
ပြောပြပေးရန် ရှားကျွင်းရှန့်ကို တောင်းဆိုပြီး နောက်မှာတော့ သူမဟာ ဒီကိစ္စကို လုံးဝ
လျစ်လျူရှု ထားခဲ့သည်။
ဆောက်လုပ်ရေးအဖွဲ့ တရားဝင် ပြင်ဆင်ပြီး
တစ်လခွဲ အကြာတွင် စုယန်ယန်၏ ဆေးဖက်ဝင် စားသောက်ဆိုင်ဟာ အလုံးစုံ ပြင်ဆင်ပြီးခဲ့သည်။
အတွင်းပရိဘောဂ အားလုံးကို သပ်ရပ်စွာ စီစဉ်ထားပြီး
ပိုင်ရှင်နှင့် ဧည့်သည်များ ရောက်ရှိလာမှာကို စောင့်ဆိုင်းနေသည်။
“ရှစ်ဟွမ်းကွမ်။ ဒီနာမည်က ဘာဖြစ်လို့ ထူးဆန်းနေတာလဲ”
“မင်း ဘာတွေ အတွေးများ နေတာလဲ။ ရှစ်ဟွမ်း၊
စားသောက်ဆိုင်ဆိုတာ ပျော်ပျော်ရွှင်ရွှင် စားသောက်ရဖို့က အဓိကပဲ မဟုတ်လား။ ဘယ်စားသောက်ဆိုင်ကများ
သူတို့ဖောက်သည်တွေကို ပျော်ပျော်ရွှင်ရွှင် မစားသောက်စေချင်တာ၊ မကြာခဏ မလာစေချင်တာမျိုး
ဘယ်ရှိပါ့မလဲ”
“မင်းပြောတာ အဓိပ္ပါယ်ရှိတယ်”
အစောကြီး စေလွှတ်ခံလိုက်ရသည့် ဝန်ထမ်း တစ်ဒါဇင်ကျော်က
စားသောက်ဆိုင်၏ နာမည်နှင့် ဆိုင်၏ အပြင်အဆင်အချို့ကို ဆွေးနွေးတိုင်ပင်ကြဖို့ ရောက်ရှိ
လာခဲ့ကြသည်။
စုယန်ယန် စားသောက်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့်
ဤမြင်ကွင်းကို တွေ့လိုက်ရသည်။ စုယန်ယန် မျက်ခုံးပင့်ပြီး ချောင်းအသာဟန့်ကာ လူတိုင်း၏
အာရုံကို ဆွဲဆောင်လိုက်သည်။
သူတို့အားလုံး၏ ဆွေးနွေးနေမှုများ ချက်ချင်း
ရပ်တန့်သွားကာ အလျင်အမြန် တန်းစီရပ်လိုက်ပြီး “မင်္ဂလာပါ၊ ဘော့စ်” လို့ အော်ဟစ် နှုတ်ဆက်
လိုက်ကြသည်။
စုယန်ယန်က အသာရယ်ရင်း သူမ လက်ကို ဝှေ့ယမ်းလိုက်သည်။
“ဒီလောက် လေးနက်နေဖို့ မလိုပါဘူး။ ရှင်တို့တွေထဲမှာ
တချို့က ကျွန်မ ဆွေမျိုးတွေနဲ့ တချို့ကတော့ ကျွန်မ အစ်ကိုကြီးရဲ့ ယုံကြည်စိတ်ချရတဲ့
လက်ထောက်တွေပဲ။ ကျွန်မ ရှင်တို့တစ်ယောက်ချင်းစီကို စိတ်ချယုံကြည်ပါတယ်”
စုယန်ယန်၏ စကားလုံးများမှာ လူငယ်တော်တော်များများ၏
မျက်လုံးများကို တောက်ပ လာစေသည်။ သို့သော် သူတို့က မျက်နှာသာရရန် မသင့်တော်သည့် အပြုအမူ
တစ်စုံတစ်ရာကိုမျှ မပြုလုပ်ခဲ့ကြပေ။
စုယန်ယန်က ဒါကို မြင်လိုက်ရ၍ စိတ်ကျေနပ်
သွားသည်။ သူမက အပြုံးလေးဖြင့် “ဦးလေးနဲ့ အစ်ကိုကြီးက မင်းတို့ကို ဒီကို မလွှတ်ခင်မှာ
မင်းတို့ကို တစ်ခုခု မှတ်သားထားဖို့ မှာကြားခဲ့လိမ့်မယ်၊ ဟုတ်တယ်မလား”
သူတို့အထဲမှ အနည်းငယ်က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ
ရိုးရိုးသားသား ပြောကြသည်။
“ဥက္ကဌစုက သခင်မလေးရဲ့ ပြောစကားကို နားထောင်ဖို့
ကျွန်တော်တို့ကို မှာကြားထားခဲ့တယ်”
တခြား လူငယ်တွေကလည်း “ကျွန်တော်တို့ကိုလည်း
ဒီလိုပဲ မှာကြားထားခဲ့ပါတယ်” လို့ တစ်ထပ်တည်း လိုက်ပါ ပြောကြားခဲ့သည်။
***