အပိုင်း ၂၂၀
Viewers 1k

အခန်း (၂၂၀)

 

ဝန်ထမ်းအကျိုးခံစားခွင့်များ

 

“ကောင်းပြီ။ တကယ်တော့ ကျွန်မက ပေါင်းရသင်းရ ခက်တဲ့လူတော့ မဟုတ်ပါဘူး။ ကျွန်မကို လေးလေးစားစား ပြောဆိုဆက်ဆံသရွေ့ ကျွန်မကလည်း ရှင်တို့ကို လေးလေးစားစား ဆက်ဆံပေးမှာပဲ။ ဒါပေမယ့် တစ်စုံတစ်ယောက်က ဆိုင်ရဲ့ စည်းမျဉ်း စည်းကမ်းတွေကို ဖောက်ဖျက်ပြီး ယုတ္တိမတန်တဲ့ ကိစ္စရပ်တွေ လုပ်နေတာကို တွေ့ရရင်တော့ ကျွန်မ စီးပွားရေးအရ လုပ်ထုံး လုပ်နည်းတွေနဲ့ ကိုင်တွယ် ဖြေရှင်းသွားမှာ ဖြစ်တဲ့အကြောင်းကို ကြိုတင် အသိပေး ထားချင်ပါတယ်။ စည်းကမ်း ဖောက်ဖျက်သူက ကျွန်မရဲ့ ဆွေမျိုးတွေပဲဖြစ်ဖြစ်၊ ကျွန်မအစ်ကိုရဲ့ ယုံကြည်စိတ်ချရတဲ့ သူပဲဖြစ်ဖြစ်၊ ကျွန်မ သနားညှာတာပေးမှာ မဟုတ်ပါဘူး”

 

လူတိုင်း ကြက်သေ သေသွားကြသည်။ ဒီလို ပြုံးချိုနေသည့် ကောင်မလေးက သူတို့ မျက်နှာပေါ်မှာ မြင်တွေ့ရသဘောက် မရိုးရှင်းနိုင်ကြောင်းကို ရုတ်တရက် နားလည် သဘောပေါက် သွားသည်။

 

“စကားလုံးတွေက နားဝင်ဆိုးပေမယ့် ကျွန်မ အရင်ဆုံး ရှင်းရှင်းလင်းလင်း လုပ်ထားရတာကို ကြိုက်လို့ပါ။ ဒီလို ကြိုတင် ပြောထားလိုက်တော့ လူတိုင်း စိတ်ပျော်ပြီး ဖြစ်ပျက်လာမယ့် ပြဿနာတွေကို ကြိုတင် ကယ်တင် နိုင်သွားလိမ့်မယ်”

 

စုယန်ယန်၏ စကား ဆုံးသွားသည်နှင့် လူငယ်တစ်ယောက်က “ဘော့စ်၊ ကျွန်တော်တို့ဆိုင်ရဲ့ စည်းကမ်းချက်တွေက ဘာတွေလဲ ပြောပြပါလား” လို့ ကျယ်လောင်စွာ မေးမြန်းခဲ့သည်။

 

စုယန်ယန်သည် အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ရာ အသက်နှစ်ဆယ်‌ကျော် လူငယ်လေး တစ်ဦး ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူ့အသွင်အပြင်က သန်မာပုံပေါ်ပေမယ့် အနည်းငယ် အသားညိုသည်။ သူ့ကြည့်ရတာ အတော်လေး လိမ္မာပါးနပ်မည့်ပုံပင်။

 

“ကျွန်မတို့ဆိုင်ရဲ့ စည်းကမ်းချက်တွေက အရမ်း ရိုးရှင်းပါတယ်။ ကျွန်မတို့ဆိုင်က ဆေးဖက်ဝင် ဟင်းလျာတွေ ရောင်းချမယ် ဆိုတာ ရှင်တို့ ကြားခဲ့ဖူးမှာပါ။ ဆေးဖက်ဝင် ဟင်းလျာဆိုတာကို ကျွန်မ ရှင်းပြရရင် အစားအစာထဲမှာ တရုတ်ဆေးဝါးတွေကို ထည့်သွင်း ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေကို ခေါ်ဆိုတာပါ။ ဒီအစားအစာတွေကို စားသောက်လိုက်နဲ့ ဖျားနာတာကို ပျောက်ကင်းစေပြီး ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်း စေပါတယ်။ ဒါပေမယ့် ဒါက ဆေးဝါးဖြစ်တာကြောင့် ရောဂါကို ထိရောက်စွာ တိုက်ဖျက် ပေးနိုင်ရမယ်။ ဆေးဝါးကို မှားယွင်းစွာ သောက်သုံးမိခြင်း ဒါမှမဟုတ် မှားယွင်းသည့် ဆေးပမာဏကို သုံးစွဲမိမယ်ဆိုရင် ခန္ဓာကိုယ်ကို အားမဖြစ်စေရုံသာမက ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေနိုင်တယ်။”

 

ဒီလိုမျိုး ကြားရတာက လူတိုင်းအတွက် ပထမဆုံးအကြိမ် ဖြစ်ပြီး လူတိုင်းကို အံ့အားသင့် သွားစေသည်။

 

အစားအစာက အစားအစာ၊ ဒါပေမယ့် သူတို့က ဆေးဝါးနှင့် ဘယ်လိုလုပ်ပြီး ဆက်စပ်နိုင်တာလဲ။ ဒီတော့ ဒါက စားသောက်ဆိုင်လို့ ပြောရမှာလား၊ ဆေးဆိုင်လို့ ပြောရမှာလား။

 

စုယန်ယန်သည် သူတို့ သူမ၏ စကားလုံးများကို နားလည် သဘောပေါက်ရန် သေသေချာချာ ရှင်းပြဖို့ ခွန်အား မရှိပေ။ သူမက ဆက်လက်ပြီး “အနာဂတ်မှာ မီးဖိုချောင်ကို တာဝန်ယူရမယ့် လူတစ်စုကို ကျွန်မ ရွေးချယ်မယ်။ တစ်နည်းဆိုရရင်၊ အဲ့လို‌ရွေးချယ်ခံရတဲ့ လူတွေက ကျွန်မတို့ဆိုင်မှာ ရောင်းချမယ့် ဆေးဖက်ဝင်ဟင်းလျာ အများအပြားကို ပြင်ဆင် ချက်ပြုတ် ရလိမ့်မယ်။ ဆိုင်ရဲ့ စည်းကမ်းချက်တွေကတော့ မီးဖိုချောင် တာဝန်ခံတွေက မီးဖိုချောင်ကနေ ထွက်ပြီးရင် ကျွန်မ ခွင့်ပြုချက်မရှိပဲ အပြင်မှာ ဆေးဖက်ဝင် ဟင်းလျာတွေကို ပြုလုပ်ခွင့် မပေးပါဘူး။ ရှင်တို့ ဒါကို ရောင်းချဖို့ ဒါမှမဟုတ် ရှင်တို့မိသားစုဝင်တွေ အတွက်ဆိုရင်ပဲ ဖြစ်ဖြစ် ကျွန်မရဲ့ ခွင့်ပြုချက်ကို အရင် တောင်းခံရမယ်။ မဟုတ်ရင် အဲ့ဒီ အစားအသောက်ကြောင့် ဖြစ်လာမယ့် အကျိုးဆက်တွေကို ကျွန်မ တာဝန်ယူပေးမှာ မဟုတ်ပါဘူး”

 

စုယန်ယန်၏ စကားကို အားလုံး နားထောင်ပြီး‌နောက် ပို၍ပင် ခေါင်းရှုပ် သွားကြသည်။ အစက သူတို့သည် ဒီနေရာမှာ သမားရိုးကျ အလုပ်တာဝန်များကို လုပ်ဆောင်ရန် ရောက်ရှိ နေကြသည်ဟု ထင်ခဲ့ကြသော်လည်း ယခုအခါ သူတို့ ထင်သလို လွယ်ကူမှာ မဟုတ်ကြောင်း သိလာရသည်။ ချက်ပြုတ်ရရုံ သာမက ရောဂါဝေဒနာများကို ကုသရန် နည်းလမ်းများကိုပါ သင်ယူရမှာလား။

 

“ဘော့စ်၊ ကျွန်တော်တို့ ဘယ်လို ချက်ပြုတ်ရမှန်းကို မသိသလို ဆေးဝါးအကြောင်းကိုလည်း မသိကြဘူး။ ကျွန်တော်တို့ ဘယ်လို လုပ်ရမှာလဲ”

 

“အဲ့ဒီအတွက် ရှင်တို့ စိတ်ပူစရာ မလိုပါဘူး။ ကျွန်မ ရှင်တို့ကို နောက်ကျရင် သင်ကြားပေးမှာပါ။ ရှင်တို့ကို ဆေးဖက်ဝင် ဟင်းလျာ ပြုလုပ်နည်း၊ ပါဝင်ပစ္စည်းတွေကို ခွဲခြားနည်းနဲ့ သူတို့ကို ထည့်သွင်းရမယ့် ပမာဏ တိုင်းတာနည်းတွေကို ကျွန်မ သင်ကြားပေးမှာပါ”

 

စုယန်ယန် ခေတ္တရပ်ပြီး စနောက် ကျီစယ်လိုဟန်ဖြင့် ဆက်ပြောခဲ့သည်။

 

“ဒါ့အပြင်၊ ရှင်တို့ဝန်ထမ်းတွေအတွက် အထူး အကျိုးခံစားခွင့်တွေ ရှိပါတယ်”

 

“ဘာအကျိုးခံစားခွင့်တွေလဲ”

 

“ဆိုင်က ဝန်ထမ်းတွေ ကိုယ်တိုင် ကိုယ်ကျအတွက် ဆေးဖက်ဝင်ဟင်းလျာ လိုအပ်ရင် ကျွန်မတို့က ဒါကို အခမဲ့ ပေးနိုင်ပါတယ်။ ရှင်တို့ မိသားစုဝင်တွေအတွက် အရင်ဆုံး အစမ်း သုံးစွဲကြည့်နိုင်ပြီး နောက်ပိုင်းကျရင် လျှော့စျေးကို ရယူနိုင်ပါမယ်”

 

“ဒါက...” လူတိုင်း စုယန်ယန်ရဲ့ စကားလုံးတွေကို ရှင်းရှင်းလင်းလင်း နားမလည်နိုင်ကြပဲ တစ်ယောက်ကို တစ်ယောက် ကြည့်နေမိကြသည်။

 

စုယန်ယန်က ဒါကို ကြိုတင်မျှော်လင့် ထားသည့်အတွက် သူမ အနေနှင့် ဒါကို ကြိုတင်ပြင်ဆင် ထားခဲ့သည်။

 

“ရှင်တို့ ကျွန်မ ပြောတာကို နားလည် သ‌ဘောမပေါက်ကြဘူး ထင်တယ်။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ကျွန်မ ရှင်တို့ထဲက သိပ်မကြာသေးခင်ကမှ နေမကောင်းဖြစ်နေတဲ့ လူနှစ်ယောက်ကို ရွေးချယ်ပြီး သူတို့အတွက် ဆေးဖက်ဝင် ဟင်းလျာတွေ ပြုလုပ်ပေးမယ်ဆိုရင် ဘယ်လိုလဲ”

 

အားလုံး တစ်ပြိုင်နက်တည်း မျက်မှောင်ကြုတ် သွားကြသည်။ ဝန်ထမ်းတွေက သူတို့ထဲက ဘယ်သူတွေက နေမကောင်း ဖြစ်နေတာလဲ ဆိုတာကို ရှာဖွေရန် ကြိုးစားနေသကဲ့သို့ တစ်ယောက်ကို တစ်ယောက် စစ်ဆေးကြည့်ရှု နေခဲ့ကြသည်။

 

မမျှော်လင့်ထားတာက စုယန်ယန်က ဒီလိုလုပ်ဖို့တောင် မလိုအပ်ခဲ့ပါဘူး။ သူမက လူအုပ်ထဲမှ လူနှစ်ယောက်ကို တိုက်ရိုက် ညွှန်ပြလိုက်သည်။

 

“ရှင်နဲ့ ရှင်၊ ရှင်တို့နှစ်ယောက်စလုံး၊ ကျေးဇူးပြုပြီး ရှေ့ထွက်လာပေးပါ”

***