စားသောက်ဆိုင်တွင်
တိုက်ရိုက် ထုတ်လွှင့်မှု စတင်ခြင်း
စုယန်ယန်သည်
အသက်နှစ်ဆယ်ကျော် အရွယ် ကောင်လေး တစ်ယောက်နှင့် ကောင်မလေး တစ်ယောက်ကို ရွေးချယ်ခဲ့သည်။
နှစ်ယောက်သား ကြောက်လန့်တကြား ထခုန်ကာ ရှေ့သို့ ပြေးလာကြသည်။
စုယန်ယန်က
သူတို့နှစ်ယောက်၏ တုံ့ပြန်မှုကို ကြည့်ကာ ပြုံးချင်ချင် ဖြစ်သွားခဲ့ပြီး ကူကယ်ရာမဲ့စွာ
ပြောလိုက်သည်။
“စိတ်မပူပါနဲ့၊ တို့ မင်းတို့ကို ဘာမှ မလုပ်ပါဘူး။
မင်းတို့နာမည် ဘယ်လိုခေါ်လဲ။ ကျေးဇူးပြုပြီး မင်းတို့ ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပါဦး”
နမူနာအဖြစ်
ရုတ်တရက် ရွေးချယ်ခံလိုက်ရသည့် အတွက် သူတို့နှစ်ယောက်စလုံး အနည်းငယ် ရှက်ရွံ့ သွားကြသည်။
သို့ရာတွင်
ကောင်လေးမှာ အတော်လေး တက်ကြွသည်။ သူက လည်ချောင်းရှင်းပြီး “ကျွန်တော့် နာမည်က ရှင်းဟန်လျန့်၊
အသက်က ၂၆ နှစ်ပါ။ ကျွန်တော်က ဥက္ကဌစုရဲ့ လက်ထောက်ပါ။ ကျွန်တော်က လက်မထပ် ရသေးတဲ့ လူလွတ်တစ်ယောက်ပါ”
လို့ ကျယ်လောင်စွာ မိတ်ဆက်စကား ပြောဆိုခဲ့သည်။
“ဖူး...”
သူ၏
နောက်ဆုံး စကားနှစ်ခွန်းကို ကြားတော့ ရှင်းဟန်လျန့်၏ နောက်က လူများမှာ မျက်နှာတည်မထားနိုင်ပဲ
မနေနိုင်စွာ ရယ်မော လိုက်မိသည်။
စုယန်ယန်သည်လည်း
မရယ်ပဲ မနေနိုင်ပေ။ သူမက သူ့ပခုံးကို ပုတ်ပေးပြီး “ကောင်းပါပြီ။ ကျွန်မတို့စတိုးဆိုင်ရဲ့
ဖုန်းရွှေက ကောင်းမွန်ပြီး ကျွန်မတို့ စတိုးဆိုင်ဆီမှာ မိန်းကလေးတွေ အများကြီး ရှိတယ်။
လအနည်းငယ် အကြာလောက်မှာ နင် တစ်ကိုယ်ရေ ဘဝကို ချန်ထားနိုင်မယ့် အလားအလာ ရှိတယ်”
ရှင်းဟန်လျန့်သည်
သူ့နောက်က လူများ၏ ရယ်မောခြင်းကို ဂရုမစိုက်ပဲ သူပါ ရှက်ကိုးရှက်ကန်း မျက်နှာထားဖြင့်
ရယ်မောမိသည်။
စုယန်ယန်က
ပြုံးပြီး တခြား ကောင်မလေးဘက်သို့ လှည့်ကာ “မင်းအကြောင်းကိုရော ပြောပါဦး”
“ကျွန်မနာမည်က
ချိန်ယိရွှမ်ပါ။ အသက်က ၂၄ နှစ်ပါ။ ဘွဲ့ရပြီးပါပြီ၊ ပြီးတော့ ကျွန်မကလည်း... စင်ဂယ်ပါပဲ”
မိန်းကလေးတွေက
ဘယ်လောက် အထိခိုက်လွယ်လဲ ဆိုတာကို နားလည်ကြတော့ ဒီတစ်ခါတော့ သူတို့က မရယ်ကြဘူး။ စုယန်ယန်က
သူမကို မစနောက်ပဲ လိုရင်းကို တဲ့တိုးပြောလိုက်သည်။
“မင်းရဲ့
ရာသီစက်ဝန်းက မမှန်ဘူး မဟုတ်လား။ တစ်ခါတစ်ရံ ပုံမှန်ထက် အချိန်အကြာကြီး စောင့်ဆိုင်းရပြီး
တစ်ခါတစ်ရံမှာတော့ ရုတ်တရက် ပုံမှန်ရက်ထက်
ရှေ့သို့ ရောက်သွားတတ်တယ်။ အချိန်မှန် လာတယ်ဆိုတာ ရှားလိမ့်မယ်။ ရံဖန်ရံခါ ဆိုသလို
ဒူးနာတယ်၊ မူးဝေပြီးတော့ နားထဲမှာ တဝီဝီမြည်သံတွေ ကြားရတာမျိုးကို ခံစားရလိမ့်မယ်”
ချိန်ယိရွှမ်ဟာ
ကြက်သေ သေသွားသည်။
“ဘယ်လိုလုပ်ပြီး...
ဘယ်လိုလုပ်ပြီး သိနေတာလဲ”
“တို့
ပြောနိုင်လို့ပေါ့”
စုယန်ယန်က
ရှင်းဟန်လျန့်ဖက်သို့ မျက်နှာ လှည့်လိုက်သည်။
“မင်းကတော့၊
ချွေးအထွက် များတယ် မဟုတ်လား”
ရှင်းဟန်လျန့်က
ကြောင်သွားသည်။
“ချွေးထွက်များတာလား။ အဲ့တာက ဘာလဲ။
“မင်းအိပ်မောကျ
သွားတဲ့အခါ မင်း ချွေးအများကြီး ထွက်လိမ့်မယ်၊ မင်း ထွက်တဲ့ ချွေးပမာဏက သာမန်လူတွေ
ထွက်ရှိတဲ့ ချွေးပမာဏထက် အများကြီး ပိုများလိမ့်မယ်။ အတိအကျ ပြောရရင် မင်း အိပ်မောကျသွားတဲ့
အခါ အရမ်းပူသလို ခံစားရပြီး ချွေး မရပ်မနား ထွက်ရှိလိမ့်မယ်။ မင်း အိပ်ရာနိုးတဲ့ အခါကျ
ချွေးထွက်တာ ရပ်သွားပေမယ့် မင်း အိပ်မော ကျနေတုန်းမှာ ချွေးအများကြီး ထွက်ရှိထားတာကြောင့်
မင်းပါးစပ်တွေ ခြောက်သွေ့နေသလို ခံစားရလိမ့်မယ်”
ရှင်းဟန်လျန့်၏
အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
“အမှန်ပဲ၊
အဲ့တာကလည်း ရောဂါတစ်ခုပဲလား။ ဒါကို ကုသနိုင်မလား... ဒါကို ကုသလို့ ပျောက်ကင်းနိုင်လား”
စုယန်ယန်က
သူ မည်မျှ ထိတ်လန့်ကြောက်ရွံ့နေသည်ကို မြင်လိုက်ရတော့ ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။
“မင်း
အဲ့လောက်ကြီး မကြောက်ပါနဲ့။ မင်းမှာ ပုံမှန်ထက် ချွေးထွက်များတဲ့ ရောဂါသေးသေးလေးပဲ
ရှိတာပါ။ မင်း ခဏလောက် ကြာရင် ပြန်သက်သာ လာလိမ့်မယ်”
ရှင်းဟန်လျန့်ဟာ
စိတ်သက်သာရာ ရသွားခဲ့သည်။
“အဲ့တာ
ကောင်းတယ်၊ အဲ့တာ ကောင်းတယ်”
သူတို့နှစ်ဦးမှလွဲ၍
ဒါဇင်နှင့်ချီသော လူများက ဒါကို မြင်တွေ့ လိုက်ရသောအခါ အံ့အားသင့် သွားကြသည်။ ခဏလောက်ကြာတော့
နာမည် အခေါ်ခံရသော လူနှစ်ဦးသည် စုယန်ယန်ကို မျက်နှာလို မျက်နှာရလုပ်ရန် ထောက်ခံနေသည်ဟု
တွေးထင်လိုက်ကြသည်။
မဟုတ်ရင်၊
သူတို့ အခုမှ ပထမဆုံးအကြိမ် တွေ့ဖူးပြီး တစ်ဖက်လူ၏ မိတ်ဆက် စကားတွေကို နားထောင်ပြီး
ဆယ်မိနစ်တောင် မပြည့်သေးခင် သူတို့၏ ရောဂါဝေဒနာတွေကို သူမ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။
ဒါက
အရမ်း... အံ့သြဖို့ကောင်းတယ်။
စုယန်ယန်က
ဒီလူတွေ ဘယ်လိုတွေးနေလဲ ဆိုတာကို ဂရုမစိုက်ပါပေ။ သူမက ဒီအုပ်စုကို ဦးဆောင်ပြီး မီးဖိုချောင်ထဲသို့
ခေါ်ဆောင်သွားခဲ့သည်။
“ကျွန်မတို့
နာမကျန်းမှုတွေကို အတည်ပြု ပြီးသွားပြီဆိုတော့ နောက်တစ်ဆင့်က သူတို့အတွက် ဆေးဖက်ဝင်
ဟင်းလျာတွေ ပြင်ဆင်ပေးဖို့ပါပဲ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ကျွန်မ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု
မလုပ်ဖြစ်တာ ရက်အတော်ကြာပြီ။ ကျွန်မ အခုပြင်ဆင်တာကို တိုက်ရိုက် ထုတ်လွှင့်လိုက်မယ်”
သိပ်မကြာသေးခင်က
စုယန်ယန်ဟာ အရမ်း အလုပ်များ နေခဲ့သည်။ သူမသည် စားသောက်ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေရုံ
သာမက စုယုရွှမ် သူမကို လွှဲပြောင်း ပေးထားသည့် အင်တာတိန်းမန့် ကုမ္ပဏီကိုလည်း စီမံခန့်ခွဲ
နေရသေးသည်။
သူမသည်
အခုမှ ကုမ္ပဏီကို လွှဲပြောင်း ယူထားတာမို့ သူမမှာ လုပ်စရာတွေ အများကြီး ရှိနေပါသေးသည်။
ရှားကျွင်းရှန့်ရဲ့
အကူအညီသာ မရှိရင် သူမဟာ အလုပ်များလွန်းလို့ အလုပ်ထွက်မိမှာ အမှန်ပဲ။
စုယန်ယန်၏
တိုက်ရိုက် ထုတ်လွှင့်မှု အခန်းတွင် စောင့်ဆိုင်းနေသော ထိပ်ပြောင် ဂိုဏ်းဝင်များသည်
ရုတ်တရက် ပျောက်ဆုံးနေသည့် ပုဂ္ဂိုလ်က ပြန်ပေါ်လာသော အခါဝယ် သူတို့က ဦးဆောင်ကာ သတင်းတွေ
အမြန်ဖြန့်ဝေခဲ့ကြသည်။
ထို့ကြောင့်
စုယန်ယန် တိုက်ရိုက် ထုတ်လွှင့်သည့် အခန်းကို စဖွင့်လိုက်သည်နှင့် “တင်ဆက်သူရေ၊ ကူညီပေးပါဦး”
ဟူသော စာတန်းများကို မျက်နှာပြင်အပြည့် မြင်တွေ့လိုက်ရသည်။ မသိသည့် သူများသာ ဒါကို
မြင်ရင် သူမ အရေးပေါ် ရာဇဝတ်မှု အရေးအခင်းထဲ ရောက်ရှိသွားတာလို့ ထင်သွားကြလိမ့်မည်။
စုယန်ယန်
ပြောစရာ စကား ပျောက်ရှသွားသည်။
***